နိုင်ငံတစ်ဝန်း ဒုက္ခသည် သုံးသိန်းကျော် ထပ်တိုး
2023.11.24
နိုင်ငံတစ်ဝန်းမှာ တိုက်ပွဲတွေ အရှိန်မြင့်တက်လာတာကြောင့် အောက်တိုဘာ ၂၆ ရက်နေ့ကနေ နိုဝင်ဘာ ၂၂ ရက် နေ့အထိ အိုးအိမ်စွန့်ခွာထွက်ပြေးရသူ သုံးသိန်းကျော် (၃၃၅,၀၀၀) ထပ်တိုးလာတယ်လို့ ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) က နိုဝင်ဘာ ၂၃ ရက် မနေ့က ထုတ်ပြန်ပါတယ်။
အထူးသဖြင့် ရှမ်းပြည် မြောက်ပိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်း နဲ့ မန္တလေးတိုင်းတွေမှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဆိုပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအပါအဝင် တော်လှန်ရေးအင်အားစုတွေနဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲတွေ ဟာ နိုင်ငံအနှံ့အပြားမှာ ဆက်လက်ဖြစ်ပွားနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
“နေရေးထိုင်ရေးအတွက် အခက်အခဲတွေ၊ စားဝတ်နေရေး အခက်အခဲတွေ၊ ရွာကိုမပြန်ရတဲ့အချိန်တွင်းမှာ ကြုံရတဲ့ အခက်အခဲတွေ ဒါမျိုးတော့ရှိတာပေါ့"
UN OCHA ရဲ့ အောက်တိုဘာ ၁၇ ရက် ရက်နေ့ ထုတ်ပြန်ချက်မှာ စစ်တပ်အာဏာ သိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်း အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၁ ဒသမ ၇ သန်း နီးပါးရှိနေပြီး အဲဒီမတိုင်ခင် အရေအတွက်နဲ့ ပေါင်းရင် စုစုပေါင်း နှစ်သန်းနီးပါး ရှိလာတယ်လို့ ဖော်ပြခဲ့ပါတယ်။ UN OCHA ရဲ့ မနေ့က ထုတ်ပြန်ချက်မှာတော့ နိုင်ငံတစ်ဝန်း အိုးအိမ်စွန့်ခွာထွက်ပြေးရသူဟာ ထပ်တိုးအရေအတွက်နဲ့ဆို နှစ်သန်းကျော်လာပြီလို့လည်း ဖော်ပြထားပါတယ်။
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်မှာလည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာ ကြောင့် နိုဝင်ဘာလလယ် ကစပြီး အိုးအိမ်စွန့်ခွာထွက်ပြေးရသူ နှစ်သောင်းကျော် ထပ်တိုးလာတယ်လို့ ဆိုပါတယ်။
မကြာသေးခင်က ပေါက်တောမြို့နယ်ကနေ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒုက္ခသည်တစ်ဦးကတော့ သူတို့အနေနဲ့ ဒုက္ခမျိုးစုံကြုံတွေ့နေရတယ်လို့ ပြောပါတယ်။
“နေရေးထိုင်ရေးအတွက် အခက်အခဲတွေ၊ စားဝတ်နေရေး အခက်အခဲတွေ၊ ရွာကိုမပြန်ရတဲ့ အချိန်တွင်း မှာကြုံရတဲ့ အခက်အခဲတွေ ဒါမျိုးတော့ရှိတာပေါ့။ ပြန်ဖို့အချိန်ကလည်း ဘယ်အချိန်မှ ပြန်ရမယ် မပြော တတ်ဘူး။ တိုက်ပွဲမဖြစ်ရင်လည်း အမြဲတမ်းလက်နက်ကြီးတွေပစ်တယ်။ ကျေးရွာတွေကို ပစ်တယ်။ စပါး ရိတ်တဲ့သူတွေကို ပစ်တယ်။ ဘာတစ်ခုမှ သွားလို့မရဘူး။ လုပ်လို့မရဘူး။ အခက်အခဲတွေအများကြီးပေါ့”
လမ်းတွေ ပိတ်ဆို့ထားတာကြောင့် စားနပ်ရိက္ခာတွေလည်းပြတ်တောက်နေတယ်လို့ သူက ပြောပါတယ်။
