ဘာသာရေးအမုန်းမပွားဖို့ ငြိမ်းချမ်းရေး လှုပ်ရှားသူတွေတိုက်တွန်း
2023.10.25
အပြည်ပြည်ဆိုင်ရာ ဘာသာရေး လွတ်လပ်ခွင့်နေ့ အထိမ်းအမှတ်အနေနဲ့ အောက်တိုဘာ ၁၇ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ လေးစားသမှု ဒို့ရှေးရှု၊ အသံစုံပါမှုဂရုပြု၊ လွတ်လပ်စွာယုံကြည်ကိုးကွယ်မှု ဆိုတဲ့ ခေါင်းစဉ်နဲ့ သက်ဆိုင်ရာ ယုံကြည်ကိုးကွယ်မှုအလိုက် ငြိမ်းချမ်းမှုနဲ့ တရားမျှတမှုကို တောင်းဆိုတဲ့ ဆုတောင်းပွဲတွေ ဟောပြောဆွေးနွေးပွဲတွေကို ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး လူမှုအဖွဲ့အစည်းတွေက ဦးဆောင် ပြုလုပ်နေပါတယ်။
ဒါ့အပြင် အွန်လိုင်းကနေတဆင့် လွတ်လပ်စွာယုံကြည်ကိုးကွယ်မှုနဲ့ပတ်သက်တဲ့ မှတ်တမ်းရုပ်ရှင်တွေ၊ ဗီဒီယို၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကဗျာ စတာတွေကို ဖော်ပြပေးနေပြီး လွတ်လပ်စွာယုံကြည်ကိုးကွယ်မှု ကျူးလွန်ဖောက်ဖျက်မှု မှတ်တမ်းတွေကိုလည်း အဲဒီအဖွဲ့တွေက မျှဝေပေးနေပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်တွေက မတူကွဲပြားမှုကိုအခြေခံတဲ့ ပဋိပက္ခတွေ ဖြစ်ပေါ်အောင်၊ ဘာသာရေးကိုအခြေခံပြီး အမုန်းတရားပြန့်ပွားအောင် ဆောင်ရွက်နေတာတွေကို ရပ်တန့်သွားအောင်လုပ်ဆောင်ဖို့လိုတယ်လို့ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး လှုပ်ရှားနေသူတွေက ဆိုပါတယ်။
လူနည်းစုဘာသာဝင်တွေအပေါ် ဖိနှိပ်မှုတွေပြုလုပ်နေတာကို ရပ်တန့်သွားအောင် ပြည်သူတွေရဲ့အားနဲ့ ဖိအားပေးနိုင်ဖို့အတွက် အခုလို လုပ်ဆောင်နေတာဖြစ်တယ်လို့ ဒီလှုပ်ရှားမှုကို ပါဝင်လုပ်ဆောင်နေတဲ့ Burma Civil War Museum အဖွဲ့က သုတေသနပညာရှင် ကိုရဲဟိန်းအောင်က ဆိုပါတယ်။
“ကျွန်တော်တို့ စစ်အာဏာရှင်အုပ်စုဘက်ကတော့ ဗုဒ္ဓဘာသာဆိုတဲ့ဟာနဲ့ အမျိုးသားအစွန်းရောက် အပါအဝင်ပေါ့နော် တခြားတခြားသော ဘာသာရေးလူမျိုးရေးဆန်တဲ့ကိစ္စတွေကို တောက်လျှောက်ကျင့်သုံးနေတာကို တွေ့ရတယ်။ လူ့အဖွဲ့အစည်းကိုဖိနှိပ်ဖို့အတွက်။ ကျွန်တော်တို့ တော်လှန်ရေးအုပ်စုတွေမှာ ကျွန်တော်ကတော့ ပြည်သူလူထုကို ယုံကြည်တဲ့သူတစ်ယောက်ဖြစ်တယ်။ ပြည်သူလူထုကြားမှာ လူ့အခွင့်အရေးအပါအဝင် လူ့ဂုဏ်သိက္ခာနဲ့ပတ်သက်တာ၊ လူသားဆန်မှုနဲ့ပတ်သက်တာ လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်နဲ့ပတ်သက်တဲ့ အသိအမြင်သဘောတရားတွေ ပိုမိုပျံ့နှံ့လာမယ်ဆိုရင် လူထုရဲ့ဖိအားကတဆင့် ကျွန်တော်တို့ ဒီမိုကရေစီကို အခြေပြုထားတဲ့ အစိုးရ နိုင်ငံရေးဆိုင်ရာ အသိုင်းအဝိုင်းကို ဆက်လက်ဖိအားပေးမယ်ဆိုရင် ပြည်သူကနေစပြီးတော့ပေါ့။ ဒါဆိုရင် ကျွန်တော်တို့တိုင်းပြည်မှာ လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့် တခြားသောလူ့အခွင့်အရေးတွေပါ ပိုမိုထွန်းကားလာလိမ့်မယ်လို့ သုံးသပ်ပါတယ်။”
လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် (၁၈) မှာ လူတိုင်းတွင် လွတ်လပ်စွာတွေးခေါ်ကြံဆနိုင်ခွင့်၊ လွတ်လပ်စွာခံယူရပ်တည်ခွင့်နဲ့ လွတ်လပ်စွာသက်ဝင်ကိုးကွယ်ခွင့်ရှိသည်လို့ ဖော်ပြထားပါတယ်။
အမေရိကန်အစိုးရက မြန်မာနိုင်ငံအပါအဝင် နိုင်ငံ ၁၂ နိုင်ငံကို ဘာသာရေးလွတ်လပ်ခွင့် အခြေအနေ အထူးစိုးရိမ်ပူပန်ရတဲ့နိုင်ငံတွေ Country of Particular Concern (CPC) အဖြစ် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှာ သတ်မှတ်ခဲ့ပါတယ်။
စစ်အစိုးရအနေနဲ့ ဗုဒ္ဓဘာသာအစွန်းရောက်အဖွဲ့တွေနဲ့ တခြားဘာသာဝင်တွေအပေါ် ဖိနှိပ်မှုတွေရှိနေတယ်လို့ဆိုပါတယ်။
အမျိုး၊ ဘာသာ၊ သာသနာ ဝါဒမှိုင်းတွေနဲ့ ပြည်သူတွေအကြား သွေးထိုးလှုံ့ဆော်နေတာ၊ ဆွေးနွေးပြောဆိုနေတာတွေကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတယ်လို့လည်း ပြောပါတယ်။
ဘာသာတရားတိုင်းဟာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေးကိုလိုလားတဲ့အတွက် ပဋိပက္ခတွေဖြစ်ပေါ်အောင်လုပ်ဆောင်နေတဲ့ စစ်အာဏာရှင်ကသာ ဘုံရန်သူဖြစ်တယ်ဆိုတာကို သိထားကြဖို့လိုအပ်တယ်လို့ ဆရာတော်မင်းသုည (ဗုဒ္ဓတက္ကသိုလ်) က မိန့်ကြားပါတယ်။
“ဘာသာတိုင်းက ငြိမ်းချမ်းဖို့အတွက်ပဲ ပေါ်ပေါက်လာကြတာပဲ။ ဘာသာတရားရဲ့ အစစ်အမှန်သည် ငြိမ်းချမ်းဖို့ပဲ။ ဘာသာတရားမှာ မည်သူ့ကိုမှ တိုက်ခိုက်ဖို့ သင်ထားတာမရှိဘူး။ အတူတကွ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ရှင်သန်ကြဖို့ကို ဘာသာရဲ့အဓိက ဒီအတိုင်းပဲ သွန်သင်ညွှန်ပြတာ။ စစ်အာဏာရှင်ရဲ့ အသုံးချခံဖြစ်သွားတဲ့အခါမှာ မဘသတွေဟာ တခြားဘာသာမုန်းတီးရေးကနေပြီးတော့ အစွန်းရောက်သွားတာ မြင်တွေ့ရတဲ့အခါမှာ ဦးဇင်းတို့အနေနဲ့ အင်မတန်ဝမ်းနည်းရပါတယ်။ ဘုံရန်သူစစ်စစ်ကို ဘုံရန်သူစစ်စစ်လိုခွဲထုတ်ပြီး မြင်ကြပါ။ ကိုယ့်အချင်းချင်းကြားထဲမှာတော့ ဘာသာတိုင်းက ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နေကြတယ်။ အဲဒီအဆုံးအမတွေအတိုင်း ငါတို့က ငြိမ်းချမ်းတဲ့နည်းတွေနဲ့ နေကြရမယ်။ စစ်အာဏာရှင်က ရန်သူအသွင်နဲ့ လှည့်ပေးထားတဲ့ တစ်ခုနဲ့တစ်ခုကြား ပဋိပက္ခဖြစ်နေမှုဟာ ဘုံရန်သူစစ်အာဏာရှင်ကြောင့် ဖြစ်ရတာလို့ အားလုံးက မြင်ကြဖို့ လိုတယ်။”
အာဏာသိမ်းပြီး နှစ်နှစ်ခွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တဲ့အပြင် မီးရှို့လို့ ပျက်စီးတဲ့အထဲမှာ ဘာသာရေး အဆောက်အအုံ နှစ်ရာနီးပါးရှိပြီလို့ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
ဖျက်ဆီးခံရတဲ့အထဲမှာ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွေ၊ ခရစ်ယာန်ဘုရားကျောင်းတွေနဲ့ ဗလီတွေ ပါဝင်ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေအနေနဲ့ တိုင်းရင်းသားဒေသတွေက ဘာသာရေးအဆောက်အအုံတွေကို ပစ်မှတ်ထားပြီး ဗုံးကျဲတိုက်ခိုက်မှုတွေကို အဓိကထား ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
