လွတ်ရက်စေ့ ရိုဟင်ဂျာတွေ အကျဥ်းထောင်မှာ ဆက်လက်ထိန်းသိမ်းခံထားရ

RFA Burmese
2024.08.28
လွတ်ရက်စေ့ ရိုဟင်ဂျာတွေ အကျဥ်းထောင်မှာ ဆက်လက်ထိန်းသိမ်းခံထားရ မြောင်းမြအကျဉ်းထောင်မှ လွတ်ငြိမ်းခွင့်ဖြင့် လွတ်မြောက်လာသည့် အကျဉ်းသားများအား ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့က တွေ့ရစဉ်။
MOI

ဧရာဝတီတိုင်း၊ မြောင်းမြအကျဥ်းထောင်နဲ့ မကွေးတိုင်း၊ သရက်အကျဥ်းထောင်မှာ လွတ်ရက်စေ့ပေမဲ့ လုံခြုံရေးအကြောင်းပြချက်နဲ့ ဆက်လက်ထိန်းသိမ်းခံထားရတဲ့ ရိုဟင်ဂျာ ၁၅၀ ကျော် ရှိနေတယ်လို့ အကျဥ်းထောင်နဲ့ နီးစပ်သူတွေနဲ့ ရိုဟင်ဂျာအရေး ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

မြောင်းမြထောင်က လွတ်ရက်စေ့ ရိုဟင်ဂျာ ၁၂၀ ကျော်နဲ့ သရက်ထောင်က သုံးဆယ်ခန့်ကို ဒီနေ့အထိ နေရပ်ပြန်မပို့သေးဘဲ ဆက်လက် ထိန်းသိမ်းထားတာလို့ ဆိုပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြောင်းမြထောင်နဲ့ နီးစပ်သူတစ်ဦးက လွတ်ရက်စေ့တာ ခြောက်လခန့်ရှိနေတဲ့ ရိုဟင်ဂျာတွေကို ရခိုင်မှာ တိုက်ပွဲဖြစ်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြန်မလွှတ်သေးဘူးလို့ RFA ကို ပြောပါတယ်။

“လွတ်ရက်က စေ့သွားတာကြာပြီ။ တချို့ဆို လေး၊ ငါး၊ ခြောက်လလောက် ဖြစ်နေပြီ။ ဒါပေမဲ့ သူတို့က ရိုဟင်ဂျာတွေကို ခါတိုင်း ဘယ်လိုလုပ်လဲဆိုတော့ မောင်တောကို ပြန်ပို့တာတို့ ဘာတို့ လုပ်တယ်။ အခု ဟိုဘက်မှာ စစ်ဖြစ်နေတာ မောင်တောကို ပြန်မပို့နိုင်ဘူး။ သူတို့ကိုလည်း မလွှတ်ပေးဘူး။ မလွှတ်ပေးဘဲနဲ့ သူတို့ကို ထောင်ထဲမှာပဲ အဲဒီအတိုင်း ထားထားတယ်”

မြောင်းမြထောင်က ရိုဟင်ဂျာ တစ်ရာကျော်ဟာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့ကတည်းက လွတ်ရက်စေ့ခဲ့ပေမဲ့ လက်ရှိအထိ အဆောင် ၃၊ အခန်း ၆ နဲ့ အဆောင် ၄၊ အခန်း ၇ မှာ ဆက်ထိန်းသိမ်းထားတာလို့ ဆိုပါတယ်။

ရိုဟင်ဂျာတွေဟာ ထောင်ကျနေချိန် တန်းစီးတွေရဲ့ ညှဥ်းပန်းနှိပ်စက်မှု ခံရတာ၊ ဆေးဝါးအလုံအလောက် ကုသခွင့်မရတာနဲ့ အာဟာရ ချို့တဲ့မှုတွေကြောင့် အခုနှစ် ဖေဖော်ဝါရီမှာ နှစ်ဦး၊ ဇွန်မှာ နှစ်ဦး သေဆုံးခဲ့တယ်လို့ ရိုဟင်ဂျာအရေး ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

“လွတ်ရက်စေ့သူတွေကို ဆက်လက်ထိန်းသိမ်းထားတာဟာ ဥပဒေနဲ့မညီပါဘူး”