စစ်ကောင်စီက ရန်ကုန်-စစ်တွေ လမ်းမအပါအဝင် ရခိုင်ပြည်နယ်က ကုန်းလမ်း၊ ရေလမ်းတွေအားလုံးကို ကန့်သတ်ပိတ်ပင်ထားသလို အရပ်သားပြည်သူတွေ ရွှေ့ပြောင်းသွားလာတာနဲ့ လူသားချင်းစာနာမှု အကူအညီတွေ သွားပေးတာတွေကိုလည်း ကန့်သတ်ထားတယ်လို့ UN OCHA ရဲ့ နိုဝင်ဘာ ၁၇ ရက်နေ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီရဲ့ စာရင်းအရ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် ခြောက်သောင်း ခုနစ်ထောင် နီးပါးဟာ ဒုက္ခသည်စခန်းအသီးသီးမှာ ထွက်ပြေးခိုလှုံနေရဆဲဖြစ်ပြီး UN OCHA ရဲ့ ထပ်တိုး ဒုက္ခသည်အရေ အတွက်အရ ရခိုင်ပြည်နယ်မှာ စစ်ဘေးဒုက္ခသည် တစ်သိန်းနီးပါးရှိလာပြီဖြစ်ပါတယ်။
မြောက်ပိုင်း ညီနောင်သုံးဖွဲ့က စစ်ဆင်ရေး ၁၀၂၇ စတင်ခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့က စပြီး ရှမ်းမြောက် ဒေသအတွင်းက နောင်ချို၊ ကျောက်မဲ၊ လားရှိုး၊ သိန္နှီ၊ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်း၊ ကွမ်းလုံ၊ ချင်းရွှေဟော်၊ လောက်ကိုင် စတဲ့ မြို့တွေမှာ စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်း ညီနောင်သုံးဖွဲ့ကြား တိုက်ပွဲတွေနေ့စဉ်လိုလို ပြင်းထန်နေပါတယ်။
တိုက်ပွဲတွေကြောင့် စစ်ရှောင်နေရတဲ့ သိန္နီမြို့က စစ်ဘေးဒုက္ခသည်တစ်ဦးကလည်း နေရေးထိုင်ရေး အခက်အခဲ ဖြစ်နေပြီး ဆေးဝါးလိုအပ်ချက်လည်း ရှိနေတယ်လို့ ပြောပါတယ်။
“ကျွန်မတို့အခုလောလောဆယ်တော့ တဲလေးတွေထိုးပြီးတော့ နေပါတယ်။ မိုးရွာလို့ရှိရင်တော့ ဟိုတစ်နေ့ ကတော့ တဲကလေ ပြဲသွားပြီးတော့ မိုးရေတွေ ကျပြီးတော့ မိုးရေထဲမှာ ငုတ်တုတ်လေးထိုင်ရတာပေါ့နော် တစ်ညလုံး။ နောက်တစ်ခု လူကလေ တအားများတဲ့အခါကျတော့ ကျပ်သပ်ပြီး နေရတဲ့အခါကျတော့လေ တစ်ယောက်က ချောင်းဆိုးရင်၊ နှာစေးရင် တုပ်ကွေးဖြစ်လို့ရှိရင် အကူးမြန်တယ်ပေါ့နော်။ အဲတော့ ကျွန်မတို့ ဆေးဝါးလေး လိုအပ်ပါတယ်”
အမြန်ဆုံးပြန်လည်အေးချမ်းသာယာပြီး ကိုယ့်ရပ်ကိုယ့်ရွာကို ပြန်ချင်တယ်လို့လည်း သူက ပြောပါတယ်။
အောက်တိုဘာလကုန်ပိုင်းကစလို့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ညီနောင်မဟာမိတ် သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့ အတူ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်း အပါအဝင် နေရာအနှံ့အပြားမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး အိုးအိမ်စွန့်ခွာထွက်ပြေးရသူ အရေအတွက်လည်း တဖြည်းဖြည်းမြင့်တက်လာနေပါတယ်။
