ဆန်အမြတ်တင်ရောင်းချမှုနဲ့ ဂျပန်နိုင်ငံသားအပါအဝင် လုပ်ငန်းရှင် ၁၁ ဦးဖမ်းဆီးအရေးယူခံရ
2024.07.01
Updated 5:00 PM July 01, 2024
စစ်ကောင်စီက သတ်မှတ်ထားတဲ့ ဆန်စျေးနှုန်းတွေထက်ပိုပြီး အမြတ်တင်ရောင်းချလို့ဆိုပြီး ဆန်စပါးလုပ်ငန်း ရှင်ခုနစ်ဦးနဲ့ Aeon Orange စျေးဝယ်စင်တာ ဒါရိုက်တာဖြစ်သူ ဂျပန်နိုင်ငံသား Mr. Kasamatsu Hiroshi အပါ အဝင်လေးဦး စုစုပေါင်း ၁၁ ဦးကို ဖမ်းဆီးအရေးယူထားတယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ နိုင်ငံပိုင် သတင်းစာတွေမှာ ဒီနေ့ ဖော်ပြပါတယ်။
ပြည်တွင်းမှာ ဆန်စျေးတွေမြင့်တက်နေတာနဲ့ပတ်သက်လို့ နိုင်ငံတစ်ဝန်းက ဆန်စပါးလုပ်ငန်းရှင် ၅၈ ဦးနဲ့ စျေးဝယ် စင်တာနဲ့ စတိုးဆိုင် ၅၃ ခုက တာဝန်ရှိသူတွေ မကြာသေးခင်က ဖမ်းဆီးစစ်ဆေးခံခဲ့ရတာပါ။ အဲဒီအထဲက လုပ်ငန်းရှင် ၁၁ ဦးကို အမြင့်ဆုံးထောင်ဒဏ် ၃ နှစ်အထိချမှတ်နိုင်တဲ့ အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှု ဥပဒေပုဒ်မ (၅) နဲ့ အရေယူသွား မယ်လို့ စစ်ကောင်စီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မူရင်းက လျှော့ရောင်းရင် ကျွန်တော်တို့က ဝယ်လို့ရရင် လျှော့ရောင်းပေးရမှာပဲ။ အဓိကတော့ မူရင်းနဲ့ပဲ ဆိုင်တာပေါ့
အရေးယူခံထားရတဲ့သူတွေထဲမှာ Aeon Orange အပြင် City Mart၊ One Stop Mart၊ စိန်ဂေဟာ စျေးဝယ် စင်တာတွေက တာဝန်ရှိသူတွေလည်း ပါဝင်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ အဲဒီစျေးဝယ်စင်တာတွေဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးပါဘူး။
ဆန်လုပ်ငန်းရှင်တွေထဲမှာတော့ Global Myanmar Trading ကုမ္ပဏီ၊ ရတနာပုံ ဆန်စက်၊ ကမ္ဘောဇ ဆန်ရောင်းဝယ်ရေးလုပ်ငန်း၊ သိင်္ဂီဆန်စက်ပွဲရုံ၊ စိန်ငါးပွင့် ဆန်ဆိုင်၊ သစ္စာရှင် ဆန်ဆီရောင်းဝယ်ရေး၊ သန့် ဆန်ဆိုင်ပိုင်ရှင်တွေ ပါဝင်ပါတယ်။
ရန်ကုန်မြို့မှာ နေထိုင်တဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဆန်လုပ်ငန်းရှင်တစ်ဦးကတော့ စစ်ကောင်စီက အခုလို အရေးယူမှုကြောင့် ဆန်စျေးအနည်းငယ်ကျလာနိုင်တယ်လို့ RFA ကို ပြောပါတယ်။
“ဆန်စျေးကတော့ကျမှာပေါ့။ အခုလက်ရှိသူတို့ (မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်) သတ်မှတ်စျေးရဲ့အောက်တောင် ရောက်သွားတယ်။ လာမဲ့ မိုးစပါးပေါ်ရင် စပါးစျေး ၁၅ သိန်းပတ်လည်လောက်ပဲ မှန်းတယ်”
