ပြည်တွင်းစစ်ကြောင့် ရန်ကုန်မှာ အိမ်ငှားခတွေတက်ပြီး အခန်းရှားလာ

RFA Burmese
2024.10.14
ပြည်တွင်းစစ်ကြောင့် ရန်ကုန်မှာ အိမ်ငှားခတွေတက်ပြီး အခန်းရှားလာ ရန်ကုန်တိုင်း၊ ပန်းဘဲတန်းမြို့နယ် လူနေတိုက်ခန်းများအား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့က တွေ့ရစဥ်။
Photo: RFA

ရန်ကုန်မြို့မှာ လူနေ တိုက်ခန်းငှားခတွေ၊ အိမ်၊ ခြံ၊ မြေ စျေးတွေ အဆမတန်တက်ပြီး ငှားမဲ့အိမ်ခန်းတွေ ရှားပါးလာနေပါတယ်။

ငွေပေးနိုင်ရင်တောင် အခန်းရှာမရတဲ့ အခက်အခဲတွေ ဖြစ်နေတယ်လို့ ရန်ကုန်မြို့က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်တစ်ဦးက RFA ကို ပြောပါတယ်။

“၂၀၂၃၊ ၂၄ အတွင်းမှာ တောက်လျှောက်တက်တာ။ တအိအိတက်တာ သူက။ နဂိုတုန်းက သုံးသိန်းကနေပြီးတော့ အိမ်ငှားခတွေက စျေးတက်တော့ ငါးသိန်းလောက် ဖြစ်တယ်။ ငါးသိန်းလောက် ဖြစ်တယ်ဆိုလို့ရှိရင် သူတို့က အဲဒီမြို့ထဲမှာ မနေနိုင်တော့ မြို့စွန်ကို ပြောင်းကြတယ်။ သုံးသိန်းကနေ ငါးသိန်း ဖြစ်တဲ့အခါမျိုးတွေကျတော့ တချို့နေရာတွေ ကျလို့ရှိရင် မတန်ဘူး”

“ဒီလိုဖြစ်နေတဲ့ကာလမှာ တချို့ပွဲစားတွေက အရင်ကထက် စျေးပိုတောင်းတာတွေ ရှိလာပါတယ်”

အခန်းငှားခတွေ တက်သလို၊ လုံးချင်းအိမ်ငှားခတွေလည်း ထိုးတက်သွားတယ်လို့ ရခိုင်ပြည်နယ်ကနေ စစ်ဘေးရှောင်ဖို့ ရန်ကုန်မှာရောက်နေတဲ့ သံတွဲသူတစ်ဦးက ပြောပါတယ်။

“ခြောက်လ ပြည့်သွားပြီ။ ကျွန်မတို့ ရှောင်လာတဲ့အချိန်ကလေ။ အခုကျတော့ ငါးသောင်း တက်သွားတယ်လေ။ သုံးသိန်းခွဲ။ ကျွန်မတို့က လေးလွှာဆိုတော့လေ။ ညီမတွေဆိုရင် သုံးသိန်းကနေ ငါးသိန်း ဖြစ်သွားတယ်။ လုံးချင်းလေ”

ရန်ကုန်နဲ့ ဧရာဝတီတိုင်းကလွဲလို့ ကျန်တဲ့တိုင်း ငါးခုနဲ့ ပြည်နယ် ခုနစ်ခုမှာ စစ်ဖြစ်နေတဲ့အတွက် ရန်ကုန်ဟာ စစ်ဘေးကနေ တိမ်းရှောင်လာတဲ့သူတွေနဲ့ ပြည့်လာပြီး အိမ်ခန်းတွေ ရှား၊ ငှားခတွေ စျေးတက်လာတာလို့ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်တွေက ပြောပါတယ်။

ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ်တစ်နေရာကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့က တွေ့ရစဥ်။
ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ်တစ်နေရာကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့က တွေ့ရစဥ်။

ဒီလိုဖြစ်နေတဲ့ကာလမှာ တချို့ပွဲစားတွေက အရင်ကထက် စျေးပိုတောင်းတာတွေ ရှိလာတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့ခံတစ်ဦးက ပြောပါတယ်။

“စစ်ဘေးရှောင်ရော၊ ရေဘေးဒုက္ခသည်တွေရော၊ ဘာရောရှိတဲ့အတွက်လေ၊ တိုက်ခန်းစျေးနှုန်းတွေက ပိုပြီးတော့ တက်လာတာပေါ့။ တဖြည်းဖြည်းနဲ့လေ။ ပွဲစားတွေကလည်း ဘယ်လိုပြောမလဲ၊ အခွင့်ကောင်း ယူလာကြတာပေါ့နော်”

