စစ်ကိုင်းမီးလောင်ပြင်က အိုးအိမ်မဲ့ဒုက္ခသည်တွေ မိုးရာသီအတွက် စိုးရိမ်နေ

RFA Burmese
2023.06.06
စစ်ကိုင်းမီးလောင်ပြင်က အိုးအိမ်မဲ့ဒုက္ခသည်တွေ မိုးရာသီအတွက် စိုးရိမ်နေ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်းက မူးကမ်းကြီးရွာမှ မီးလောင်ပျက်စီးသွားသည့် နေအိမ်တချို့အား ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့က တွေ့ရစဉ်။
ဒီပဲယင်းမြို့နယ်-စစ်ရှောင်-ထောက်ပံ့ရေး

အာဏာသိမ်းပြီးနောက် နေအိမ်အများဆုံး မီးရှို့ခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းမှာ နေစရာအိမ်မရှိ တော့တဲ့ ဒေသခံတွေ ဟာ ပြီးခဲ့တဲ့နွေရာသီဒဏ်ကို အပြင်းအထန်ခံစားခဲ့ရပြီးနောက် အခုတစ်ခါ မိုးရာသီကို ကျော်ဖြတ်နိုင်ဖို့ ကြိုးစားနေကြရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ မီးသတ်ဌာနရဲ့ ဇွန်လ ၃ ရက် ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ မေလတစ်လတည်း မှာတင် နိုင်ငံတစ်ဝန်းမှာ အိမ်အလုံးပေါင်း လေးထောင်ကျော် မီးရှို့ခံခဲ့ရပြီး အဲဒီအထဲမှာ စစ်ကိုင်းတိုင်းက အိမ် ၃၀၀၃ (သုံးထောင်ကျော်) ပါဝင်ပါတယ်။

လွတ်လပ်တဲ့သုတေသနအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Data For Myanmar ရဲ့  ၂၀၂၃ ခုနှစ်၊ မတ်လ ၁၉ ရက် ထုတ်ပြန် ချက်အရ  ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ  ၂၈ ရက်အထိ စစ်အာဏာသိမ်း နှစ်နှစ်ကျော်အတွင်း စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့တွေ မီးရှို့ဖျက်ဆီးလို့ နိုင်ငံတစ်ဝန်းက အရပ်သားပြည်သူတွေရဲ့အိမ်  ၆၀,၄၅၉ လုံး ပျက်စီး ဆုံးရှုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

"မီးလောင်ပြင်မှာရှိတဲ့ ပြည်သူတွေကလည်း စစ်ကောင်စီတပ်လာရင် အမြဲတမ်း ပြေးနေရတဲ့အခါကျတော့ ကိုယ့်အိမ်ကိုယ် မပိုင်ဘူးဆိုတဲ့ စိတ်ခံစားချက်က ရှိနေကြတယ်"

အဲဒီအထဲမှာ စစ်ကိုင်းတိုင်းက အိမ်ပေါင်း ၄၇,၇၇၈ လုံးပါလို့ တခြားတိုင်းနဲ့ ပြည်နယ်တွေ ကြားမှာ အများဆုံး ဖြစ်ပါတယ်။

စစ်ကောင်စီတပ် ရွာကိုမီးရှို့ပြီး ပြန်ထွက်သွားတဲ့အချိန်မှာ မီးကျွမ်းနေတဲ့ အပျက်အစီးတွေ ကို ဖယ်ပြီး အဲဒီနေရာမှာပဲ ယာယီတဲထိုး နေထိုင်ကြရတယ်လို့ စစ်ကိုင်းတိုင်း ဒေသခံ တွေက RFA ကို ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာနဲ့ အခု ၂၀၂၃ ခုနှစ် ဧပြီလအတွင်း နှစ်ကြိမ် မီးရှို့ခံခဲ့ရတဲ့ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ အင်းလယ်ကြီးရွာက အမျိုးသမီးတစ်ဦးကတော့ လက်ရှိ သူတို့ရွာရဲ့ အခြေအနေက ထန်းလက်တဲတောင် မဆောက်နိုင်ကြဘူးလို့ RFA ကို ပြောပါတယ်။

ကန့်ဘလူမြို့နယ်၊ အင်းလယ်ကြီးရွာ မီးရှို့ခံထားရသည်အား ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)
ကန့်ဘလူမြို့နယ်၊ အင်းလယ်ကြီးရွာ မီးရှို့ခံထားရသည်အား ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

