ဆန်ဈေးကွက်ကို စစ်ကောင်စီ ထိန်းချုပ်လာလို့ ဆန်ကုန်သည်တွေ အခက်တွေ့
2024.12.06
ပြည်တွင်းဆန်ဈေးကွက်မှာ ဆန်ကို စစ်ကောင်စီသတ်မှတ်ဈေးအတိုင်း မရောင်းရင် အရေးယူမယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) က ဒီဇင်ဘာ ၄ ရက်နေ့က ထုတ်ပြန်လိုက်တာကြောင့် ဆန်ကုန်သည်တွေနဲ့ ဆန်ရောင်းဝယ်ရေး လုပ်ငန်းရှင်တွေ အခက် တွေ့နေကြရပါတယ်။
ရပ်ကွက်နဲ့ ရွာတွေက လက်လီဆန်ဆိုင်တွေကို နေ့စဥ် ပြန်လည်ဖြန့်ဝေရောင်းချပေးနေရတဲ့ လက်ကား ဆန်ကုန်သည်တွေတောင် ပြင်ပဆန်ဈေးကွက်မှာ စစ်ကောင်စီ သတ်မှတ်ထားတဲ့ဈေးအတိုင်း ဝယ်ယူလို့ မရတာကြောင့် အခက်အခဲ ကြုံနေရတာလို့ မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်များအသင်းဝင် တစ်ဦးက RFA ကို ပြောပါတယ်။
“ရည်ညွှန်းဈေးအတိုင်း ရောင်းဝယ်ဖို့ အပြင်မှာ မဖြစ်ကြဘူး။ ကုန်သည်တွေကိုယ်တိုင်က ရည်ညွှန်းဈေးအတိုင်း တချို့ဆန်တွေက ဝယ်လို့မရဘူး။ ဝယ်ပြီး အရှုံးခံမရောင်းနိုင်တော့ ဝယ်တဲ့ဈေးကို အမြတ်နည်းနည်းတင်ပြီး ပြန်ရောင်းနေကြရတာ”
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ကတော့ ဆန်ကို ဈေးတင်ရောင်းချတဲ့ ကြော်ငြာတွေ တွေ့နေရသလို ဈေးကွက်ထဲမှာလည်း ဈေးတင်ရောင်းနေပြီး အထူးသဖြင့် ရွှေဘိုပေါ်ဆန်းနဲ့ ဧရာဝတီပေါ်ဆန်း စပါးသစ်ပေါ်ချိန်မှာ ဆန်ဈေးမြှင့်ဖို့အတွက် လုပ်ဆောင်လာတာတွေ တွေ့ရတာကြောင့် အခုလို ထုတ်ပြန်ရတာလို့ ဆိုပါတယ်။
“သတ်မှတ်ဈေးအတိုင်းဆိုရင် အရှုံးခံရောင်းရမဲ့ အခြေအနေဖြစ်နေပါတယ်”
ပြည်တွင်းစားဆန်တွေဖြစ်တဲ့ ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်း၊ ဧရာမင်း၊ ဧရာပဒေသာ၊ မဂျမ်းတော၊ မနောသုခစတဲ့ ဆန်အမျိုးအစားတွေကို သိုလှောင်ပြီး ဈေးမကစားဖို့နဲ့ သတ်မှတ်ဈေးအတိုင်း မရောင်းရင် အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှု ဥပဒေအရ အရေးယူမယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ စစ်ကောင်စီရဲ့ သတ်မှတ်ဈေးဟာ ပြင်ပပေါက်ဈေးနဲ့ ကွာဟလွန်းတာကြောင့် သတ်မှတ်ဈေးအတိုင်းဆိုရင် အရှုံးခံရောင်းရမဲ့ အခြေအနေဖြစ်နေတယ်လို့ ရန်ကုန်မြို့မှာရှိတဲ့ ဆန်ဆိုင်ပိုင်ရှင် တစ်ဦးက ပြောပါတယ်။
