တရုတ်နဲ့ စစ်ကောင်စီတပ် ပိတ်ဆို့မှုကြောင့် ကချင်နဲ့ ရှမ်းမြောက်ဒေသခံတွေ ပိုခက်ခဲလာ

RFA Burmese
2024.12.02
တရုတ်နဲ့ စစ်ကောင်စီတပ် ပိတ်ဆို့မှုကြောင့် ကချင်နဲ့ ရှမ်းမြောက်ဒေသခံတွေ ပိုခက်ခဲလာ KIO ဌာနချုပ် လိုင်ဇာမြို့ရှိ တရုတ်နယ်စပ်ဝင်ပေါက်ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၄ ရက်က တွေ့ရစဉ်။
Citizen Photo

တရုတ်ဘက်က နယ်စပ်ဂိတ်တွေ ပိတ်တာ၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာနဲ့ လူသားချင်း စာနာမှုအကူအညီ လျော့နည်းလာတာတွေကြောင့် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နယ်စပ်တစ်လျှောက်မှာ နေထိုင်သူတွေ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာ ၁၉ ရက်နေ့ကစပြီး ကချင်ပြည်နယ်ထဲက တရုတ်-မြန်မာ နယ်စပ်ဂိတ်အားလုံးကို တရုတ်ဘက်က ပိတ်ထားသလို ပြည်မဘက်က ကုန်ပစ္စည်းသယ်ယူရာမှာလည်း လမ်းခရီးတစ်လျှောက် စစ်ကောင်စီတပ်က တင်းကျပ်ထားတာကြောင့် အခက်အခဲဖြစ်နေတယ်လို့ ဆိုပါတယ်။ လက်ရှိမှာ အဓိက ကုန်သွယ်ရေးဂိတ်ကြီးနှစ်ခုဖြစ်တဲ့ ကန်ပိုက်တီ (ကံပိုင်တည်) နဲ့ လွယ်ဂျယ် အပါအဝင် ကချင်ပြည်နယ်က တရုတ်-မြန်မာနယ်စပ်ဂိတ် ၁၁ ခုလုံးကို KIA က သိမ်းပိုက်ထားတာပါ။

“တရုတ်ရဲ့ နယ်စပ်ဂိတ်ထားမှုအပြင် မြစ်ကြီးနား၊ ဗန်းမော်ဘက်ကပါ ပစ္စည်းသယ်မရပါဘူး”

ရှမ်းပြည်နယ်မြောက်ပိုင်းမှာလည်း မူဆယ်နယ်စပ်ဂိတ်ကလွဲပြီး ကျန်တဲ့ဂိတ်တွေကို အခုနှစ် ဇူလိုင်ကစလို့ တရုတ်ဘက်က ပိတ်ထားသလို မူဆယ်ကနေ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ သိမ်းထားတဲ့မြို့တွေဆီ ကုန်ပစ္စည်းသယ်ခွင့်ကိုလည်း စစ်ကောင်စီဘက်က ပိတ်ထားတာပါ။

KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီး ဂျေယန် စစ်ဘေးဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ စစ်ဘေးဒုက္ခသည်တစ်ဦးက တရုတ်ရဲ့ နယ်စပ်ဂိတ်ထားမှုအပြင် မြစ်ကြီးနား၊ ဗန်းမော်ဘက်ကပါ ပစ္စည်းသယ်မရဘူးလို့ RFA ကို ပြောပါတယ်။

“အခုက တရုတ်နယ်စပ် ပိတ်တာပဲမကဘူး။ မြစ်ကြီးနား၊ ဗန်းမော်ဘက်ကလည်း လမ်းရှိရင်လည်း သယ်ယူဖို့ခက်တော့ ကျွန်မတို့ဆီမှာ ကောင်းကောင်း မရောက်တော့ ခက်တာက ကြက်ဥတစ်လုံးတောင် တစ်ထောင်အထိ ရောက်သွားတယ်။ အခုတလောက ပြတ်တောင် ပြတ်သွားတယ်။ တော်တော်လေးတော့ ခက်ခဲနေကြတယ်။ ရှေ့ရေးကို တွေးကြည့်တော့လည်း အမှောင်ကို လက်ညိုးထိုးထားသလို ဖြစ်နေတယ်”

