ဒီပဲယင်းနဲ့ ရေဦးမှာ စစ်ကြောင်းထိုးမီးရှို့နေလို့ ဒေသခံတစ်သောင်းခန့် ထပ်မံထွက်ပြေး
2024.08.24
စစ်ကိုင်းတိုင်း ဒီပဲယင်း-ရေဦးကားလမ်းပေါ်ကရွာတွေကို ဩဂုတ်လ ၂၄ ရက်နေ့မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းတာနဲ့ နေအိမ်တွေကို မီးရှို့တာတွေလုပ်လို့ အနီးတစ်၀ိုက် ရွာတွေက ဒေသခံတစ်သောင်းကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။
ဒီပဲယင်းမြို့ကို ထိန်းချုပ်ထားတဲ့ စစ်ကောင်စီတပ်က စစ်ကြောင်းနဲ့ ရေဦးမြို့ပေါ်က ထွက်လာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်း နှစ်ကြောင်းက ဒီမနက်အစောပိုင်းမှာ ရွာတွေကို စီးနင်းတာကြောင့် ရုတ်တရက် ထွက်ပြေးရတာလို့ ဆိုပါတယ်။
လက်ရှိမှာ ဒီပဲယင်းမြို့ပေါ်ကလာတဲ့ စစ်ကြောင်းက ပျော်ဘွယ်ရွာကို မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"ရေဦးနဲ့ ဒီပဲယင်းကြားမှာရှိတဲ့ ငြုပ်တုံ၊ မုတ်စီ၊ ကုန်းတန်း၊ နှောကုန်း၊ ရွာမိဿာ၊ အောင်သာ၊ မစိုးရိမ်၊ ပျော်ဘွယ်၊ ဇီးကုံး၊ ကြည်ကုံး၊ ခြုံရွာ အဲဒီရွာက ပြည်သူတွေက အကုန်လုံး တိမ်းရှောင်ကြရတယ်။ ရုတ်တရက် ထွက်ပြေးကြရတာပေါ့ ထပြီးတော့၊ ဒီပဲယင်းက စစ်ကြောင်းက ပျော်ဘွယ်ကိုရောက်ပြီးတော့ ပျော်ဘွယ်ရွာကို မီးရှို့တယ်။ ဘယ်နှအိမ် ဘာညာကျွမ်းတယ်ဆိုတာတော့ သူတို့ရှိနေတော့ မသိရသေးဘူးပေါ့"
အဲဒီရွာတွေမှာ စစ်ကြောင်းရှိနေသေးတာကြောင့် မီးရှို့ခံရတဲ့ နေအိမ်အရေအတွက်ကို မသိရသေးသလို နှစ်ဖက် ပစ်ခတ်မှုတချို့လည်း ရှိနေတယ်လို့ ဆိုပါတယ်။
ရေဦးမြို့လာတဲ့ စစ်ကြောင်းကတော့ ဒီနေ့ညနေပိုင်းမှာ မုတ်စီရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်ရောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအပြင် ဒီပဲယင်းမြို့အနီးက ကံပြားရွာက နေအိမ်တွေကိုလည်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ဒီပဲယင်းမြို့ကို လက်မလွှတ်ရရေးအတွက် နေအိမ်တွေကို မီးရှို့တာအပါအဝင် နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းနေတာလို့ People Defense Comrade အဖွဲ့ တာဝန်ခံ ကိုထူးခန့်ဇော်က RFA ကို ပြောပါတယ်။
"ဒီပဲယင်းမြို့ လက်မလွှတ်ရေးအတွက် ပြည်သူပိုင်နေအိမ်တွေကို အကြောင်းမဲ့သက်သက်ပေါ့နော်။ ၁၉ ရက်နေ့ကစပြီးတော့ ရပ်ကွက်တိုင်းလိုလိုပေါ့နော်။ ပြည်သူပိုင်နေအိမ်တွေကို မီးရှို့ဖျက်ဆီးတယ်။ တော်လှန်ရေးအင်အားစုတွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်တဲ့နေရာတွေတို့ဆိုရင် နီးစပ်ရာ ကျေးရွာတွေကိုဝင်ပြီးတော့ ပြည်သူပိုင်နေအိမ်တွေကို အကြောင်းမဲ့သက်သက် ဖျက်ဆီးတာပေါ့နော်။ ဒါကြီးက ကိုယ့်ဘက်က အဖွဲ့အစည်းတွေ အဲဒီကျေးရွာတွေမှာရှိလို့ အဲဒီလိုပုံစံမျိုးမဟုတ်ဘူး"
ဒီပဲယင်းမြို့ပေါ်တိုက်ပွဲတွေကြောင့် အရင်ကတည်းက တိမ်းရှောင်ရသူ စစ်ဘေးဒုက္ခသည်က တစ်သောင်းကျော် ရှိနေပါတယ်။ လက်ရှိမှာ နောက်ထပ် လူတစ်သောင်းကျော် ထပ်မံတိမ်းရှောင်နေရတာကြောင့် စုစုပေါင်း ထွက်ပြေးတိမ်းရှောင်ရသူက နှစ်သောင်းကျော် ရှိသွားပြီလို့ ဒေသခံတွေက ပြောပါတယ်။
ဆက်နွှယ်သောသတင်းများ
ဒီပဲယင်း စစ်ဘေးဒုက္ခသည်တွေ ဗုံးကြဲတိုက်ခိုက်ခံရ
ဒီပဲယင်းတိုက်ပွဲမှာ နိုင်ငံရေးအမှုနဲ့ ဖမ်းဆီးခံထားရသူတွေကို ကယ်ထုတ်နိုင်ခဲ့
