အာဏာသိမ်းပြီးနောက် ဆန်စျေး နှစ်ဆတက်၊ တစ်သိန်းနားကပ်လာ

စောဖိုးခွား (ဝါရှင်တန်ဒီစီ)
2022.08.12
အာဏာသိမ်းပြီးနောက် ဆန်စျေး နှစ်ဆတက်၊ တစ်သိန်းနားကပ်လာ WFP က ဝေငှသော ဆန်အိတ်ထမ်းပြန်လာသည့် ရန်ကုန်ဒေသခံတစ်ဦး။
Photo: RFA

စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ ဆန်၊ဆီ၊ငြုပ်၊ ကြက်သွန်၊ဆီစတဲ့ အခြေခံစားသောက်ကုန် ဈေးနှုန်းတွေ တစ်နေ့တစ်ခြား ကြီးမြင့်လာနေပါတယ်။

အဲဒီထဲမှာမှ အသက်ရှင်သန်ရေးအတွက် နေ့တိုင်းစားသောက်နေရတဲ့ ဆန်ဈေးတွေ တက်နေတာ အဆိုးဆုံးဖြစ်တယ်လို့ RFA နဲ့ စကားပြောခဲ့တဲ့ အိမ်ရှင်မတွေက ပြောပါတယ်။

ဈေးတက်ရုံတင်မက ဆန်တွေဈေးကွက်ထဲမှာ လိုသလောက်ဝယ်မရ ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။

အာဏာသိမ်း တစ်နှစ်ခွဲကာလအတွင်း မြန်မာနိုင်ငံက ဆန်ဈေးနှစ်ဆအထိ တက်သွားတယ်လို့ ရန်ကုန်မြို့နေ လက်လီဆန်ရောင်းသူ တစ်ယောက်က RFA ကိုပြောပါတယ်။

"သိသိသာသာတက်တယ်ဆိုတာထက် အတက်ကတော့ တော်တော်ကြမ်းတယ်။ ဥပမာဒီနေ့ ခုနှစ်သောင်းဝယ်ရင် နောက်သုံးရက်မှာ အော်ဒါထပ်တင်ရင်ကို အဲဒီမှာတင် ခုနှစ်သောင်း ငါးထောင် ဖြစ်နေပြီ။ တစ်ခါတက်ရင်ကို ငါးထောင် လေးထောင်လောက်တက်တယ်"

သတင်းထောက် - အခု ဆန်တစ်အိတ်ကို ကိုးသောင်းခွဲကျော်ဖြစ်နေပြီဆိုတော့ အာဏာမသိမ်းခင်က ဘယ်ဈေးရှိပါသလဲ။

လက်လီဆန်ရောင်းသူ - အဲဒီတုန်းက ၅၂၀၀၀ ပဲရှိတယ်။

သတင်းထောက် - ဈေးထပ်တက်နိုင်မယ့် အခြေအနေရှိသေးလား။

လက်လီဆန်ရောင်းသူ - တက်မှာ၊ တက်မှာဗျာ့။ ဈေးကတော့ တက်မှာ နောက်ဆိုဝယ်လို့တောင် ရပါ့မလားမသိဘူး။

ရန်ကုန်၊တာမွေမြို့နေ အိမ်ရှင်မတစ်ဦးဖြစ်တဲ့ မသန္တာ(အမည်လွှဲ)ကတော့ ကိုဗစ်ကာလမှာတောင် ဒီလိုဈေးမတက်ခဲ့ဘူးလို့ ဆိုပါတယ်။

"ဒေါ်အောင်ဆန်းစုကြည် အစိုးရတက်ခဲ့တဲ့ ကိုဗစ်ကာလ၊ ကျပ်တည်းတဲ့ ကာလမှာတောင်မှ ဆန်ဈေး မတက်ဘူး။ ပေါ်ဆန်းဆိုရင် ငါးသောင်းလေးသောင်းခွဲ ဒီလောက်နဲ့ သွားနေတာ၊ တစ်ပြည်ကို နှစ်ထောင်၊ နှစ်ထောင့်သုံးရာ ကောင်းကောင်းစားရတယ်။ အာဏာသိမ်းပြီးမှကို တရိပ်ရိပ်နဲ့ တက်တက်လာတာ"

