ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး သုံးနှစ်ပြည့်သည်အထိ မသေချာသေး


2020.08.25

ရခိုင်ပြည်နယ် မြောက်ပိုင်းက ရိုဟင်ဂျာတွေကို တပ်မတော်က နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့တာ ဒီနေ့ သြဂုတ်လ ၂၅ ရက်ဆိုရင် သုံးနှစ်ပြည့်ပြီဖြစ်ပါတယ်။ အရင်နှစ်တွေမှာတော့ နှစ်ပတ်လည်အခမ်းအနားတွေ ပြုလုပ်နိုင်ပေမယ့် ဒီနေ့အချိန်မှာတော့ ကပ်ဘေးကာလဖြစ်တာကြောင့် အွန်လိုင်းကနေပဲ လှုပ်ရှားမှုတွေ လုပ်လိုက်ရတယ်လို့ ရိုဟင်ဂျာ အဖွဲ့အစည်းတွေက ပြောကြပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အာရကန် ရိုဟင်ဂျာကယ်တင်ရေးတပ် ARSA အဖွဲ့ကို တပ်မတော်က ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် သြဂုတ်လက နယ်မြေရှင်းလင်းမှု စစ်ဆင်ရေး ဆောင်ရွက်ခဲ့တာကြောင့် ရိုဟင်ဂျာတွေ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရတာ ဒီနေ့ သုံးနှစ်ပြည့်ပြီဖြစ်ပါတယ်။

အကြမ်းဖက် မောင်းထုတ်ခံလိုက်ရတာ သုံးနှစ်ပြည့်သွားပေမယ့် ရိုဟင်ဂျာတွေအနေနဲ့ ဒီနေ့အထိ နေရပ်ကိုမပြန်နိုင်ဘဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ နေထိုင်နေရပြီး တောင်းဆိုချက်တွေလည်း ဒီနေ့အထိ မရသေးဘူးလို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံအခြေစိုက် ရိုဟင်ဂျာ လူငယ်အစည်းအရုံး ဒါရိုက်တာ ဦးခင်မောင်က ပြောပါတယ်။

ရိုဟင်ဂျာတွေရဲ့ တောင်းဆိုချက်တွေဖြစ်တဲ့ နိုင်ငံသားဖြစ်ခွင့်၊ အရင်နေထိုင်ခဲ့တဲ့နေရာတွေမှာ လွတ်လပ်စွာသွား လာနေထိုင်ခွင့်၊ NVC ကတ်ကိစ္စနဲ့ တိုင်းရင်းသားဖြစ်ခွင့် စတာတွေ မရမချင်း မြန်မာနိုင်ငံကို မပြန်နိုင်ဘူးလို့ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ နေထိုင်ရတာကလည်း အကျဉ်းသားလို ဖြစ်နေပြီး လူသားတစ်ဦးရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေတယ်လို့ ပြောပါတယ်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား သဘောတူညီချက်အရ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့ကစပြီး တစ်ရက်ကို ဒုက္ခသည်ဦးရေ ၁၅ဝ နှုန်းနဲ့ စုစုပေါင်း ၂၂ဝဝ ကျော်ကို ပထမဆုံးအသုတ်အနေနဲ့ လက်ခံသွားဖို့ စီစဉ်ခဲ့ပေမယ့် ဒီနေ့အချိန်ထိ နှစ်နိုင်ငံ သဘောတူညီချက်နဲ့ ပြန်လာသူတွေ မရှိသေးပါဘူး။

ဒါပေမဲ့ မိမိသဘာဆန္ဒအရ ပြန်ဝင်လာတဲ့သူ ၇၀၀ လောက်ကို မြန်မာအစိုးရက လက်ခံခဲ့ပါတယ်။ ကိုဗစ်-နိုင်တီးန် ဖြစ်ပွားပြီးနောက်ပိုင်း မိမိသဘောဆန္ဒနဲ့ ပြန်ဝင်လာသူတွေကို လက်ခံရေးအစီအစဉ်ကိုလည်း အစိုးရက ရပ်ဆိုင်းထားပေမယ့် ခိုးဝင်လာသူတွေလည်း ရှိနေပါတယ်။

ကုတုပလောင်ဒုက္ခသည်စခန်း အမှတ် (၇) မှာ နေထိုင်တဲ့ ဦးအောင်မြိုင်က လက်ရှိ ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေ ရှိနေသေးတဲ့အတွက် ရိုဟင်ဂျာတွေကို ပြန်ခေါ်မယ့် မြန်မာအစိုးရရဲ့ လုပ်ဆောင်ချက်တွေဟာ ပြောင်းလဲတိုးတက်မှု မရှိဘူးလို့ ပြောပါတယ်။

မိမိသဘောဆန္ဒအလျှောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်ရောက်လာတာ နှစ်နှစ်လောက် ရှိပြီဖြစ်တဲ့ ရိုဟင်ဂျာ တစ်ဦးက ပြန်ဖို့ဆန္ဒရှိသူတွေကို ပြန်လာစေချင်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်မှာဆိုရင် ARSA အဖွဲ့ဝင်တွေက အနိုင်ကျင့်တတ်ကြောင်း ပြောပါတယ်။

လက်ရှိမှာတော့ မူလနေထိုင်ခဲ့တဲ့နေရာမှာ အန္တရာယ်များတဲ့အတွက် အိမ်ငှားနေထိုင်နေရတယ်လို့ ပြောပါတယ်။ မြန်မာအစိုးရကလည်း ရိုဟင်ဂျာတွေနဲ့ ပတ်သက်ပြီး ပိုမိုပွင့်လင်းမြင်သာစွာ ချပြပြီး ပြန်လာနိုင်အောင် စီစဉ်ပေးမယ်ဆိုရင် ပိုကောင်းမယ်လို့ သူ့အမြင်ကို ပြောပါတယ်။