ဒီပဲယင်းမြို့ကို ကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်
လက်ရှိမှာ စစ်ဘေးဒုက္ခသည်တွေအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ ဒီပဲယင်းနဲ့ ရေဦးမြို့နယ်အစပ်က စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့ တာဝန်ရှိသူ ကိုကြီးဖြိုးက RFA ကိုပြောပါတယ်။
"ဒီနေ့မနက်မှာကျတော့ ကံပြားက စစ်ရှောင်တွေဆိုရင် ဘာမှမပါဘူးဗျ။ အဝတ်အစားမပါဘူး၊ စောင်မပါဘူး၊ ခြင်ထောင်မပါဘူး၊ ချက်ပြုတ်စားသောက်စရာ အိုးခွက်လည်း မပါဘူး။ ဒီမနက်ခင်းမှာပဲ ထမင်းထုပ်လေးတွေ သွားဝေငှပြီးတော့ သူတို့စားရေးသောက်တာ အဆင်ပြေဖို့အတွက် သွားကူညီပေးရတာရှိတယ်။ ပြီးတော့ စစ်ရှောင်တွေက ၁၆ ရက်နေ့လောက်ကတည်းက စ စစ်ရှောင်ရတာဖြစ်တယ်။ နောက် လတ်တလောအထိလည်း စစ်ရှောင်နေရတာဖြစ်တော့ စစ်ရှောင်တွေကို လက်ခံပြီးကျွေးမွေးတဲ့ဌာနတွေက ချက်ပြုတ်ကျွေးမွေးတဲ့နေရာမှာ တော်တော် အခက်အခဲရှိလာတာ တွေ့ရတယ်ဗျ”
စစ်ဘေးဒုက္ခသည်တွေဟာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးရန်ကိုလည်း စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဩဂုတ်လ ၂၂ ရက် ညကပိုင်းကလည်း ဒီပဲယင်းမြို့နယ်က စစ်ဘေးဒုက္ခသည်တွေနေထိုင်ရာ နဂါးတွင်းရွာ စာသင်ကျောင်းအနီးကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးတစ်လုံးကြဲချခဲ့လို့ အရပ်သားနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးနေသူတွေက ပြောပါတယ်။
"စစ်ရှောင်တွေကို လက်ခံပြီးကျွေးမွေးတဲ့ဌာနတွေက ချက်ပြုတ်ကျွေးမွေးတဲ့နေရာမှာ တော်တော် အခက်အခဲရှိလာတာ တွေ့ရတယ်ဗျ"
စစ်ကောင်စီတပ်က အခုလို စစ်ကြောင်းထိုးနေတာကတော့ ကာကွယ်ရေးတပ်ဖွဲ့တွေ ဒီပဲယင်းမြို့ကို မကပ်နိုင်ဖို့ နီးစပ်တဲ့ရွာတွေကို နယ်မြေရှင်းလင်းနေတာဖြစ်နိုင်တယ်လို့ 96 soldiers PDF အညာတပ်ခွဲရဲ့ စစ်ရေးတာဝန်ခံ ကိုမန်းလေးက ခန့်မှန်းပါတယ်။
"ကျွန်တော့်အထင်တော့ မြို့ကို ပြန်မကပ်နိုင်အောင်လို့ နယ်မြေရှင်းလင်းတဲ့ သဘောဗျ။ သူတို့ ဒီမှာ အခိုင်အမာ ကြီးကြီးမားမား ထပ်ချမယ်လို့ ကျွန်တော် ခန့်မှန်းတယ်ပေါ့ဗျာ။ ဒီပဲယင်းကို သူတို့ လက်မလွှတ်လောက်ဘူးဗျ။ ဥပမာပေးရရင် ပင်လည်ဘူးလိုပဲ ဖြစ်မယ်ထင်တယ်ဗျ။ သူတို့ အခိုင်အမာ ကောင်းကောင်းစွဲပြီးတော့ ဘေးနားတွေကို ပတ်ကွင်းတွေ ကောင်းကောင်းဖော်ပြီးတော့ အရင်ကရှိနေတဲ့ နယ်မြေထက် မြို့ထဲမှာ သူတို့ ခံစစ်ကို အကျယ်ကြီးချဲ့ပြီးတော့ နယ်မြေရှင်းပြီးတော့ သတ်ကွင်းလုံးဝဖော်မယ်လို့ ကျွန်တော်ကတော့ ခန့်မှန်းတာပဲဗျ"
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
ဒီပဲယင်းမြို့ကို ဩဂုတ်လ ၁၈ ရက်နေ့ မနက်အစောပိုင်းမှာ ကာကွယ်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်နိုင်ခဲ့ပေမဲ့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းသုံးတိုက်ခိုက်မှုနဲ့ စစ်အင်အားဖြည့်တင်းလာမှုကြောင့် အဲဒီနေ့ ညနေပိုင်းမှာပဲ ပြန်လည် လက်လွှတ်ခဲ့ရပါတယ်။
မြို့သိမ်းတိုက်ပွဲအတွင်း ရဲစခန်းအချုပ်မှာ နိုင်ငံရေးအမှုနဲ့ ဖမ်းဆီးခံထားရသူ လူနှစ်ဆယ်ခန့်ကို ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ကယ်ထုတ်နိုင်ခဲ့သလို လက်နက်ခဲယမ်းတချို့ကိုပါ သိမ်းဆည်းရမိခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။