ရိုဟင်ဂျာတွေ စားနပ်ရိက္ခာလျှော့ချခံရမယ့်အရေး စိုးရိမ်

ကုလသမဂ္ဂရဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ဟာ လာမယ့် မတ်လကစပြီး ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ပေးအပ်နေတဲ့ စားနပ်ရိက္ခာ အထောက်အပံ့တွေကို ၁၇ ရာခိုင်နှုန်းအထိ စတင်လျှော့ချသွားမှာ ဖြစ်ပြီး၊ လာမယ့် ဧပြီလမှာ လိုအပ်နေတဲ့ ရန်ပုံငွေ မရဘူးဆိုရင် အဲဒီထက်တိုးပြီး လျှော့ချသွားတော့မှာ ဖြစ်တယ်လို့ ဖေဖော်ဝါရီလ ၁၆ရက် ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူးနဲ့ ကုလသမဂ္ဂစားနပ်ရိက္ခာဆိုင်ရာ အထူးကိုယ်စားလှယ် မိုက်ကယ်ဖာခါရီတို့ ပူးတွဲ ထုတ်ပြန်တဲ့ ကြေညာချက်မှာ

"အစ္စလာမ်ဘာသာဝင်တွေရဲ့ ရာမာဒန် ဥပုသ်လမတိုင်ခင် လာမယ့် ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ပေးအပ်နေတဲ့ စားနပ်ရိက္ခာ အထောက်အပံ့တွေ လျှော့ချတာ စတော့မှာပါ။ ဒါက လက်ခံနိုင်စရာ မရှိပါဘူး။ အခုလို စားနပ်ရိက္ခာအထောက်အပံ့ လျှော့ချရတာဟာ နိုင်ငံတကာအသိုက်အဝန်းကနေ ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ ပျက်ကွက်မှုကြောင့် ဖြစ်ပါတယ်" လို့ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂဟာ အခုအချိန်မှာ လိုအပ်နေတဲ့ ရန်ပုံငွေ ဒေါ်လာ ၁၂၅ သန်း ရရှိဖို့ ကြိုးပမ်းနေပြီး၊ ကမ္ဘာတစ်ဝန်းက အလှူရှင်တွေအနေနဲ့ WFP ရဲ့ ရိုဟင်ဂျာဒုက္ခသည်များရန်ပုံငွေအတွက် ရက်ရက်ရောရာ ထည့်ဝင်လှူဒါန်းကြဖို့ ကုလသမဂ္ဂအထူးကိုယ်စားလှယ်နှစ်ဦးက တိုက်တွန်းနှိုးဆော်ထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်တစ်ဦးဖြစ်တဲ့ ကိုခင်မောင်က အရင်ကတည်းက စားနပ်ရိက္ခာလုံလောက်မှု မရှိတဲ့အတွက် အခုလိုထပ်တိုးပြီး စားနပ်ရိက္ခာအကူအညီတွေ လျှော့ချမယ့် ဆုံးဖြတ်ချက်ကို ပြင်ဆင်ဖို့ နိုင်ငံတကာကို တောင်းဆိုပါတယ်။

“WFP ကနေ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ပုံမှန် ထောက်ပံ့နေတဲ့ ၁၂ ဒေါ်လာကနေ ၁၀ ဒေါ်လာအထိ လျှော့ချမယ့် သတင်းကို ကြားတော့ ကျွန်တော် အင်မတန်ပဲစိတ်ပျက်တယ်။ ဘာလို့လဲ ဆိုတော့ သူတို့ ပုံမှန် ထောက်ပံ့နေတဲ့ ၁၂ ဒေါ်လာနဲ့ ကျွန်တော်တို့ လုံလောက်မှု မရှိဘူး။ ကျွန်တော်တို့ အမြဲတမ်း ပြောနေတယ်။ ဒါနဲ့ ကျွန်တော်တို့ လုံလောက်မှု မရှိဘူး။ ဒါထက်ပိုလိုတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ တောင်းဆိုချက်ကို ဂရုမစိုက်ဘဲ ဆယ်ဒေါ်လာအထိ လျှော့ချဖို့ ဆုံးဖြတ်ထားတာကို ပြင်ဆင်ဖို့ ကျွန်တော်မေတ္တာရပ်ခံပါတယ်။ မဟုတ်ရင် လူတွေက ပိုပြီး ဒုက္ခနဲ့ ရင်ဆိုင်နေရမယ်။ အခု ကျွန်တော်တို့နေတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာလည်း ကုန်စျေးနှုန်းတွေ အများကြီး တက်နေပါတယ်။ ဒီကိစ္စကြောင့် အခြားနိုင်ငံတွေကို သွားနေတဲ့ လူတွေကို ပိုပြီးတော့ သွားဖို့ တွန်းပို့နေတဲ့ ပုံစံဖြစ်နေတယ်။ ဒါကြောင့်မို့ ကျွန်တော် အင်မတန်ပဲ စိုးရိမ်နေပါတယ်။”

ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ကုလသမဂ္ဂရဲ့စားနပ်ရိက္ခာအထောက်အပံ့ လျှော့ချမှုကြောင့် နောက်ဆက်တွဲ ပြဿနာအမျိုးမျိုး ထပ်ဖြစ်လာနိုင်တယ်လို့ လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ (HRW)ရဲ့ အာရှရေးရာ ညွှန်ကြားရေမှူး Phil Robertson ပြောပါတယ်။

