အလုပ်ပြန်ဝင်တဲ့ CDM ပညာရေးဝန်ထမ်းတွေ စောင့်ကြည့်ခံနေရ
နိုင်ငံတစ်ဝန်းက အာဏာဖီဆန်ရေး (CDM) လှုပ်ရှားမှုမှာ ပါဝင်နေကြတဲ့ ကျောင်းဆရာ၊ ဆရာမတွေကို မူလတာဝန် ပြန်လည်ထမ်းဆောင်ဖို့ ဖိတ်ခေါ်ခဲ့ပြီးနောက် ဆရာ၊ ဆရာမ ၃၁၅၆ ဦး ဆက်သွယ်လာတယ်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇွန် ၁၆ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။ အဲဒီအထဲမှာ အထက်တန်းပြ ၃၇၉ ဦး၊ အလယ်တန်းပြ ၁၀၀၅ ဦးနဲ့ မူလတန်းပြ ၇၇၂ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ မူလတာဝန် ပြန်ထမ်းဆောင်သူတွေအနေနဲ့ မယုံကြည်မှုတွေနဲ့ စောင့်ကြည့် ခံရတာတွေ ကြုံနေရတယ်လို့ အလုပ်ပြန်ဝင်လာတဲ့ ရန်ကုန်မြို့က အထက်တန်းပြဆရာမ ဒေါ်ချိုချိုက RFA ကို ပြောပါတယ်။
"စားဝတ်နေရေးကြောင့် အလုပ်ကို ပြန်ဝင်လုပ်နေရပေမယ့် စစ်ကောင်စီဘက်က ကျမတို့ ဆရာ၊ ဆရာမတွေ အချင်းချင်းကို ပြန်ပြီးတော့ စောင့်ကြည့်ခိုင်းတဲ့ သဘော တွေကို တွေ့နေရတယ်၊ အဲဒါကို ကျမတို့ကို မယုံကြည်တဲ့ သဘောလို့ ယူဆတယ်။ လစာကိုလည်း အခုထိ မရသေးပါဘူး။ ကျမတို့က CDM လုပ်နေပေမယ့် Non-CDM ပြန်လုပ်တော့ သူတို့က အခုထက်ထိ ကျမတို့ကို လစာလည်း မပေးဘူး၊ ဆုပ်လည်းစူး စားလည်းရူး။ ဆရာ၊ ဆရာမတွေအချင်းချင်းလည်း တစ်ယောက်နဲ့တစ်ယောက် မယုံသင်္ကာ သဘောမျိုး သက်ရောက်နေတယ်လို့ ထင်တယ်"
သူဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဧပြီလကတည်းက CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့တာပါ။ အခုတော့ မိသားစု စားဝတ်နေရေး အကျပ်အတည်းကြောင့် အလုပ်ပြန်ဝင်ဖို့ ဆုံးဖြတ်လိုက်ရပေမယ့် လက်တွေ့မှာ မျှော်လင့် မထားတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။ သူ့လိုပဲ CDM ကနေ အလုပ်ပြန်ဝင်လာတဲ့ လုပ်ဖော်ကိုင်ဖက် ဆရာ၊ ဆရာမတွေလည်း သူတို့ မိတ်ဆွေ အသိုင်းအဝိုင်းကနေ ဖယ်ကြဉ်တာခံနေရသလို ပတ်ဝန်းကျင်ရဲ့ ဝေဖန်ပြစ်တင်မှု ကိုပါ ကြုံနေကြရတယ်လို့ သူက ပြောပါတယ်။
"DM မလုပ်တဲ့သူကလည်း မလုပ်တဲ့ လူအလျောက် အခက်အခဲရှိတယ်၊ လုပ်တဲ့သူကလည်း လုပ်တဲ့လူအလျောက် အခက်အခဲရှိတယ်"
မိသားစု စားဝတ်နေရေး အခြေအနေကြောင့် CDM ကနေ အလုပ်ပြန်ဝင်ကြသူတွေ ရှိသလို စစ်အာဏာရှင်ရဲ့ လက်အောက်မှာ အလုပ် မလုပ်လိုတာကြောင့် CDM လှုပ်ရှားမှုမှာ ဆက်လက် ပါဝင်နေကြသူတွေလည်း ရှိနေဆဲဖြစ်ပါတယ်။