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) တာဝန်ရှိသူ ကိုသိုက်ထွန်းဦးကလည်း ရခိုင်ပြည်နယ်မှာ မတည်ငြိမ်မှုအပါအဝင် အခြားအကြောင်းပြချက်တွေနဲ့ မြောင်းမြထောင်က လွတ်ရက်စေ့ ရိုဟင်ဂျာတစ်ရာကျော် ပြန်မလွှတ်ပေးဘူးလို့ RFA ကို ပြောပါတယ်။

ဧရာဝတီတိုင်း မြောင်းမြမြို့နယ်၊ ငါးမြင်းချောင်းကျေးရွာအနီးတွင် ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၉ ရက်နေ့က ‌ဖမ်းဆီးခံခဲ့ရသည့် ရိုဟင်ဂျာများအား တွေ့ရစဉ်။ (Photo: SKA)
ဧရာဝတီတိုင်း မြောင်းမြမြို့နယ်၊ ငါးမြင်းချောင်းကျေးရွာအနီးတွင် ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၉ ရက်နေ့က ‌ဖမ်းဆီးခံခဲ့ရသည့် ရိုဟင်ဂျာများအား တွေ့ရစဉ်။ (Photo: SKA)

ရိုဟင်ဂျာအရေး ကူညီဆောင်ရွက်ပေးနေသူ တစ်ဦးကတော့ လွတ်ရက်စေ့ ရိုဟင်ဂျာတွေကို လုံခြုံရေးအရ နေရပ်ပြန်မပို့နိုင်ရင်တောင် အကျဥ်းထောင်မှာ ဆက်မထားသင့်ဘူးလို့ RFA ကို ပြောပါတယ်။

“သူတို့က အဓိကဖမ်းတာ လဝက ဥပဒေနဲ့ ဖမ်းတာလေ။ ဒီအလုပ်က လဝကဆိုတော့ လွတ်ရက်စေ့တဲ့အချိန်မှာ သူတို့က လဝကကိုပဲ လွှဲချတာ။ လဝက က တာဝန်ယူပြီးတော့ အဲဒီလူတွေကို သက်ဆိုင်ရာ မြို့နယ်တွေကို ကားနဲ့တင်ပေးတယ်။ ခုတိုင်း သူတို့ လုပ်နေကြလေ။ အခုနောက်ပိုင်းမှာတော့ ရခိုင်မှာလည်း စစ်တွေဖြစ်နေတော့ AA နဲ့ စစ်ဖြစ်နေတယ်ဆိုတော့ အခုက လုံခြုံရေးအရပေါ့။ သူတို့ မပို့ဘူးဆိုတဲ့ဟာ။ တကယ်လို့ မပို့ရင်လည်း သူတို့က အမှန်မှန် ထောင်ထဲမှာ မထားသင့်ဘူးပေါ့။ သူတို့ကို သက်ဆိုင်ရာ တာဝန်ယူနိုင်တဲ့သူ တစ်ယောက်ဆီမှာ ထားမယ်ဆိုရင်တော့ ပိုကောင်းတာပေါ့။ သူတို့လည်း လွတ်လပ်မှုရှိတာပေါ့”

ပြီးခဲ့တဲ့နှစ်တွေအတွင်း ဧရာဝတီတိုင်းမှာ ဖမ်းဆီးခံခဲ့ရတဲ့ ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းနဲ့ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသက နေရပ်စွန့်ခွာလာသူတွေ ဖြစ်ပါတယ်။


ဆက်နွှယ်သောသတင်းများ

မြောင်းမြထောင်မှာ လွတ်ရက်စေ့ ရိုဟင်ဂျာလေးဦး သေဆုံးခဲ့ကြောင်း နိုင်ကျဉ်းတွေပြော

ရိုဟင်ဂျာဒုက္ခသည်တွေ အကျဉ်းထောင်တွင်း ဖိနှိပ်ညှဉ်းပန်းခံနေရ

သံဖြူဇရပ်မှာ ဖမ်းဆီးခံထားရတဲ့ ရိုဟင်ဂျာ ၁၄၀ ကို လူဝင်မှု ဥပဒေနဲ့ တရားစွဲဆို


ရိုဟင်ဂျာအရေးကူညီပေးနေတဲ့ ရှေ့နေတွေကတော့ နေရပ်နေစွန့်ခွာလာတဲ့ ရိုဟင်ဂျာတွေ ဖမ်းဆီးခံရရင် စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက လတ်တလော ပြဋ္ဌာန်းချက် အက်ဥပဒေ ပုဒ်မ - ၆(၂)၊ ၆(၃) နဲ့ တရားစွဲပြီး ထောင်နှစ်နှစ်ကနေ ငါးနှစ်အထိ ချလေ့ရှိတယ်လို့ ဆိုပါတယ်။

