မြန်မာခေါင်းဆောင်တွေကို စွဲဆိုထားတဲ့ လူမျိုးတုံးသတ်ဖြတ်မှု စတင်စစ်ဆေး
2023.06.07

[Updated - June 8, 2023 9:30 pm]
ရိုဟင်ဂျာမွတ်ဆလင်တွေကို လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ မြန်မာခေါင်းဆောင်တွေအပေါ် တရားစွဲထားတဲ့အမှုကို အာဂျင်တီးနားနိုင်ငံ၊ ဗျူနိုအေးရိစ်မြို့တော်က ဖက်ဒရယ်တရားရုံးမှာ ဇွန်လ ၆ ရက်နေ့က စပြီး ကြားနာစစ်ဆေးနေပါတယ်။
တစ်ပတ်ကြာပြုလုပ်မယ့် ဒီကြားနာပွဲမှာ မြန်မာစစ်တပ်က ကျူးလွန်တဲ့ သတ်ဖြတ်မှုတွေကို ကြုံခဲ့ရတဲ့ မျက်မြင်သက်သေတွေ တက်ရောက်ထွက်ဆိုကြမှာပါ။
ဒီအမှုနဲ့ဆိုင်တဲ့ သက်သေ အထောက်အထားတွေကို အာဂျင်တီးနား အစိုးရရှေ့နေ Guillermo Marijuan က စုဆောင်းနေတာဖြစ်ပြီး၊ အမှုအတွက် လာရောက်ထွက်ဆိုတဲ့ သက်သေတွေကို မြန်မာစစ်ကောင်စီဘက်က လက်တုံ့ပြန်မှာ စိုးရိမ်တဲ့အတွက် ဘယ်သူဘယ်ဝါဆိုတာ မဖော်ပြဘဲ၊ ကြားနာစစ်ဆေးမှုတွေကိုလည်း တံခါးပိတ် ပြုလုပ်မှာပါ။
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခဲ့တဲ့ မစ္စတာ သောမတ်စ်ကင်တားနားက ဒီအမှုမှာ တရားလို ရိုဟင်ဂျာတွေရဲ့ ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်နေပါတယ်။
ဒီလူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်ရှိသူတွေအဖြစ် တင်သွင်းထားတဲ့ နာမည်စာရင်းထဲမှာ မြန်မာစစ်တပ်ရဲ့ စစ်ဦးစီးချုပ်နဲ့ အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ နယ်ခြားစောင့်တပ်တွေက အကြီးတန်းအရာရှိတချို့အပြင်၊ ဗုဒ္ဓဘာသာအစွန်းရောက်သမားအဖြစ် နိုင်ငံတကာက သတ်မှတ်ထားတဲ့ ဦးဝီရသူ တို့လည်း ပါဝင်ပါတယ်။
ဒါ့အပြင် အရပ်သားအစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဒီလူမျိုးတုံးသတ်ဖြတ်မှုမှာ ပါဝင်ကူညီသူအဖြစ် စွဲချက်တင်ထားပါတယ်။

ဒီလို အမှုဖွင့်နိုင်ဖို့ တိုင်ကြားစာတင်သွင်းခဲ့တဲ့ မြန်မာ ရိုဟင်ဂျာအသင်း-ယူကေရဲ့ ဥက္ကဋ္ဌ ဦးထွန်းခင်က ဒီအမှုဟာ ရိုဟင်ဂျာတွေအတွက် တရားမျှတမှုရဖို့ သမိုင်းဝင်တိုက်ပွဲ တစ်ခုပဲလို့ ပြောပါတယ်။
မြန်မာစစ်တပ်ကို ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုအတွက် တာဝန်ခံမှုရှိအောင် လုပ်နိုင်မယ်ဆိုရင် မြန်မာပြည်သူ အားလုံးအတွက်လည်း အကျိုးရှိမှာဖြစ်တယ်လို့ ဦးထွန်းခင်က ပြောပါတယ်။
ဒီအမှုကို ၂၀၁၉ ခုနှစ်မှာ မြန်မာ ရိုဟင်ဂျာအသင်း-ယူကေက တရားလိုလုပ်ပြီး အာဂျင်တီးနားတရားရုံးမှာ တိုင်ကြားခဲ့တာပါ။ စာမျက်နှာ ၄၆ မျက်နှာရှိတဲ့ ဒီတိုင်ကြားစာမှာ မြန်မာ နိုင်ငံက ရိုဟင်ဂျာ တစ်သန်းနီးပါး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးစေခဲ့ရတဲ့ ၂၀၁၂ ခုနှစ်နဲ့ ၂၀၁၈ ခုနှစ်က အကြမ်းဖက်တိုက်ခိုက်မှုတွေ အကြောင်း အဓိက တင်ပြထားပါတယ်။
ဒီတိုင်ကြားစာထဲမှာ တပ်မတော်လို့ခေါ်တဲ့ မြန်မာစစ်တပ်နဲ့ စစ်တပ်ထောက်ခံသူတွေက ရိုဟင်ဂျာအရပ်သားတွေကို သတ်ဖြတ်ခဲ့ကြတဲ့အကြောင်း၊ အမျိုးသမီးတွေ၊ မိန်းကလေးနဲ့ ယောကျ်ားလေးတွေကို အုပ်စုဖွဲ့ မုဒိန်းကျင့်ခဲ့ကြပြီး၊ ရိုဟင်ဂျာတွေနေထိုင်တဲ့ မြို့၊ ရွာတွေကို လုံးဝပျောက်ကွယ်သွားအောင် မီးရှို့ အစဖျောက်ခဲ့ကြကြောင်း ဖော်ပြထားပါတယ်။