စားဝတ်နေရေး ခက်ခဲပေမယ့် ဆက်လက်တောင့်ခံသွားမယ်လို့ ချင်းပြည်နယ် ဖလမ်းမြို့နယ်က CDM အထက်တန်းပြဆရာ ဆလိုင်းနွေဦးက ပြောပါတယ်။
“ကျနော်က အစကတည်းက ဒီစစ်ကောင်စီ အာဏာရှင်ရဲ့ လက်အောက်မှာတော့ မလုပ်ဘူးလို့ စဉ်းစားထား ပြီးသားပါ၊ CDM ဝင်ကတည်းက ကျနော်တို့ မတရားတဲ့ အာဏာရှင်ရဲ့ လက်ကိုင်တုတ် မဖြစ်ချင်ဘူး၊ အဲဒါကြောင့် အစကတည်းက ကျနော်တို့ အာဏာပြန်မရမချင်း လုံးဝပြန်မသွားဘူး၊ စစ်ကောင်စီရဲ့ လက်အောက်မှာတော့ ဘယ်တော့မှ မလုပ်ဘူး"
မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်ရဲ့ စာရင်းတွေအရ NLD အစိုးရ လက်ထက် ၂၀၂၀-၂၁ ပညာသင်နှစ်မှာ နိုင်ငံတစ်ဝန်း ဆရာ၊ ဆရာမ လေးသိန်းခွဲနီးပါး ရှိခဲ့ပါတယ်။ ဒါပေမဲ့ စစ်အာဏာသိမ်းပြီး နောက်ပိုင်း ဆရာ၊ ဆရာမ နှစ်သိန်းခန့်ဟာ အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြပါတယ်။ အဲဒီအထဲက ဆရာ၊ ဆရာမ တစ်သိန်းသုံးသောင်းနီးပါးကို စစ်ကောင်စီက ပြီးခဲ့တဲ့ နှစ်က အလုပ်ကနေ ရပ်စဲခဲ့တယ်လို့ ဆိုပါတယ်။
အခုအချိန်မှာတော့ CDM ဝင်ထားတဲ့သူတွေရော၊ မဝင်တဲ့သူတွေပါ ခြိမ်းခြောက်မှုမျိုးစုံနဲ့ ကြုံနေကြရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်က အမည် မဖော်လိုသူ တစ်ဦးက ပြောပါတယ်။
"ပညာရေးမှာတော့ အတွေ့အကြုံရှိတဲ့သူတွေက စာသင်ခန်းကို ပြန်သွားဖို့ဆိုတာက ရာနှုန်းအတော်နည်းပါလိမ့်မယ်။ ကျနော်တို့ သိသလောက်က ပညာရေးဌာနက ပြန်ဝင်တာတော့ ရှိကောင်းရှိလိမ့်မယ်။ ဒါပေမဲ့ ရာခိုင်နှုန်း အတော်နည်းတယ်၊ တချို့ကျတော့လည်း CDM လုပ်ထားပြီးသားမို့ အဆုံးထိ ဆက်လုပ်မယ်လို့ စဉ်းစား ကြတယ်၊ တချို့ကျတော့လည်း ဘာကြောက်တာလဲဆိုတော့ နေရေးထိုင်ရေး အခက်အခဲတွေ ဖြေရှင်းဖို့ အခက်အခဲတွေနဲ့ နောက်တစ်ချက်က သူတို့ရဲ့ အသက် အန္တရာယ် လုံခြုံရေးပေါ့နော်၊ အဲဒါကြောင့် မဝင်ချင်ဘဲ ပြန်ပြီးဝင်သွား ကြရတယ်၊ ဖိအားပေးခံရတာတွေရောပေါ့၊ မျိုးစုံပါပဲ CDM မလုပ်တဲ့သူကလည်း မလုပ်တဲ့ လူအလျောက် အခက်အခဲရှိတယ်၊ လုပ်တဲ့သူကလည်း လုပ်တဲ့လူအလျောက် အခက်အခဲရှိတယ်၊ ဝန်ထမ်းဖြစ်တဲ့သူတွေ တော်တော်များများက CDM လုပ်သည် ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ နှစ်ဖက်စလုံးမှာ စိုးရိမ်စိတ်တွေ၊ ကြောက်လန့်စိတ်တွေ၊ လူမှုဘဝဒုက္ခတွေ ရင်ဆိုင်နေကြရတာပဲ"