ညီနောင်မဟာမိတ်သုံးဖွဲ့မှာပါဝင်တဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) ရဲ့ ပြောခွင့်ရသူ လီကျားဝင်းကတော့ ထွက်ပြေး တိမ်းရှောင်ရတဲ့ဒုက္ခသည်တွေကို လက်လှမ်းမီသလောက် ထောက်ပံ့ကူညီနေပြီး လက်လှမ်းမမီတဲ့နေရာတွေ ကို အတတ်နိုင်ဆုံး လမ်းကြောင်းရှာနေတယ်လို့ RFA ကို ပြောပါတယ်။
“ဒီထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒုက္ခသည်တွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ လက်လှမ်းမီသလောက်ပေါ့နော် ကျွန်တော်တို့လှမ်းမီသလောက် ထောက်ပံ့မှုတွေ ပေးနေပါတယ်ဗျ။ တချို့နေရာတွေက စစ်ဆင်ရေးဆက်လက် ဖော်ဆောင်နေဆဲ လက်လှမ်းမမီတဲ့နေရာတွေကိုတော့လည်း ကျွန်တော်တို့ အတတ်နိုင်ဆုံး လမ်းကြောင်းတွေ တော့ ရှာနေပါတယ်”
မြောက်ပိုင်းညီနောင်သုံးဖွဲ့ဟာ စစ်ဆင်ရေးကာလအတွင်း နောင်ချို၊ မူဆယ်၊ လောက်ကိုင် စတဲ့ ပြည်ထောင်စု လမ်းမကြီးကို ဖြတ်တောက်ထိန်းချုပ်ထားသလို စစ်ကောင်စီဘက်ကလည်း စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ ရှမ်းပြည်မြောက်ပိုင်းက မြို့နယ်ရှစ်မြို့နယ်ကို နိုဝင်ဘာလ ၁၅ ရက်ကစလို့ ညမထွက်ရ အမိန့် ထုတ်ပြန်ထား ပါတယ်။
စစ်ဘေးဒုက္ခသည်အရေး ကူညီဆောင်ရွက်ပေးနေသူတစ်ဦးကတော့ ဒီလိုအခြေအနေမှာ အရေးပေါ်အကူအညီ လိုအပ်နေသူတွေကို ထောက်ပံ့ကူညီဖို့အတွက် နှစ်ဖက်လုံးက ခွင့်ပြုပေးစေချင်တယ်လို့ ပြောပါတယ်။
“သူတို့ကလေ စားနပ်ရိက္ခာတွေလည်း ပြတ်ကုန်ပြီ။ ပြီးရင် လုံခြုံမှုလည်း မရှိဘူး။ အဲဒီမှာ မိုင်းထိလူနာတွေလည်း ရှိတယ်။ နေ့တိုင်းနေ့တိုင်း အဲဒီမှာထိနေတယ်။ သေတဲ့လူလည်းရှိတယ်ဆိုတော့ ကျွန်မတို့က စိုးရိမ်တယ်။ ဒါပေမဲ့ ကျွန်မတို့က သွားပြီး ကြိုနိုင်တဲ့အခြေအနေမှာမရှိဘူး။ အဲဒီအပေါ်မှာတော့ ကျွန်မတို့က ဝမ်းနည်းတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်မတို့ကဖြစ်စေချင်တာက ကျွန်မတို့က တစ်ခုခု တင်လိုက်ရင်ပေါ့နော် သူတို့က ခွင့်ပြုပေးစေချင်တယ်"
အထူးသဖြင့် စစ်ကောင်စီဘက်က စစ်ဘေးဒုက္ခသည်အရေး ကူညီဆောင်ရွက်မှုတွေကို ခွင့်ပြုပေးစေချင်တယ်လို့ သူက ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားနေတဲ့ မြို့နယ်တွေမှာ အဓိကသယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေကို မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ နှစ်ဖက်လုံးက ပိတ်ဆို့ထား တယ်လို့ UN OCHA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါကြောင့် လူတွေဘေးကင်းရာနေရာတွေကို ရွှေ့ပြောင်းဖို့အတွက် အကန့်အသတ် ဖြစ်စေရုံသာမက လူသားချင်း စာနာမှုဆိုင်ရာ သွားလာခွင့်ကိုပါ ထိခိုက်စေတယ်လို့ ဆိုပါတယ်။
တိုက်ပွဲတွေကြောင့် နိုင်ငံအနှံ့အပြားမှာ အိုးအိမ်စွန့်ခွာထွက်ပြေးရသူတွေ မြင့်တက်လာတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။