ကြက်ဥတစ်လုံး တစ်ထောင်ကျပ်၊ ဝက်သားတစ်ပိဿာ ငါးသောင်းကျပ်၊ ငါးတစ်ပိဿာ သုံးသောင်းကျပ်၊ ကြက်သားတစ်ပိဿာ လေးသောင်းကျပ်၊ အားလူးတစ်ပိဿာ တစ်သောင်းကျပ်၊ ငရုတ်သီးတစ်ဘူး သုံးထောင်ကျပ်၊ ပဲဆီ တစ်လီတာကျော်ကို နှစ်သောင်းခွဲကျပ်အထိ စျေးရှိနေပြီး စစ်ဘေးဒုက္ခသည်တွေအတွက် ဝယ်စားနိုင်ဖို့တောင် ခက်ခဲနေပြီလို့ ဆိုပါတယ်။

အဲဒီစခန်းကို ထောက်ပံ့နေတဲ့ အဖွဲ့တွေကလည်း အရင်က ဆန်၊ ဆီ၊ ဆားနဲ့ ကုလားပဲတွေ ထောက်ပံ့ခဲ့ပေမဲ့ လက်ရှိ စစ်ဘေးဒုက္ခသည်တစ်ဦးကို ကျပ်သုံးသောင်းခန့်သာ ထောက်ပံ့တော့တယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

“အားလုံးပိတ်ထားတာကြောင့် ပိုပြီးခက်ခဲလာပါတယ်”

ကန်ပိုက်တီ နယ်စပ်ဂိတ်ကိုလည်း KIA နဲ့ ပူးပေါင်းတပ်တွေ နိုဝင်ဘာ ၂၀ ရက်နေ့မှာ သိမ်းလိုက်ပြီးနောက် တရုတ်ဘက်က ပြန်ပိတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါကြောင့် မြစ်ကြီးနားမှာပါ စက်သုံးဆီ ပြတ်လပ်လာပြီး စားသောက်ကုန်တွေ စျေးကြီးလာတာကြောင့် မြစ်ကြီးနားကတစ်ဆင့် သယ်ယူရတဲ့ နယ်စပ်ဘက်မှာ ပိုပြီးစျေးကြီးလာတာလို့ ဆိုပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ စစ်ဘေးဒုက္ခသည်များကို ၂၀၂၁ နိုဝင်ဘာလ ၉ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ စစ်ဘေးဒုက္ခသည်များကို ၂၀၂၁ နိုဝင်ဘာလ ၉ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

တရုတ်ပြည်နယ်စပ် KIA ထိန်းချုပ်ဒေသမှာရှိတဲ့ ရှအစ်ယန် စစ်ဘေးဒုက္ခသည်စခန်းက စစ်ဘေးဒုက္ခသည်တစ်ဦးကလည်း အားလုံးပိတ်ထားတာကြောင့် ပိုပြီးခက်ခဲလာတယ်လို့ RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ ရှိတဲ့နေရာမှာလည်း ပိုက်ဆံ ရှာစားဖို့တော့ နေရာလည်းမရှိဘူး။ ဝေးတဲ့နေရာမှာသွားပြီး ပိုက်ဆံသွားရှာရမယ်။ အဲဒါလည်း အကုန်လုံး ပိတ်ထားတယ်ဆိုတော့ ကျွန်တော်တို့ ဒီမှာပဲရှိတဲ့သူတွေ ဒီမှာပဲ ပိုက်ဆံရှာတာလည်း အဆင်မပြေဘူးပေါ့။ တော်တော်တော့ ခက်သွားပြီ”