ဝယ်လိုအားအကောင်းဆုံးနဲ့ လူကြိုက်များတဲ့ ရွှေဘိုပေါ်ဆန်းဟာ ဈေးအတက်ဆုံးဖြစ်ပါတယ်။ အာဏာမသိမ်းခင်က ရွှေဘိုပေါ်ဆန်းတစ်အိတ်ကို ၅ သောင်းကျော်ပဲရှိခဲ့ရာက အခုကိုးသောင်း ကျော်ဖြစ်လာပြီမို့ နှစ်ဆနီးပါးဈေးတက်နေတာပါ။

ဘာကြောင့် ရွှေဘိုပေါ်ဆန်း ဒီလောက်ထိ ဈေးတက်နေရတာပါလဲ။ ရွှေဘိုပေါ်ဆန်းထွက်တဲ့ ရွှေဘိုဒေသက ဆန်ကုန်သည်တချို့ကို RFA က ဆက်သွယ်မေးမြန်းခဲ့ရာမှာ တော့ သူတို့လက်ထဲမှာကို လက်ကျန်စပါး မရှိတော့ဘူးလို့ ပြောပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ ဖမ်းဆီးနှိပ်စက်၊ ပိုင်ဆိုင်မှုသိမ်းတဲ့လုပ်ရပ်တွေကြောင့် ရွှေဘိုနယ်က ဆန်စက်ပိုင်ရှင်တွေဟာ RFA နဲ့ စကားပြောရမှာကို ကြောက်ရွံ့နေကြပါတယ်။

ဆန်ဈေးတက်တာနဲ့ လက်ထဲမှာ ဆန်မရှိတော့ဘူးလို့ပြောတာကလွဲရင် အသေးစိတ်ပြောပြဖို့ ငြင်းဆန်ပါတယ်။ ရွှေဘိုဒေသခံ PDF အဖွဲ့ဝင် ကိုတိုက်ဂေါကတော့ နယ်မြေမတည်ငြိမ်လို့ ဒေသခံတွေ ဆန်မစိုက်နိုင် ဘူးလို့ ဆိုပါတယ်။

ဒီနှစ်လည်း စပါးမစိုက်နိုင်တာကြောင့် ရွှေဘိုဆန်ဈေးက ဆက်ကြီးဦးမယ်လို့ ဆိုပါတယ်။ စစ်ကိုင်းတိုင်းဟာ မြန်မာနိုင်ငံရဲ့ ဒုတိယစပါးကျည်ဖြစ်ပါတယ်။

လတ်တလောတိုက်ပွဲတွေဖြစ်နေတဲ့ ရွှေဘို၊ ကန့်ဘလူ၊ ခင်ဦး၊ရေဦး၊ ကျွန်းလှ စတဲ့ဒေသတွေမှာ စိုက်ပါတယ်။

Sagaing carnage 01.jpg

အခုစစ်တပ်အာဏာ သိမ်းပြီးနောက် အဲဒီဒေသတွေ တော်တော်များများကို စစ်ကောင်စီက လေကြောင်းနဲ့ပါ နယ်မြေ ရှင်းလင်းနေတာကြောင့် ဒေသခံတွေဟာ အိုးအိမ်တွေ မီးရှို့ခံရ၊ သိုလှောင်ထားတဲ့ စပါးတွေ၊ ပျိုးတွေ မီးရှို့ခံရ၊ စပါးစိုက်ရမယ့်အချိန်မှာ မစိုက်ရဘဲ တောတောင်တွေထဲ အသက်လုထွက်ပြေးနေရတာပါ။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ဆန်ဈေးတွေကြီးနေပေမယ့် ပြည်သူတွေ စားဝတ် နေရေး ဖူလုံနေတယ်လို့ သြဂုတ်လ (၁) ရက်နေ့ကပြောတဲ့ အာဏာသိမ်းတစ်နှစ်ခွဲ မိန့်ခွန်းမှာ ထည့်ပြောထားပါတယ်။