“ယာယီတဲလေးတွေ၊ ထန်းလက်တဲလေးတွေ ဆောက်နေကြတာ။ တစ်ရွာလုံးတော့ မဆောက်ရသေးဘူး။ လက်နက်ကြီးကြောက်တဲ့ အခါကျတော့ ပြန်မဝင်ရဲဘဲ ဖြစ်နေကြတာ။ ရွာအပြင်ဘက်မှာ နေကြတာ။ တချို့ ကျတော့လည်း ပြန်ဆောက်ဖို့ မတတ်နိုင်ကြတာ ရှိတယ်။ တချို့ကျတော့လည်း ထပ်ပြီး မီးရှို့မှာကြောက်ပြီး မဆောက်ရဲဘူး။ လက်နက်ကြီးက ကန့်ဘလူ ၆၀၀၆ (အထိုင်တပ်) ကနေ အဆက်မပြတ် ပစ်နေတာ။ အဲဒါကို ကြောက်ပြီးတော့လည်း မဆောက်ရဲတာ။ မဆောက်နိုင်တဲ့ သူကျတော့လည်း မီးလောင်တဲ့ သွပ်လေးတွေ မိုးကာပြီးတော့ နေရတာပဲ။ ထန်းရွက်ကလည်း ကိုယ်တွေဆီက ရှားသွားတော့ ဝယ်ရတာ မတတ်နိုင်ဘူး”

အလုပ်အကိုင်ရှားပါးလာတာ၊ ဝင်ငွေနည်းလာတွေကြောင့်လည်း ထန်းလက်တဲထိုးဖို့တောင် အခက်ကြုံနေ တယ်လို့ သူက ပြောပါတယ်။

အိမ်ခြောက်ထောင်ကျော် မီးရှို့ခံခဲ့ရတဲ့ ဒီပဲယင်းမြို့နယ်မှာလည်း ပြန်လည်တည်ထောင် ရေးနဲ့ ပတ်သက်ပြီး ကူညီရေးအဖွဲ့တွေမှာ ငွေမလုံလောက်တာကြောင့် အခက်အခဲ ဖြစ်နေ တယ်လို့ မီးဘေးနဲ့ စစ်ဘေး ဒုက္ခသည် တွေကို တတ်နိုင်သလောက်ကူညီပေးနေတဲ့ ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့ တာဝန်ခံ ကိုဖြိုးက ပြောပါ တယ်။

“ပြန်လည်တည်ဆောက်ရေးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့မှာ ရန်ပုံငွေ လုံလုံလောက် လောက် မရှိဘူး။ ထန်းရွက်တဲဆောက်တာတောင်မှ တစ်အိမ်စာအတွက်ကို နှစ်သိန်း လောက်ကုန်တယ်။ အဲဒီအနေအထားမှာ အိမ်ခြေပေါင်း ခြောက်ထောင်ကို အကူအညီ ပေးနိုင်ဖို့အတွက် ကျွန်တော်တို့မှာရှိတဲ့ ရန်ပုံငွေက နှစ်သိန်းမပြောနဲ့ တစ်အိမ်ကို တစ်သောင်းနှုန်းလောက်ပဲ ကူညီပေးလို့ရတယ်။ တဲတစ်လုံး ပြန်ဆောက်ဖို့ နှစ်သိန်းလောက် ကုန်ကျမှာဆိုတော့ ကျွန်တော်တို့မှာရှိထားတဲ့ငွေနဲ့ဘယ်လိုမှ အဆင်မပြေဘူးဗျ”

ဒီပဲယင်းဒေသခံတွေဟာ လက်ရှိမှာ အိမ်အသစ် ပြန်မဆောက်နိုင်ကြတော့ဘဲ မီးလောင်ပြင်ကို ရှင်းလင်းပြီး ယာယီတဲထိုး နေထိုင်ကြတယ်လို့ သူက ပြောပါတယ်။

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်၊ ဆားထုံးရွာက အမျိုးသမီးတစ်ဦးကတော့ နေစရာ အိမ်မရှိတော့တာ ကြောင့်  မီးလောင်ပြင်က သံတိုသံစတွေ ရောင်းပြီး ထန်းလက်တဲထိုး နေထိုင်ရတယ်လို့ RFA ကို ပြောပါတယ်။