လုံခြုံရေး အမည်မဖော်လိုတဲ့ တရားလွှတ်တော်ရှေ့နေတစ်ဦးက လွတ်ရက်စေ့သူတွေကို ဆက်လက်ထိန်းသိမ်းထားတာဟာ ဥပဒေနဲ့မညီဘူးလို့ RFA ကို ပြောပါတယ်။

“ခုန လုံခြုံရေးတွေ မတည်မငြိမ် ဖြစ်နေတဲ့အတွက် မလွှဲပေးနိုင်ဘူး ဆိုရင်လည်းပဲ အမှန်ကတော့ ဒါ အကျဥ်းထောင်ထဲမှာ ထိန်းသိမ်းထားရမှာ မဟုတ်ဘူး။ သူက အခြားပေါ့။ ပြင်ပလွတ်လပ်တဲ့ နေရာတစ်ခုခုမှာပေါ့။ ဟို လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနရဲ့ လက်အောက်က ဒါဦးစီးဌာနတစ်ခုခုရဲ့လက်အောက်မှာ ဒါသူတို့ရဲ့ လူ့အခွင့်အရေး အပြည့်အဝပေါ့။ စားနပ်ရိက္ခာ အပြည့်အဝနဲ့ ဒီလိုမျိုး လွှဲပြောင်းပြီးတော့ ထိန်းသိမ်းထားရမှာ ဖြစ်ပါတယ်။ အကျဥ်းထောင်အနေနဲ့ကတော့ လွတ်ရက်စေ့သွားတဲ့ အကျဥ်းသားကို ဘယ်လိုမှ ထောင်ထဲမှာ ဆက်လက်ပြီး ထိန်းသိမ်းထားဖို့ဆိုတာ ဥပဒေနဲ့ ညီညွတ်တယ်လို့တော့ ကျွန်တော်တော့ မမြင်ဘူး”


မြန်မာ့လူ့အခွင့်အရေးကွန်ရက် (BHRN) ညွှန်ကြားရေးမှူး ဦးကျော်ဝင်းကလည်း လွတ်ရက်စေ့သူတွေကို အကျဥ်းထောင်မှာ ဆက်လက်ထိန်းသိမ်းထားတာဟာ လူအခွင့်အရေး ချိုးဖောက်တဲ့အပြင် ရာဇဝတ်မှုပါ ကျူးလွန်တာလို့ ဝေဖန်ပါတယ်။

“အကျဥ်းကျရက် စေ့သွားပြီး တစ်စက္ကန့်ဆိုတာနဲ့ အဲဒီလူတွေက အဲဒီအကျဥ်းထဲမှာ မရှိသင့်တော့ဘူးပေါ့နော်။ ဆိုတော့ အဲဒီအကျဥ်းရက် စေ့သွားပြီးတော့ ဆက်လက် နေနေရတယ်ဆိုတာက ဒါ ဒီလူတွေအပေါ်မှာ အစိုးရတစ်ရပ်အနေနဲ့ တိုင်းပြည်အနေနဲ့ရော၊ အာဏာပိုင်အနေနဲ့ရော၊ ဘယ်သူမဆို အခုလို အကျဥ်းချထားတဲ့ လူတွေဟာ ဒါလူ့အခွင့်အရေး ချိုးဖောက်မှုတင်မကဘဲ ဒါရာဇဝတ်မှု ကျူးလွန်နေတဲ့ ပြစ်မှုတစ်ခု ဖြစ်တယ်ပေါ့နော်”

ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ အကျဥ်းဦးစီးဌာနပြောခွင့်ရသူ ဒုတိယညွှန်ကြားရေးမှူးချုပ်ရုံးနဲ့ ဧရာဝတီတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

ရခိုင်ပြည်နယ်၊ မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်က ရိုဟင်ဂျာတွေဟာ ၂၀၁၇ ခုနှစ်၊ သြဂုတ် ၂၅ ရက်နေ့ကတည်းက စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးကြောင့် တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရပါတယ်။

အခု ၂၀၂၄ ခုနှစ်၊ သြဂုတ် ၄ ရက်နေ့ကလည်း မောင်တောမြို့ကို အာရက္ခတပ်တော် (AA) က စတင် ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် ရိုဟင်ဂျာတွေဟာ အစုလိုက်၊ အပြုံလိုက် ထပ်မံထွက်ပြေးနေရဆဲ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။