ချင်းပြည်နယ်အတွင်း ခရစ်ယာန်ဘုရားကျောင်းနဲ့ ဘာသာရေးအဆောက်အဦတွေအပေါ် လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှု၊ မီးရှို့ဖျက်ဆီးမှုအပါအဝင် အကြိမ် ၁၀၀ ကျော်ရှိပြီး ချင်းခရစ်ယာန်ဘာသာရေးခေါင်းဆောင် ဆရာတော် ငါးပါးနဲ့ သင်းထောက် လူကြီး သုံးဦးကို သတ်ဖြတ်ကာ ဓမ္မအမှုတော်ဆောင် ဆရာတော် တစ်ပါးကို ပုဒ်မ ၅၀၅(က)၊ ပုဒ်မ ၄၉(က) တို့နဲ့တရားစွဲပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၂၃)နှစ် ချမှတ်ခဲ့တယ်လို့ ချင်းရေးရာအဖွဲ့ချုပ်က အခုနှစ် အောက်တိုဘာလအထိ ထုတ်ပြန်ထားတဲ့စာရင်းတွေအရ သိရပါတယ်။
စစ်ကောင်စီက အမုန်းတရားပြန့်ပွားအောင်လုပ်နေကြောင်းပြောဆိုချက်နဲ့ ဘာသာရေးအဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်ကြောင်းပြောဆိုချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေကြားခြင်းမရှိပါဘူး။
ဘာသာရေးခေါင်းဆောင်တွေအနေနဲ့ ဘာသာတရားနဲ့အညီ ကျင့်ကြံ့နေထိုင်ဖို့ ပိုမိုလိုအပ်ပါတယ်၊ စစ်အာဏာရှင်တွေက မတူညီတဲ့ ဘာသာတရား ကိုးကွယ်ယုံကြည်မှုတွေကြား သွေးခွဲဖို့ ကြိုးစားနေတယ်လို့ လူ့အခွင့်အရေးလှုပ်ရှားမှုတွေဆောင်ရွက်နေတဲ့ Burma Human Rights Network (BHRN) အဖွဲ့ဝင် ဦးစိုးနေဦး က သုံးသပ်ပါတယ်။
“ပဋိပက္ခတွေ မတည်ငြိမ်မှုတွေက အာဏာရှင်ကို အသက်ဆက်ဖို့အတွက် အခွင့်အလမ်းတွေ ဖြစ်တယ်။ ကျွန်တော်တို့ နားလည်မှုရှိနေသရွေ့ တစ်ဘာသာနဲ့တစ်ဘာသာ တန်ဖိုးထားနေသရွေ့ တစ်ဘာသာနဲ့တစ်ဘာသာ စည်းလုံးညီညွတ်နေသရွေ့ အာဏာရှင်ရဲ့ ထောင်ချောက်ထဲကို မဝင်တောဘူးပေါ့ဗျာ။ ကျွန်တော်တို့ အချင်းချင်းတန်ဖိုးထား လေးစားပြီးတော့ အချင်းချင်း နားလည်မှုတည်ဆောက်ပြီးတော့ မိမိတို့ရဲ့ သက်ဆိုင်ရာ ဘာသာတရားတွေရဲ့ လမ်းညွှန်မှု အစစ်အမှန်ပေ့ါ။ စစ်အာဏာရှင်မွေးထားတဲ့ ဘာသာရေးခေါင်းဆောင်တွေပြောတဲ့ စကားတွေမဟုတ်ဘဲ ကျွန်တော်တို့ရဲ့ သက်ဆိုင်ရာ ဘာသာရေးတွေကနေ လမ်းညွှန်ထားတဲ့ ကျမ်းချက်တွေနဲ့အညီ ကျွန်တော်တို့ နေမယ်ဆိုရင် အာဏာရှင်တွေရဲ့ သွေးခွဲသပ်လျှိုမှုတွေဘယ်လိုမှ ကျွန်တော်တို့ကြားထဲမှာ ဝင်လာလို့ ရမှာမဟုတ်ဘူးပေါ့နော်။ အဲ့လိုတော့ ကျွန်တော်မြင်ပါတယ်။”
လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်မပေးဘဲ အာဏာရှင်စနစ် ဆက်လက်တည်မြဲရေးအတွက် စစ်ကောင်စီက ဖန်တီးလုပ်ဆောင်နေတာတွေကို ရပ်တန့်နိုင်ဖို့အတွက် အပြည်ပြည်ဆိုင်ရာ ဘာသာရေး လွတ်လပ်ခွင့်နေ့လှုပ်ရှားမှုတွေကို ပြည်သူ့လှုပ်ရှားမှုအဖြစ် ထိထိရောက်ရောက်ဆောင်ရွက်နိုင်ဖို့ လိုအပ်တယ်လို့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားဆောင်ရွက်သူတွေက သုံးသပ်ကြပါတယ်။