“အခုက သွပ်လေးတွေ ကျန်တာတွေကာပြီး ထန်းလက်တဲထိုးနေရတာပေါ့။ ထန်းလက် ကလည်း ဝယ်ရတာ အခုက ထန်းလက် ၁၀၀ ကို ပိုက်ဆံ နှစ်သောင်းလောက်ပေးရတယ်။ တစ်အိမ်အတွက် ကိုးသောင်းလောက် ကုန်တာပေါ့။ မီးလောင်တော့ သံတိုသံစတွေက ထွက်လာတယ်လေ။ အဲဒါ တစ်သိန်းခွဲ၊ နှစ်သိန်း ရတယ်။ အဲဒါလေးတွေဖြည့်ပြီး တဲထိုးရတော့ပေါ့။ ပူလိုက်တာ လွန်တယ်၊ အခုနေက ရက်စက်တယ်”

ဆားထုံးရွာဟာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလမှာ စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် အိမ် အလုံး ၁၂၀ ကျော် မီးလောင်ပျက်စီးခဲ့တာပါ။

မီးလောင်ပြင်က ဒေသခံတွေဟာ သူတို့ရဲ့ဘဝကို အသစ်ကနေ ပြန်စရတဲ့အခါ လိုအပ်ချက်က ကြီးကြီးမားမား ရှိနေတယ်လို့ စစ်ကိုင်းတိုင်း ဆားလင်းကြီး၊ ယင်းမာပင်၊ ကနီ၊ ပုလဲ စတဲ့မြို့နယ်တွေက မီးဘေးနဲ့ စစ်ဘေး ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ အညာပစ်တိုင်းထောင်လေးများအဖွဲ့ တာဝန်ခံ မဖူးပွင့်ဝေ က ပြောပါတယ်။

“လိုအပ်တာက အများကြီးပဲ။ နေစရာ အိမ်လိုတယ်။ မီးဖိုချောင်သုံးပစ္စည်းတွေလို တယ်။ နောက်ပြီးတော့ ခြင်ထောင်၊ ခေါင်းအုံးကအစ လိုပါတယ်။ အသစ်ကနေစပြီး ပြန်ထူထောင်ကြရတာ။ အရမ်းအခက်အခဲ ဖြစ်ကြ ပါတယ်။ မီးလောင်ပြင်မှာရှိတဲ့ ပြည်သူတွေကလည်း စစ်ကောင်စီတပ်လာရင် အမြဲတမ်း ပြေးနေရတဲ့ အခါကျ တော့ ကိုယ့်အိမ်ကိုယ် မပိုင်ဘူးဆိုတဲ့ စိတ်ခံစားချက်က ရှိနေကြတယ်။ ဒီကာလမှာ နေဖြစ်ရုံ၊ စားဖြစ်ရုံပဲ နေနေကြတဲ့ ပြည်သူတွေက များပါတယ်”

စစ်ကိုင်းတိုင်း၊ ရွှေဘို၊ ရေဦး၊ ဒီပဲယင်း၊ အရာတော်မြို့နယ်တွေက ဒုက္ခသည်တွေကို ထန်းလက်တဲဆောက် လုပ်ပေးနေတဲ့ S&C အဖွဲ့က မီးဘေး၊ စစ်ဘေး၊ ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ တာဝန်ခံ ကိုစိုးမိုးအောင် ကတော့ စစ်ဘေးဒုက္ခသည်တွေ ကိုယ်တိုင် ပြန်ထူထောင်ဖို့ မလွယ်တော့တဲ့အတွက် အမျိုးသားညီညွတ်ရေး အစိုးရ NUG ကနေ စနစ်တကျ ကူညီပေးဖို့ လိုအပ်တယ်လို့  ပြောပါတယ်။

ကန့်ဘလူမြို့နယ်အတွင်းက မီးရှို့ဖျက်ဆီးခဲ့ရသည့် နေအိမ်များကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က တွေ့ရစဉ်။ (ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့)
ကန့်ဘလူမြို့နယ်အတွင်းက မီးရှို့ဖျက်ဆီးခဲ့ရသည့် နေအိမ်များကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က တွေ့ရစဉ်။ (ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့)