စစ်ကောင်စီထုတ်ပြန်ချက်ထဲမှာ သတ်မှတ်စျေးနှုန်းထက် ၁၁ ရာခိုင်နှုန်းက ၃၀ ရာခိုင်နှုန်းအထိ စျေးတင်ရောင်းချတဲ့ ဆန်လုပ်ငန်းရှင် ၂၄ ဦးနဲ့ စျေးဝယ်စင်တာနဲ့ စတိုးဆိုင် ၃၀ ကိုလည်း ဒဏ်ကြေးနဲ့ အခွန်ထပ်မံ စည်းကြပ်သွားမယ်လို့ ဆိုပါတယ်။
ဇွန်လ ၂၁ ရက်နေ့ကလည်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) ဥက္ကဋ္ဌ ဦးရဲမင်းအောင်နဲ့ ဒုဥက္ကဋ္ဌ ဦးလူမော်မြင့်မောင် အပါအဝင် ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းက ဆန်စက်ပိုင်ရှင် တစ်ဆယ်ကျော် ဖမ်းဆီးစစ်ဆေး ခံခဲ့ရပြီးနောက် ဆန်စက် ကိုးလုံးကျော်နဲ့ လက်လီဆန်ဆိုင်တချို့ပါ အပိတ်ခံခဲ့ရတယ်လို့ ဆန်ကုန်သည်တွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ သတ်မှတ်စျေးနှုန်းနဲ့ ရောင်းချပေးနိုင်ဖို့ဆိုတာ ဆန်ကုန်စည်ဒိုင်တွေက စျေးနှုန်းအတက်အကျပေါ် မူတည်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့က ဆန်ဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။
“ကျွန်တော်တို့အတွက် ခွဲတမ်းတော့ မလာသေးဘူး။ လက်ကျန်ပြတ်သွားတဲ့အတွက် သူတို့ရောင်းပေးမှာကို ကျွန်တော်တို့ စောင့်နေရတာပေါ့။ မူရင်းက လျှော့ရောင်းရင် ကျွန်တော်တို့က ဝယ်လို့ရရင် လျှော့ရောင်းပေးရမှာပဲ။ အဓိကတော့ မူရင်းနဲ့ပဲ ဆိုင်တာပေါ့။ ကျွန်တော်တို့ကတော့ ကုန်ကို မရှုံးချင်ဘူး။ အဓိကတော့ ကျွန်တော်တို့ ရောင်းထားတဲ့ ကုန်က ပြန်ဝယ်လို့ရရင် ဘယ်စျေးနဲ့ဖြစ်ဖြစ် ကျွန်တော်တို့ ရောင်းရဲတယ်။ ကျွန်တော်တို့ကို သတ်မှတ်စျေးနဲ့ ရောင်းခိုင်းရင် ကျွန်တော်တို့ ပြန်ဝယ်လို့ရရင် ကျွန်တော်တို့ ရောင်းရဲတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့လုပ်တဲ့ ပစ္စည်းမဟုတ်ဘူးလေ”
စစ်ကောင်စီက ဖမ်းဆီးအရေးယူထားတဲ့အထဲမှာ ဂျပန်နိုင်ငံသား Mr. Kasamatsu Hiroshi ပါဝင်နေတာနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးကို RFA က ဒီနေ့ အီးမေးလ်ကနေတစ်ဆင့် ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ညနေပိုင်းအထိ အကြောင်းမပြန်သေးပါဘူး။