“လွန်ခဲ့တဲ့ လေးလ၊ ငါးလလောက်က ရည်ညွှန်းဈေးကလည်း ဒါပဲ အခုလည်းဒါပဲ။ ဒါပေမဲ့ ပြင်ပဈေးကွက်မှာ တကယ်ဖြစ်နေတာက ပြောင်းသွားပြီ။ ဈေးနှုန်းတွေက အတက်အကျ အပြောင်းအလဲဖြစ်ပေမဲ့ ဆန်စပါးအသင်းက ထုတ်ပြန်တဲ့ ရည်ညွှန်းဈေးက ကိန်းသေကြီး ဖြစ်နေတယ်။ တစ်လလာလည်း ဒါပဲ၊ တစ်လလာလည်း ဒါပဲဆိုတော့ အဲဒီဈေးကွက်အတိုင်း အရောင်းအဝယ် လုပ်လို့မရဘူး။ တစ်ထောင်နဲ့ ဝယ်ထားတဲ့ဥစ္စာကို ရှစ်ရာနဲ့ ရောင်းပါဆိုတော့ ဘယ်သူမှ အရှုံးခံမရောင်းနိုင်ဘူးလေဗျာ။ အဲဒီအတိုင်း မရောင်းလို့ဖမ်းမယ်ဆိုရင် ဆန်ဆိုင်တွေက ပိတ်တဲ့ဆိုင်တွေကပိတ်ပြီး အများစုကလည်း အဖမ်းခံရလိမ့်မယ်”
ဆန်စပါးအသင်းချုပ်က ရွှေဘိုပေါ်ဆန်း တစ်အိတ်ကို ၁၄၅,၀၀၀ ကနေ ၁၅၀,၀၀၀၊ ဧရာဝတီပေါ်ဆန်း တစ်အိတ်ကို ၁၂၀,၀၀၀ ကနေ ၁၂၅,၀၀၀ ကျပ်လို့ ရည်ညွှန်းသတ်မှတ်ထားပေမဲ့ ဆန်ဆိုင်တွေမှာတော့ ရွှေဘိုပေါ်ဆန်းကို ၁၉၀,၀၀၀ ကနေ နှစ်သိန်းကျပ်အထိ ရောင်းနေကြပြီး ဧရာဝတီပေါ်ဆန်းဆိုရင် ၁၆၀,၀၀၀ ကျော်နဲ့ ရောင်းချနေကြရတယ်လို့ ဆိုပါတယ်။
ဆန်ကုန်သည်တွေ အခက်တွေ့နေသလို စပါးသတ်မှတ်ဈေးကြောင့်လည်း လယ်စိုက်တောင်သူတွေလည်း အရှုံးပေါ်ပြီး တောင်သူတွေ ဆန်ပြန်ဝယ်စားရတဲ့အဆင့်ထိ ရောက်နေတယ်လို့ ဧရာဝတီတိုင်းမှာရှိတဲ့ စပါးစိုက်တောင်သူတစ်ဦးက ပြောပါတယ်။
“လုပ်အားခတွေက များလာတယ်။ စပါးဈေးနှုန်းကလည်း ဒီလောက်ကြီး မြင့်မလာဘူးဆိုတော့ လယ်သမားတွေမှာ အရှုံးပေါ်တော့ မိုးတွင်းစာ စပါးမကျန်ဘူးပေါ့။ အဲဒီမှာ ကုန်သည်တွေဆီက ငွေတိုးနဲ့ ဆွဲစားထားရတယ်။ လယ်က စပါးလေးလည်း ပြန်ပေါ်လာရော ပြန်ပေးလိုက်ရရောဆိုတော့ မိုးတွင်းစိုက်လိုက်ရတဲ့ လယ်သမားတွေလက်ထဲ စပါးက မကျန်တော့တာတွေချည်း ဖြစ်နေတာ”
စစ်ကောင်စီက ၂၀၂၄ ခုနှစ် မိုးစပါးနဲ့ ၂၀၂၅ ခုနှစ် နွေစပါးအတွက် စပါးတင်းတစ်ရာကို အခြေခံရည်ညွှန်းဈေး ကျပ် ကိုးသိန်းခွဲ (၉၅၀,၀၀၀) သတ်မှတ်လိုက်ပြီး ဒါဟာ ပြင်ပပေါက်ဈေးထက် နှစ်ဆခန့် လျော့နည်းနေတယ်လို့ တောင်သူလယ်သမားတွေက ပြောပါတယ်။
ဒီဈေးနှုန်းအတိုင်း အရောင်းအဝယ်လုပ်ရင် အရှုံးပေါ်နိုင်တာကြောင့် စပါးကုန်သည်တွေနဲ့ ညှိနှိုင်း ရောင်းဝယ်နေရတယ်လို့ ဆိုပါတယ်။