ကချင်ပြည်နယ်မှာ ၂၀၁၁ ခုနှစ်က ဖြစ်ခဲ့တဲ့တိုက်ပွဲကြောင့် စစ်ဘေးဒုက္ခသည် စခန်းပေါင်း ၁၆၀ မှာ ဒုက္ခသည် တစ်သိန်းကျော်ရှိခဲ့ပြီး အခု အာဏာသိမ်းပြီးနောက်မှာ စစ်ဘေးဒုက္ခသည် တစ်သိန်းကျော် ထပ်တိုးလာတာကြောင့် နှစ်သိန်းကျော် ရှိနေတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။

ကူညီပေးနေသူတွေရဲ့ စာရင်းအရ ကချင်ပြည်နယ်ထဲက တရုတ်နယ်စပ်တစ်လျှောက်မှာ စစ်ဘေးဒုက္ခသည်စခန်း နှစ်ဆယ်ဝန်းကျင်ရှိပြီး ဒုက္ခသည် လေးသောင်းဝန်းကျင် ရှိပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် မိုးမောက်နဲ့ မံစီမြို့နယ်က စစ်ဘေးဒုက္ခသည် တချို့လည်း မိုင်ဂျာယန်နဲ့ လွယ်ဂျယ်ဘက်ကို စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

လိုင်ဇာမြို့အနီးမှာရှိတဲ့ ဝေကြိုင် စစ်ဘေးဒုက္ခသည်စခန်း ဒုတိယတာဝန်ခံ ဦးဆင်ယောင်ကတော့ နယ်စပ်ဂိတ်တွေ ပိတ်တာကြာလာရင် အခုထက် ပိုပြီးခက်ခဲလာနိုင်တယ်လို့ RFA ကို ပြောပါတယ်။

“တရုတ်ဘက်က ပိတ်ထားလိုက်တော့ ကြက်သွန်ကအစ တစ်ပိဿာကို ကျပ်နှစ်သောင်းကျော် သုံးသောင်းအထိ ဖြစ်နေတယ်။ ကြာလာရင်တော့ အစားအသောက်က တော်တော် ခက်ခဲလာမယ်။ ဆီလည်း ပိုပြီးစျေးတက်လာရင် ပိုခက်ခဲလာမယ်။ ကျွန်တော်တို့ဆီကလည်း မထွက်တော့။ နယ်စပ် မပိတ်လိုက်ရင်တော့ စျေးသက်သာတယ်လေ။ အစားအသောက်တွေလည်း အခုပိတ်လိုက်တော့ တခြားဘက်ကလည်း မဝင်တော့ တော်တော် ခက်ခဲတာပေါ့”

ဒီအခြေအနေတွေအပေါ် အတိအကျသိရဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းနဲ့ KIA သတင်းနဲ့ ပြန်ကြား‌ရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူတို့ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရပါဘူး။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မြန်မာ-တရုတ်နယ်စပ် မူဆယ်နဲ့ နမ့်ခမ်းမြို့ အပါအဝင် တခြားမြို့တွေဆီ စားသောက်ကုန် သယ်ယူခွင့်ကိုလည်း စစ်ကောင်စီဘက်က ပိတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အပြန်အလှန် ပိတ်ဆို့မှုကြောင့် မူဆယ်နဲ့ နမ့်ခမ်းမြို့မှာ ကုန်ပစ္စည်းဈေး နှစ်ဆကျော်အထိ တက်လာပါတယ်”

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ မူဆယ်မြို့ကနေ TNLA ထိန်းချုပ်တဲ့ နမ့်ခမ်းမြို့ဘက် ကုန်ပစ္စည်းသယ်ယူခွင့်ကို နိုဝင်ဘာ ၂၇ ရက်နေ့ကစပြီး ပိတ်ထားတာလို့ နမ့်ခမ်းဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ပန်ခမ်းကနေ ဒီဘက်နမ့်ခမ်းကို ပေးမထွက်တာ။ ဘာမှကိုမရတာ အခုတောင်မှ ဆိုင်ကယ်နဲ့ သူများ စားဖို့ သောက်ဖို့တောင် မပေးဘူး။ မူဆယ်က ဈေးသည်တောင် ဒီဘက်ကို မလာဘူး။ ကုန်ဈေးနှုန်းကလည်း တက်တယ်။ ခရမ်းချဉ်သီးတောင် တစ်ပိဿာကို နှစ်သောင်း ဖြစ်နေပြီ။ မူဆယ်မှာဆိုရင် ခရမ်းချဥ်သီးက တစ်ပိဿာ ရှစ်ထောင်ပဲလေ”