ရိုဟင်ဂျာတွေ နိုင်ငံသားဖြစ်ခွင့်အတွက် ဥပဒေပုဒ်မတွေ၊ မူလနေထိုင်တဲ့ နေရာမှာ နေထိုင်ရေး တောင်းဆိုချက်တွေကို မလိုက်လျောတာက အဟန့်အတားဖြစ်နေတယ်လို့ ပြောပါတယ်။

ဒီဒုက္ခသည်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လွတ်လပ်စွာ သတင်းအချက်အလက်ရယူခွင့်၊ လှုပ်ရှားသွားလာခွင့်၊ ပညာရေးနဲ့ ကျန်းမာရေး စတဲ့ ကဏ္ဍတွေမှာ ကန့်သတ်ချုပ်ချယ်မှုတွေကို ရင်ဆိုင်နေရသလို ဘင်္ဂလားဒေ့ရှ် လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ဥပဒေမဲ့ သတ်ဖြတ်မှုတွေကိုလည်း ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ရတာ သုံးနှစ်ကြာခဲ့ပြီဖြစ်တဲ့ ရိုဟင်ဂျာဒုက္ခသည် တစ်သန်းနီးပါး ရခိုင်ပြည်နယ်မှာ ပြန်လည်နေထိုင်ရေးအတွက် မြန်မာအစိုးရက ဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့တယ်လို့ နိုင်ငံတကာလူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ HRW က လည်း မနေ့က ပြောကြားထားပါတယ်။

ရခိုင်ပြည်နယ်က မွတ်စလင် အမတ်လောင်း ငါးဦးကို ရွေးကောက်ပွဲဝင်ခွင့် ပယ်ချလိုက်တာကိုကြည့်ခြင်းအားဖြင့် ရိုဟင်ဂျာတွေ ပြန်လာမယ်ဆိုရင်တောင် ဘာမှအကြောင်းထူးမှာမဟုတ်ဘူးလို့ ရိုဟင်ဂျာအရေး လှုပ်ရှားသူ ဦးသာအေးက ပြောပါတယ်။

ရိုဟင်ဂျာတွေ နေရပ်စွန့်ခွာ ထွက်ပြေးသွားရတာ သုံးနှစ်ပြည့်သွားပြီဖြစ်ပေမယ့် ဒီနေ့အထိ ရခိုင်ပြည်နယ် ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေက လူတွေကို ပြန်လည်နေရာချထားရေးတွေ လုပ်ဆောင်မှု အားနည်းနေသေးတယ်လို့ ဦးသာအေးက ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့နှံ့မှု ရုတ်တရက် များပြားလာတဲ့ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး အင်တာနက် ဆက်သွယ်ရေး ကန့်သတ်ထားတာကြောင့် ကူးစက်ရောဂါနဲ့ ပတ်သက်ပြီး အချက်အလက်တွေကို သိခွင့်မရတဲ့ အခြေအနေမှာ ရှိနေပါတယ်။

သုံးနှစ်ပြည့်သွားပေမယ့် ရိုဟင်ဂျာတွေ မပြန်လာတဲ့အတွက် UEHRD လို့ ခေါ်တဲ့ ရခိုင်ပြည်နယ် လူသားချင်းစာနာမှု အကူအညီပေးရေး၊ ပြန်လည်နေရာချထားရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ အစီအစဉ်နဲ့ ဆောင်ရွက်ထားတဲ့ ပြန်လည်နေရာချထားရေး ကိစ္စတွေဟာ ငွေကြေးကုန်ကျသွားတာပဲ အဖတ်တင်ခဲ့တယ်လို့ Fortify Right လူ့အခွင့်အရေးအဖွဲ့က ကိုနစ်ကီက ပြောပါတယ်။

သူ့ရဲ့ ဝေဖန်ချက်နဲ့ ပတ်သက်ပြီး UEHRD ရဲ့ ဒုတိယ ဥက္ကဋ္ဌ ဖြစ်တဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးကို ဒီကနေ့ မေးမြန်းဖို့ ကြိုးစားပေမယ့်လည်း ဆက်သွယ်လို့ မရခဲ့ပါဘူး။

ရခိုင်ပြည်နယ်မြောက်ပိုင်း ၂ဝ၁၇ ခုနှစ် နယ်မြေရှင်းလင်းရေး ဆောင်ရွက်ချက်ကြောင့်  ထွက်ပြေးသွားကြတဲ့ ရိုဟင်ဂျာဒုက္ခသည်အများစုကလည်း တောင်းဆိုမှုတွေ အပြည့်အဝမရရင် နေရပ်ပြန်လာမှာ မဟုတ်ကြောင်း ပြောဆိုထားကြသလို မြန်မာအစိုးရ တာဝန်ရှိသူတွေဘက်ကလည်း ကိုဖီအာနန် ဦးဆောင်ခဲ့တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်ရဲ့ အကြံပြုချက်အတိုင်း တစ်ဆင့်ချင်း ဆောင်ရွက်သွားမယ်ဆိုတဲ့ မူဝါဒ ရှိတာကြောင့် ဒုက္ခသည်တွေကတော့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှာ ဘယ်လောက်အချိန်ချိန်ကြာကြာ ဆက်လက်ခိုလှုံနေရမယ်ဆိုတာကိုတော့ မှန်းဆဖို့ ခက်ခဲပြီး စောင့်ကြည့်ရအုံးမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။