အိမ်ငှားခတွေ တက်သလို အိမ်အရောင်းအဝယ်စျေးတွေလည်း တက်နေပါတယ်။ ရန်ကုန်မြို့ ဒဂုံမြို့သစ်မှာ စစ်တပ်အာဏာမသိမ်းခင်က ဆယ်ပေအကျယ် အိမ်တစ်လုံးကို ငွေကျပ် သိန်းတစ်ရာကျော်ပဲ ပေါက်စျေးရှိခဲ့ပေမဲ့ သုံးနှစ်ကျော်အတွင်း ငါးဆခန့် စျေးတက်သွားတယ်လို့ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်တွေက ပြောပါတယ်။

စမ်းချောင်းနဲ့ ကမာရွတ်မြို့နယ်မှာလည်း အရင်က ငွေကျပ် သိန်းခြောက်ရာခန့် ပေါက်စျေးရှိတဲ့ တိုက်ခန်းတွေဟာ အခုတစ်နှစ်အတွင်း သိန်းတစ်ထောင်ကျော်အထိ ဖြစ်သွားသလို တိုက်ခန်းငှားခလည်း သုံးသိန်းကနေ ခြောက်သိန်းအထိ မြင့်တက်သွားတယ်လို့ အမည်မဖော်လိုတဲ့ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်တစ်ဦးက ပြောပါတယ်။

အခုဆိုရင် ရန်ကုန်မြို့ လူဦးရေဟာ စစ်တပ်အာဏာမသိမ်းခင်ကထက် သုံးဆခန့် ပိုများနေပြီလို့ ပြောပါတယ်။

“မြန်မာနိုင်ငံမှာ လူဦးရေ သန်းငါးဆယ်ရှိတယ်ဆိုရင် အရင်တုန်းက ဆယ်ရာခိုင်နှုန်း ငါးသန်းက ရန်ကုန်မြို့မှာ ရှိတာ။ အခုကတော့ ကျွန်တော်တို့တွက်တာ ၁၅ ရာခိုင်နှုန်းကနေ ၁၈ ရာခိုင်နှုန်းလောက် ရန်ကုန်မြို့မှာ ရောက်သွားပြီ။ နေရာမရတာနဲ့ ပြည့်ကျပ်ပြီးတော့ နေနေရတာနဲ့။ တချို့ဆို အဆောင်လိုမျိုးတောင်မှ လူသုံးဆယ်လောက် နေနေရတာမျိုး ဘဝတွေ ဖြစ်ကုန်တာပေါ့ဗျာ”

ရန်ကုန်မြို့မှာနေတဲ့သူ ငါးသန်းကျော် ရှိတယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ ၂၀၁၄ ခုနှစ် ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။


ဆက်နွှယ်သောသတင်းများ

ရန်ကုန်မှာ ကျောတစ်ခင်းစာနေရဖို့အတွက် ဘာကြောင့် ပိုခက်လာသလဲ

စစ်ဘေးဒုက္ခသည်တွေကို ကူညီဖို့ ရန်ကုန်အခြေစိုက်အဖွဲ့တွေ မေတ္တာရပ်ခံ

နိုင်ငံတစ်ဝန်း တိုက်ပွဲတွေကြောင့် မြို့ကြီးတွေကို ဦးတည်ထွက်ပြေးမှု များလာ


ရန်ကုန်တိုင်းကို ရွှေ့ပြောင်းနေထိုင်တဲ့သူ များလာတဲ့အတွက် အိမ်ရာစီမံကိန်းတွေ ပိုပြီးတိုးချဲ့ဖို့ အစီအစဥ်ရှိတယ်လို့ စစ်ကောင်စီရဲ့ ရန်ကုန်တိုင်းပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးဌေးအောင်က အောက်တိုဘာ ၈ ရက်နေ့က ပြောပါတယ်။

“Plan (အစီအစဥ်) တွေကတော့ ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရမှာလည်း ရှိပါတယ်။ ကျွန်တော်တို့က လူတွေဟာ Develop (တိုးတက်ပြောင်းလဲလာတာ) ပဲ။ ဒီလိုပဲလေ။ Rural (ကျေးလက်ဒေသ) နဲ့ Urban (မြို့ပြ) နဲ့ ဒီလို ဖြစ်နေကြတာ။ မြို့ပြကတော့ ဖွံ့ဖြိုးတိုးတက်လာတာ ဖြစ်တဲ့အတွက် မြို့ပြ ဖွံ့ဖြိုးတိုးတက်တဲ့အပေါ်မှာ ဘယ်လိုဆောင်ရွက်ကြမလဲဆိုတာ Plan (အစီအစဥ်) တွေကတော့ အကုန်ရှိတာပေါ့”

လက်ရှိ ရန်ကုန်မြို့မှာ တိုက်ခန်းအရေအတွက် သုံးသိန်းကျော်ပဲ ရှိတယ်လို့ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေနဲ့ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်တွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။