CDM ကနေ အလုပ် ပြန်ဝင်လာတဲ့သူတွေ ကြုံတွေ့နေကြရတာတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဒီနေ့ ဖုန်းနဲ့ ဆက်သွယ် မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ စိုင်းခိုင်မျိုးထွန်း ကတော့ စစ်ကောင်စီက CDM ဝန်ထမ်းတွေကို ပြန်ခေါ်တာဟာ သူတို့ အုပ်ချုပ်ရေးယန္တရားကို ပြန်တည်ဆောက်ဖို့ ဖြစ်တယ်လို့ ပြောပါတယ်။
"၂၀၂၃ မှာ ရွေးကောက်ပွဲကျင်းပမယ်၊ အဲဒီကနေတစ်ဆင့် တရားဝင်တဲ့ အစိုးရ တစ်ရပ်ကို တည်ထောင်ဖို့ဆိုတဲ့ အိပ်မက်ကြီး သူတို့မှာရှိတယ်၊ အဲဒီအိပ်မက်ကို တည်ထောင်ဖို့က အုပ်ချုပ်ရေး ယန္တရားအထောက်အကူပြု ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေပေါ့၊ ဒါတွေကို ပေးအပ်နိုင်ပြီဆိုတာ ပြနိုင်ဖို့ ကြိုးစားနေတာ ဖြစ်တယ်၊ ဒါကြောင့် CDM ဆရာ၊ ဆရာမတွေနဲ့ ဝန်ထမ်းတွေကို လုပ်ငန်းခွင် ပြန်ဝင်ဖို့ဆိုပြီး ခေါ်တာရှိတယ်၊ သို့သော်လည်းပဲ ခက်တာက သူတို့ရဲ့ခေါ်ပုံတွေက နဂိုတုန်းကတော့ ဖိနှိပ်မှုမျိုးစုံလုပ်ပြီး အခုကျမှ တဖြည်းဖြည်း အထစ်တွေ လျှော့ပြီးတော့ လှည့်ဖြား ခေါ်ဆောင်နေတာပါ၊ ဆရာ၊ ဆရာမတွေ ဝန်ထမ်းတွေရဲ့ ရင်ထဲမှာက လုံးဝကို နားလည်ပြီးသား ဖြစ်တယ်၊ သူတို့ရဲ့ စေတနာသည် ပညာရေးစဉ်ဆက်မပြတ်ဖို့နဲ့ နိုင်ငံတိုးတက်ဖို့ ဆိုတာမျိုးမဟုတ်ဘဲ သူတို့ အုပ်ချုပ်ရေး ယန္တရားကို ဖော်ဆောင်ဖို့ ဖြစ်တယ်ဆိုတာ နားလည်ပြီးသား ဖြစ်တယ်"
NUG အနေနဲ့ CDM ဝင်ထားတဲ့ ပညာရေးဝန်ထမ်းတွေထဲက ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅ နဲ့ ဖမ်းဝရမ်း ထုတ်ခံထားရတဲ့သူတွေ၊ နေအိမ်မီးရှို့ခံရသူတွေနဲ့ ကျန်းမာရေး မကောင်းသူတွေကို ထောက်ပံ့တာမျိုး ရှိပေမယ့် တော်လှန်ရေးအစိုးရ ဖြစ်နေတာကြောင့် အလုံးစုံမကူညီနိုင်သေးဘူးလို့ ဆိုပါတယ်။
NUG စိုးမိုးထားတဲ့ နယ်မြေတွေမှာလည်း CDM ဆရာ၊ ဆရာမတွေနဲ့ နွေဦးစာသင်ခန်းတွေ ဖွင့်လှစ် သင်ကြားနေသလို စစ်ကောင်စီကလည်း ပြစ်မှု မကျူးလွန်ထားရင် အရေးယူ ဆောင်ရွက်မှာမဟုတ်ဘဲ CDM ဆရာ၊ ဆရာမတွေကို စာသင်ခန်းတွေကို ပြန်လာဖို့ ဖိတ်ခေါ်နေပါတယ်။