“စစ်ကောင်စီ တာဝန်ရှိသူတွေကို မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းက ပြင်ပဈေးကွက်နဲ့ ကိုက်ညီနိုင်မဲ့ ဈေးနှုန်းကိုတင်ပြပေမဲ့ မထူးခြားပါဘူး”
လုပ်အားခ အပါအဝင် သွင်းအားစုစရိတ် ကြီးမြင့်တာ စပါးပြန်ရလာတဲ့အခါ ဈေးနှုန်း အနှိမ်ခံရတာတွေကြောင့် အရှုံးပေါ်တဲ့ လယ်သမားတွေများပြီး လယ်ယာတွေ ပြန်ရောင်းကြတဲ့သူတွေလည်း များလာတယ်လို့ ဧရာဝတီတိုင်းမှာရှိတဲ့ ဒေသခံတောင်သူတွေက ပြောကြပါတယ်။
ဒါကြောင့် စစ်ကောင်စီ တာဝန်ရှိသူတွေကို မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းက ပြင်ပဈေးကွက်နဲ့ ကိုက်ညီနိုင်မဲ့ ဈေးနှုန်းကိုတင်ပြပေမဲ့ မထူးခြားဘူးလို့ ဆိုပါတယ်။
“ဆန်လုပ်ငန်းရှင်ကတော့ ဖြစ်သင့်တဲ့ဈေးလေးတွေကို တင်ပေးတယ်။ နိုင်ငံတော်အဆင့်က ပြန်ပြီးထုတ်ပြန်ပေးတာ။ တချို့ဟာတွေကျ ကျွန်တော်တို့တင်ပေးလည်း တင်လို့မရဘူး။ တင်လိုက်တဲ့အတိုင်း ရည်ညွှန်းဈေးက ပြန်မကျဘူး”
ဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) ဥက္ကဋ္ဌဖြစ်သူ ဦးရဲမင်းအောင်နဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ဦးခင်မောင်လှိုင်တို့ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
ဆက်နွှယ်သောသတင်းများ
ဆန်စပါးသိုလှောင်ရုံတွေ မှတ်ပုံမတင်ရင် အရေးယူမယ်လို့ စစ်ကောင်စီပြော
သတ်မှတ်ဈေးထက်ပိုရောင်းလို့ဆိုပြီး ဆန်ကုန်သည်တချို့ ဖမ်းဆီးခံရ
အခြေခံစပါးရည်ညွှန်းဈေး ပြင်ပပေါက်ဈေးထက် နှစ်ဆခန့် လျော့နည်း
သြဂုတ်လအတွင်းကတော့ ပြည်တွင်းမှာ ဆန်ဈေးတွေ မြင့်တက်နေတာနဲ့ပတ်သက်လို့ နိုင်ငံတစ်ဝန်းက ဆန်စပါးလုပ်ငန်းရှင် ၅၈ ဦး၊ ဈေးဝယ်စင်တာနဲ့ စတိုးဆိုင် ၅၃ ခုက တာဝန်ရှိသူတွေကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးခဲ့ပြီး အဲဒီအထဲက ၁၁ ဦး အရေးယူခံခဲ့ရပါတယ်။
ဒီအပြင် ဆန်တန်ချိန် ၂၅ တန်နဲ့ အထက် ဒါမှမဟုတ် စပါးတင်း ၂၅၀၀ နဲ့အထက် သိုလောင်နိုင်တဲ့ ဆန်စပါး သိုလှောင်ရုံတွေကို ပိုင်ဆိုင်ထားသူတွေအနေနဲ့ မှတ်ပုံတင်ရမှာဖြစ်ပြီး မှတ်ပုံမတင်ရင် အရေးယူမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
ဒီလိုလုပ်ဆောင်လာတာဟာ စစ်ကောင်စီက ဆန်ဈေးကွက်ကို ထိန်းချုပ်ဖို့အတွက် နည်းမျိုးစုံနဲ့ တင်းကျပ်လာတာလို့ ဆန်ကုန်သည်တွေက ပြောကြပါတယ်။