အလားတူ TNLA ကလည်း နမ့်ခမ်းကနေ မူဆယ်ဘက် စက်သုံးဆီနဲ့ စားသောက်ကုန် သယ်ယူခွင့်ကို ဒီဇင်ဘာ ၁ ရက်နေ့ကစပြီး ပိတ်ထားလိုက်ပြီလို့ ဒေသခံတွေက ပြောပါတယ်။


ဆက်နွှယ်သော သတင်းများ

မူဆယ်နဲ့ နမ့်ခမ်းကို စားသောက်ကုန်သယ်ယူခွင့် စစ်ကောင်စီနဲ့ TNLA အပြန်အလှန်ပိတ်ဆို့

ရှမ်းမြောက်ကို စားနပ်ရိက္ခာဖြတ်တောက်ပြီး စစ်အင်အားပိုဖြည့်တင်းနေ

တည်ငြိမ်အေးချမ်းမှ တရုတ်နယ်စပ်ဂိတ်တွေ ပြန်ဖွင့်မယ်လို့ စစ်ကောင်စီပြော


ဒါပေမဲ့ TNLA ပြောခွင့်ရသူ လွေးယေဦးကတော့ သူတို့အနေနဲ့ ကုန်ပစ္စည်းသယ်ယူခွင့် ကန့်သတ်ထားတာမရှိဘဲ လွတ်လပ်စွာ သယ်ယူခွင့်ပေးထားတယ်လို့ ငြင်းဆိုပါတယ်။

မူဆယ်ကနေ စားသောက်ကုန်သယ်ယူခွင့် ပိတ်ထားတယ်ဆိုတဲ့အပေါ် တုံ့ပြန်မှုဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင်း တစ်နေရာအား ၂၀၁၈ ခုနှစ်၊ မေလ ၁၃ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင်း တစ်နေရာအား ၂၀၁၈ ခုနှစ်၊ မေလ ၁၃ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

အခုလို အပြန်အလှန် ပိတ်ဆို့မှုကြောင့် မူဆယ်နဲ့ နမ့်ခမ်းမြို့မှာ ကုန်ပစ္စည်းဈေး နှစ်ဆကျော်အထိ တက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ကုန်စည်လမ်းကြောင်းတွေ ပိတ်နေတာကြောင့် ကုန်သည်တွေနဲ့ ယာဥ်မောင်းတွေပါ အလုပ်အကိုင်မရှိ ဖြစ်နေရတယ်လို့ မူဆယ်မြို့ခံ ကုန်သည်တွေက ပြောပါတယ်။

တရုတ်နိုင်ငံဟာ မြောက်ပိုင်းညီနောင်သုံးဖွဲ့ကို တိုက်ပွဲတွေရပ်ဖို့ ဖိအားပေးတဲ့အနေနဲ့ နယ်စပ်ဂိတ်တွေကနေ ကုန်စည်သယ်ဆောင်ခွင့်ကို ပိတ်ဆို့ထားသလို စစ်ကောင်စီကလည်း ကုန်စည်သယ်ဆောင်ခွင့်ကို ပိတ်ဆို့ထားတာပါ။

ရှမ်းပြည်နယ်မြောက်ပိုင်းက ကိုးကန့်၊ “ဝ” နဲ့ ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေ အပါအဝင် မြို့နယ်ပေါင်း နှစ်ဆယ်မှာ လူဦးရေ နှစ်သန်းနီးပါး နေထိုင်ကြပြီး လက်ရှိ တရုတ်နဲ့ စစ်ကောင်စီတပ်ရဲ့ ပိတ်ဆို့ဒဏ်ကို ဒေသခံတွေအားလုံး ကြုံနေရတာပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။