"နိုင်ငံတဝန်းလူတစ်ဦးရဲ့ တစ်နှစ်ဆန်စားနှုန်းဟာ ၁၅၅ ကီလိုဂရမ်၊ ၉၇ ပြည်ခန့်ရှိတဲ့အတွက် နိုင်ငံ အတွက်ဖူလုံတယ်။ ပြည်ပပို့ဖို့ စပါးစိုက်ပျိုးရေး အထွက်နှုန်းတိုးဖို့ စီမံဆောင်ရွက်နေတယ်။ ပြည်သူ တွေ စားနပ်ရိက္ခာဖူလုံဖို့ ဝဝလင်လင်စားသုံးနိုင်ရေးအတွက် အဓိကစားတဲ့ ဆန်နဲ့ ဂျုံကို ဦးစားပေး ထုတ်နိုင်ရေး ဆောင်ရွက်နေပါတယ်"

ပြည်တွင်း ဆန်ဈေးနှုန်းတွေကြီးပြီး ဝယ်သလောက်လည်းမရဖြစ်နေပေမယ့် ပြည်ပဆန်တင်ပို့မှုကို နှစ်ဆတိုးပြီး တစ်နှစ်တန်လေးသန်းတင်ပို့ဖို့ စီစဉ်ထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ပြောဆိုထားပါတယ်။

000_1QQ1S8.jpg

ရန်ကုန်မြို့မှာနေတဲ့ အိမ်ရှင်မ မသန္တာကတော့ "တစ်အိမ်မှာ ငါးယောက်ခြောက်ယောက်ရှိတဲ့အိမ် တွေမှာဆိုရင် အခုအချိန်မှာ ဝင်ငွေကလည်း တစ်ယောက်တည်းပဲရှိတယ်။ အဲဒီလို လူတွေကြတော့ ထမင်းတစ်နပ်လည်း လျှော့မစားနိုင်ဘူး၊ ဝေမျှပြီးတော့ ဗိုက်ပြည့်ရုံ မသေရုံ တစ်မယ်ပဲစား သောက်နေရတာ"

အာဏာသိမ်းစစ်ကောင်စီဟာ အစိုးရတစ်ရပ်လုပ်ရမယ့် တာဝန်ကို ဘာမှမလုပ်နိုင်ဘူးလို့လည်း သူက ဆိုပါတယ်။

"အာဏာသာယူထားတာ အစိုးရ တစ်ရပ်အနေနဲ့ ဘာမှလည်း မလုပ်ဘူး။ အာဏာမြဲဖို့ပဲလုပ်တယ်။ ကုန်ဈေးနှုန်းလည်း မထိန်းချုပ်ဘူး။ လိုက်လည်းမစစ်ဘူး။ လွှတ်ထားတယ်။ ငတ်ပြတ်ပြီး မွဲသေကြ ပါစေဆိုပြီးထားထားတယ်။ အဲဒီလိုဆို သူတို့အတွက်ပိုကောင်းတယ်လေ၊ သူတို့ခိုးချင်တာ ခိုးလို့ရ တယ်"

လက်ရှိမှာ အမေရိကန်ဒေါ်လာအပါအဝင်၊ နိုင်ငံခြားငွေတွေဈေးတက်ပြီး၊ သွင်းကုန် ထုတ်ကုန်တွေလဲ ပုံမှန်မဟုတ်တော့သလို၊ ပြည်တွင်းထုတ် အခြေခံစားသောက်ကုန်တွေ အားလုံးတနှစ်ခွဲအတွင်း ၂ ဆတိုးနေတဲ့ဒဏ်ကို ပြည်သူတွေရင်ဆိုင်နေရပါတယ်။ တဘက်မှာလဲ အလုပ်အကိုင်ရှားပါးတဲ့အတွက် လူငယ်တွေဟာ ပြည်ပကို နည်းလမ်းမျိုးစုံနဲ့ထွက်ဖို့ ကြိုးစားနေရတာလဲ တွေ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။