“နိုင်ငံတကာအသိုက်အဝန်းဟာ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အခြေခံ အကျဆုံး လိုအပ်ချက်ဖြစ်တဲ့ စားနပ်ရိက္ခာ အတွက်တောင် မဖြည့်ဆည်းပေးနိုင်တဲ့အတွက်၊ ရိုဟင်ဂျာတွေအပေါ်မှာ ထပ်ပြီး တာဝန်ပျက်ကွက်ခဲ့တာဟာ တကယ်ပဲ တုန်လှုပ်စရာ ကောင်းပါတယ်။ အခုဆိုရင် ရိုဟင်ဂျာဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ အကူအညီ ပေးနေတာတွေ မကြာခင်မှာ စတင် လျှော့ချတော့မှာမို့ WFP ကနေ အလှူရှင်တွေ ထပ်ရှာနေရတာကိုက ရိုဟင်ဂျာတွေအပေါ် တာဝန်မကျေမှုကို ပြသနေပါတယ်။ အခုလို လျှော့ချလိုက်တဲ့အတွက် မိသားစုဝင်တွေ၊ ကလေးငယ်တွေအတွက် အစာအစာ မလုံလောက်မှုနဲ့ ဖိစီးမှုတွေ အရင်ဆုံး ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် လူအုပ်စုတွေအကြားမှာ ရန်လိုတိုက်ခိုက်မှုတွေ ဖြစ်လာနိုင်ပါတယ်။ ဒုက္ခသည် စခန်းတွေထဲကနေ အသက်စွန့်ပြီး ထွက်ပြေးကြတဲ့ သူတွေလည်း ပိုများလာနိုင်ပါတယ်။ အဲဒီနောက် လူကုန်ကူးမှုတွေ၊ လုပ်အား အမြတ်ထုတ်မှုတွေလည်း ပိုများလာနိုင်ပါတယ်။ အခုလို စားနပ်ရိက္ခာ အကူအညီလျှော့ချမှုရဲ့ နောက်ဆက်တွဲ ပြဿနာပေါင်းစုံ ထပ်တိုးလာနိုင်ပါတယ်။”

ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာတွေဟာ ဒုက္ခသည်စခန်းတွေ အပြင်ထွက်ပြီး အလုပ်လုပ်ခွင့်မရှိတဲ့အတွက်၊ အခုလို စားနပ်ရိက္ခာအကူအညီ လျှော့ချတာဟာ စိုးရိမ်စရာကောင်းတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ရိုဟင်ဂျာအရေး အကြံပေး ဦးအောင်ကျော်မိုးက ပြောပါတယ်။

000_9NU4DG.jpg
Rohingya refugees offer funeral prayers for Rohingya community leader Mohibullah at Kutupalong Refugee camp in Ukhia on September 30, 2021 a day after Unidentified assailants gunned him down outside his office in a refugee camp. (Photo by Tanbir Miraj / AFP) (TANBIR MIRAJ/AFP)

“ဒီရိုဟင်ဂျာတွေ ၂၀၁၇ ကတည်းက ဒုက္ခသည်များဆိုင်ရာအခွင့်အရေးတွေ မရခဲ့ဘူးပေါ့။ အလုပ်လုပ်ခွင့်တို့ လွတ်လွတ်လပ်လပ်သွားလာခွင့်တို့၊ လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့်တို့ ဒုက္ခသည်တွေ ရသင့်တဲ့ အခွင့်အရေး မရခဲ့တော့၊ ဒီနေ့ ဒီအချိန်အထိ နိုင်ငံတကာအဖွဲ့အစည်းတွေ ပေးတဲ့ အကူအညီတွေကို မှီခိုပြီးတော့ ရှင်သန်နေရတယ်ပေါ့။ တကယ်လို့ အခုလို ခက်ခဲတဲ့ အခြေအနေမျိုးမှာ ကုလသမဂ္ဂအဖွဲ့အစည်းတွေက ရိက္ခာဖြန့်ဝေမှုကို ဖြတ်တောက်လိုက်မယ်ဆိုရင် ရှင်သန်ရပ်တည်မှု အပေါ်မှာ သွားပြီး ထိခိုက်မှုရှိလိမ့်မယ်။ အထူးသဖြင့် ဒုက္ခသည် စခန်းတွေထဲမှာ အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေက ၆၅ ရာခိုင်နှုန်းအထိ ရှိတယ်။ သူတို့အတွက် အစာအာဟာရ ရရှိမှုပေါ်မှာ ထိခိုက်လာပြီးတော့ severe malnutrition တွေအထိ ဖြစ်လာနိုင်တယ်။ ဒါက အင်မတန် စိုးရိမ်ရတဲ့ အချက်ဖြစ်ပါတယ်။ နိုင်ငံတကာ အဖွဲ့အစည်းတွေ အနေနဲ့ ကမ္ဘာ ပေါ်မှာ အရေးပေါ် အခြေအနေတွေ ဖြစ်နေပေမယ့်၊ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး အပြောင်းအလဲ မရှိတဲ့အတွက် ဦးစားပေးအဆင့်အနေနဲ့ ရှိသင့်တယ်လို့ ကျွန်တော် ယူဆပါတယ်”

ဒီရိုဟင်ဂျာဒုက္ခသည်တွေဟာ မြန်မာစစ်တပ်ရဲ့လူမျိုးတုန်း သတ်ဖြတ်မှုမြောက်တဲ့ တိုက်ခိုက်မှုတွေကနေ အသက်မသေပဲ လွတ်မြောက်လာကြသူတွေ ဖြစ်ကြပြီး၊ အခုတော့ သူတို့ဟာ အခြေခံ အကျဆုံး လိုအပ်ချက်ဖြစ်တဲ့ စားနပ်ရိက္ခာ အတွက်တောင် နိုင်ငံတကာ အသိုင်းအဝိုင်းက ဖြည့်ဆည်းပေးဖို့ ပျက်ကွက်မှုရဲ့ ဒဏ်ကို ထပ်ပြီးခံနေကြရတယ်လို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် နှစ်ဦးရဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။