ကျူးလွန်သူတွေ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာ ဖော်ထုတ်ပေးဖို့၊ လိုအပ်ရင် သူတို့ကိုဖမ်းဆီးဖို့နဲ့ ရာဇဝတ်သားအဖြစ် လွှဲပြောင်းပေးဖို့အပါအဝင် လိုအပ်တဲ့ဆောင်ရွက်ချက်တွေကို ဆုံးဖြတ်ပေးဖို့ ဒီတိုင်ကြားစာမှာ တောင်းဆိုထားပါတယ်။
လက်ရှိမှာတော့ ဒီအမှုအတွက် တရားစွဲသူတွေဘက်က အထောက်အထားတွေ စုဆောင်းနေဆဲ ဖြစ်ပါတယ်။ တရားရုံးမှာ မျက်မြင်သက်သေတွေ လူကိုယ်တိုင် လာရောက်ထွက်ဆိုမှုအပြင်၊ ၂၀၁၇ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ်အတွင်း ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး မစ်ရှင်အဖွဲ့က မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရာနဲ့ချီတဲ့ မျက်မြင်သက်သေတွေကို မေးမြန်းတွေ့ရှိချက်တွေကိုလည်း သက်သေအဖြစ် တင်သွင်းသွားမှာ ဖြစ်ပါတယ်။
ဒီအမှုမှာ အပြစ်ကျူးလွန်သူ ဘယ်သူတွေဆိုတာကို ဖော်ထုတ်နိုင်ပြီးရင် တရားရုံးရှိရာနိုင်ငံကို လွှဲပြောင်းပေးပြီး တရားစီရင်နိုင်လိမ့်မယ်လို့ ယူဆထားတဲ့အကြောင်း၊ ဒီလိုအမှုအခင်းတွေဟာ ပြီးပြတ်ဖို့ ဆယ်စုနှစ်နဲ့ချီပြီး ကြာတတ်တယ်လို့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ အမျိုးသမီးတွေအပေါ် လိင်ပိုင်း အကြမ်းဖက်မှုတွေကို စုံစမ်းစစ်ဆေးဖော်ထုတ်ရေး အကူအညီပေးနေတဲ့ နယူးယောက်မြို့ အခြေစိုက် Global Justice Center က Akila Radhakrisan က ပြောပါတယ်။
ဥပမာအနေနဲ့ ၁၉၉၄ ခုနှစ်က ရဝမ်ဒါနိုင်ငံ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမှာ အဓိကပါဝင်ခဲ့တဲ့ ဝရမ်းပြေး တစ်ဦးကို အခုနှစ် မေလ ၂၃ ရက်နေ့ရောက်မှ ကုလသမဂ္ဂရဲ့ ရာဇဝတ်မှုဆိုင်ရာခုံရုံးက ဝရမ်းထုတ်ပြီး တောင်အာဖရိကနိုင်ငံမှာ ဖမ်းဆီးရမိခဲ့တာကို သူက ထောက်ပြပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် မြန်မာနိုင်ငံက ရိုဟင်ဂျာတွေအပေါ် သတ်ဖြတ်မှု ကျူးလွန်ခဲ့သူတွေကို ဖမ်းဝရမ်းထုတ်နိုင်မယ် ဆိုရင် ရာဇဝတ်ကောင်တွေအဖြစ် အများရှေ့မှာ ရှက်ရွံ့စေမှာဖြစ်ပြီး ပြည်ပခရီးသွားလာဖို့လည်း ခက်ခဲသွားမှာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

အာဂျင်တီးနားနိုင်ငံဟာ ကမ္ဘာ့ဘယ်နိုင်ငံမှာမဆို ဖြစ်ပွားတဲ့ အလွန်ဆိုးဝါးပြင်းထန်တဲ့ ပြစ်မှုတွေအတွက် တရားစွဲဆိုခွင့်ပြုဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ထည့်သွင်းပြဋ္ဌာန်းထားပါတယ်။
ဒါကြောင့်လည်း တခြားနိုင်ငံတွေမှာ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို အာဂျင်တီးနားနိုင်ငံ တရားရုံးမှာ ကြားနာစစ်ဆေးခဲ့တဲ့ သမိုင်းကြောင်း ရှိနေပါတယ်။
၂၀၁၀ ပြည့်နှစ်က စပိန်နိုင်ငံမှာ အာဏာရှင်ဖရန်ကို လက်ထက်က ကျူးလွန်ခဲ့တဲ့အမှုတွေကို ကြားနာ စစ်ဆေးခဲ့ပြီး၊ ၂၀၁၄ ခုနှစ်မှာတော့ ဂါဇာကမ်းမြှောင်ဒေသမှာ အစ္စရေးအာဏာပိုင်တွေ ကျူးလွန်ခဲ့တဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုစွဲချက်အတွက် စစ်ဆေးခဲ့ပါတယ်။
၂၀၁၈ ခုနှစ်မှာလည်း ယီမင်နိုင်ငံမှာ ဖြစ်ပွားတဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု အတွက် ဆော်ဒီအာရေဗျနိုင်ငံ အိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဆယ်လမန် အပေါ် တရားစွဲဆိုတဲ့အမှုကို ကြားနာစစ်ဆေးခဲ့ပါတယ်။