“လယ်ယာမြေတွေလည်း တချို့က လုပ်စားလို့မရတော့တဲ့ အနေအထား ရှိတယ်ဗျ။ လုပ်ငန်းတွေ ရှားပါးသွား တာပေါ့နော်။ လယ်ထဲလည်း ဆင်းမရတော့ဘူး။ အဖွဲ့အစည်း တွေ၊ NUG လူသားချင်းစာနာတို့ အဲလိုတွေကနေပဲ ထူထောင်ပေးလို့ ရမှာဗျ။ ဘာလို့လဲ ဆိုတော့ သူတို့နယ်မှာ သူတို့ကိုယ်တိုင် ပြန်လည်ထူထောင်ဖို့ဆိုတာ မလွယ်တော့ဘူး။ ဘာမှလည်း လုပ်ကိုင်စားလို့က မရတော့ဘူးလေ။ အကုန်လုံးက ပျက်စီးသွားပြီ။ သူတို့ ကိုယ်တိုင်တောင်မှ တစ်ရက်စာ တစ်ရက် ရုန်းကန်နေကြရတာဆိုတော့ ကျွန်တော်တို့လို အဖွဲ့တွေကပဲ ကူညီပေးမှ အဆင်ပြေမှာပါ”

S&C အနေနဲ့ ပြည်သူတွေဆီကရတဲ့ ထောက်ပံ့ငွေနဲ့ပဲ လိုအပ်နေတဲ့ ရွာပေါင်း ၃၈ ရွာက အိမ်အလုံး ရ၅၀ နီးပါးကို ပြန်လည်ထူထောင်ရေးအတွက် ကူညီထားတယ်လို့ သူက ပြောပါတယ်။

နေအိမ်ဆုံးရှုံးရုံမက ဘေးလွတ်ရာမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည်တွေ ကို အထိရောက်ဆုံး ကူညီပေးဖို့ ကြိုးစားနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး က ပြောပါတယ်။

“ပြည်သူတွေဟာ မိမိတို့ကျေးရွာကို စွန့်ပြီး တောထဲတောင်ထဲမှာ ခက်ခက်ခဲခဲ ရှောင်တိမ်းနေကြရတဲ့ အတွက် ကြောင့် ဒီပြည်သူတွေကို အထိရောက်ဆုံး ကူညီပေး နိုင်ဖို့ ကြိုးစားနေပါတယ်။ အရေးပေါ် လိုအပ်ချက်အတွက်ကို ပြည်သူ့အစိုးရ NUG အနေနဲ့ ကျွန်တော်တို့ ဝန်ကြီးဌာနအနေနဲ့ နှစ်နှစ်တာ အတွင်းဆောင်ရွက်ခဲ့တာ မြန်မာ ငွေကျပ် ခုနစ်ဘီလီယံဖိုး အကူအညီတွေပေးနိုင်ခဲ့ပါတယ်။ ဒါဟာ လုံလောက်လား ဆိုတော့ မလုံလောက်သေးပါဘူး”

မီးရှို့ဖျက်ဆီးခံရတဲ့ အိမ်တွေ ပြန်လည်ထူထောင်ရေးနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။ သူတို့တပ်ဖွဲ့တွေဟာ ဒေသခံတွေရဲ့အိမ်တွေကို ဘယ်တုန်းကမှ မီးရှို့ဖျက်ဆီးတာမျိုး မလုပ်ဘူးလို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်း က ၂၀၂၂ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ RFA ကို ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့မေလက မီးရှို့ဖျက်ဆီးခံရတဲ့ စစ်ကိုင်းတိုင်းထဲက ရွာတချို့ရဲ့ မီးလောင်ပြင်မှာတော့ “အေးအေးဆေးဆေးမနေဘဲ PDF တွေကို ထောက်ခံအားပေးတဲ့ ရွာတွေကို မီးရှို့ဖျက်ဆီး တာ” ဆိုတဲ့ စစ်ကောင်စီ တပ်သားတွေကိုယ်တိုင် လက်ရေးနဲ့ရေးထားတဲ့ စာတချို့ကို မြင်တွေ့ခဲ့ရပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ မေလ  ၆ ရက် နောက်ဆုံး ထုတ်ပြန်ချက်အရ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ခုနစ်သိန်းခွဲ နီးပါးရှိနေပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။