ဂျပန်သတင်းဌာန NIKKEI ASIA ရဲ့ ဒီနေ့ သတင်းတစ်ပုဒ်မှာတော့ Mr. Kasamatsu Hiroshi အဖမ်းခံရမှုနဲ့ ပတ်သက်လို့ အတည်ပြုနိုင်ဖို့ ဆောင်ရွက်နေပြီး အမြန်ဆုံးပြန်လွှတ်ပေးဖို့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက ပြောဆိုကြောင်း ဖော်ပြထားပါတယ်။ Aeon Orange ကိုလည်း လိုအပ်တဲ့ပံ့ပိုးကူညီမှုတွေ ပေးသွားမဲ့အကြောင်း ဂျပန်သံရုံးက ပြောကြားထားတယ်လို့လည်း ဆိုပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် သုံးဆဝန်းကျင်ထိ မြင့်တက်လာတဲ့ ရွှေနဲ့ နိုင်ငံခြားငွေစျေးတွေအတွက် စစ်ကောင်စီက လုပ်ငန်းရှင်တွေကို ဖမ်းဆီးတာ၊ ဆိုင်နေရာတွေကို ချိပ်ပိတ်တာတွေနဲ့ ထိန်းချုပ်ဖို့ ကြိုးစားခဲ့ တာပါ။ အဲဒီနောက် ဆန်စျေးနှုန်းတွေကို ဆက်လက်ထိန်းချုပ်ဖို့ လုပ်ငန်းရှင်တွေကို ဖမ်းဆီးအရေးယူတဲ့ ဖြစ်စဉ်တွ ရှိလာခဲ့တာပါ။
ဒါပေမဲ့ ဒါက ရေတိုဖြေရှင်းနည်းသာဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စီးပွားရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောပါတယ်။
“ယာယီကတော့ ကျသွားတာပေါ့။ (အပြစ်ပေး အရေးယူတာ) ဒါလဲ ရေတိုပဲ။ ဖြန့်ဖြူးရေးစနစ်တွေ မှားနေရင်တော့ အခုလည်း အိမ်တိုင်ရာရောက် ရောင်းတယ်ဆိုပြီး လုပ်တယ်။ သူတို့ ဘယ်လောက်ရောင်းနိုင်မှာလဲ။ မှတ်ပုံတင်နဲ့ ရောင်းတယ်။ ဒါလဲ ရေတိုရေရှည်စနစ်ကို စဉ်းစားရမယ်။ စျေးကွက်မှာ ဝယ်လိုအား ရောင်းလိုအား ထိန်းညှိတဲ့ စနစ်တစ်ခုရှိမယ်။ ပြီးရင် မှန်ကန်တဲ့ ဖြန့်ဖြူးတဲ့စနစ်ကို သွားရမယ်”
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကနေ လစဉ်ထုတ်ပြန်ထားတဲ့ ဈေးနှုန်းထက် ပိုမိုရောင်းချနေတာတွေကိုတွေ့ရင် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့အစည်းတွေကို လျှို့ဝှက်သတင်းပေးပို့နိုင်ကြောင်း စစ်ကောင်စီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီအနေနဲ့ ရွှေဘိုပေါ်ဆန်းမွှေး (ဆန်ချော) တစ်အိတ်ကို ကျပ် ၁၃၅,၀၀၀ ကနေ ကျပ် ၁၄၅,၀၀၀ နဲ့ ဧည့်မထ (ဆန်ကြမ်း) တစ်အိတ်ကို ကျပ် ၇၇,၀၀၀ ကနေ ကျပ် ၇၉,၀၀၀ အတွင်းသာ ရောင်းချဖို့ သတ်မှတ် ထားတာပါ။
ဒါပေမဲ့ အပြင်က လက်ရှိစျေးကွက်မှာတော့ ရွှေဘို ပေါ်ဆန်းမွှေး (ဆန်ချော) တစ်အိတ်ကို ကျပ် ၁၈၀,၀၀၀၊ ဆန်ကြမ်းတစ်အိတ်ကို ကျပ်တစ်သိန်းနီးပါး စျေးပေါက်နေတယ်လို့ ဆန်ရောင်းချသူတွေက ပြောပါတယ်။
(မှတ်ချက် - ဆန်ဆိုင်ပိုင်ရှင်နှင့် စီးပွားရေးလေ့လာသုံးသပ်သူတို့၏ ပြောဆိုချက်များကို ထပ်မံဖြည့်စွက် ရေးသားထားပါသည်။)