မြို့နယ်သုံးခုမှာ လေကြောင်းတိုက်ခိုက်ခံရပြီး အရပ်သားလေးဦးသေ၊ ခုနစ်ဦးဒဏ်ရာရ
2023.04.01
စစ်ကိုင်းတိုင်း ထီးချိုင့်၊ ကလေးနဲ့ ဒီပဲယင်းမြို့နယ်တွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ မတ်လ ၃၁ ရက် မနေ့က တိုက်ခိုက်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် အနည်းဆုံး အရပ်သားလေးဦး သေဆုံးခဲ့ပြီး ခုနစ်ဦး ဒဏ်ရာရခဲ့တဲ့အပြင် တစ်သောင်း ရှစ်ထောင်ဝန်းကျင် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။
ထီးချိုင့်မြို့နယ် ဝဲကြီးရွာအနီးမှာ မတ်လ ၃၁ ရက် မနက်ပိုင်းက တိုက်ပွဲဖြစ်ခဲ့ပြီးနောက် ညနေ ၄ နာရီခွဲဝန်းကျင်မှာ စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီတိုက်ခိုက်မှုအတွင်း ဒေသခံ လင်မယားနှစ်ဦး သေဆုံးပြီး ကိုးဦး ဒဏ်ရာရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“(ဝဲကြီးရွာ) ဘုရားကုန်း (ရပ်ကွက်) ဆိုတဲ့နေရာမှာ မနက်ခင်းတုန်းက တိုက်ပွဲဖြစ်တယ်တဲ့။ လေယာဉ်ပစ်တဲ့အချိန်မှာ တိုက်ပွဲပြီးသွားပြီ။ တဲထဲဝင်ပြေးကြတာ လေယာဉ်တွေလာတော့။ ကိုးယောက်ဒဏ်ရာရတယ်။ နှစ်ယောက်က ပွဲချင်းပြီး သေတယ်။ ကိုစိုးနိုင်တဲ့ အသက် သူက ၄၈ နှစ်။ ဒေါ်ညိုမဲ့က ၄၆ နှစ်ဗျ။ အဲဒီမှာ ပွဲချင်းပြီးသေတဲ့ နှစ်ယောက်ရဲ့ သတင်းပဲရတယ်။ ညကျတော့ နှစ်ယောက်သေတယ် အဲဒီသတင်းတော့ မရသေးဘူး။ လေးယောက်ရှိပြီ သေသွားတာ”
ဝဲကြီးရွာအနီးက ပေါက်ကုန်းရွာကိုလည်း လေယာဉ်နဲ့ဗုံးကြဲလို့ နေအိမ်တစ်လုံးနဲ့ စာသင်ကျောင်း တစ်ကျောင်းပျက်စီးခဲ့ပါတယ်။ ဒီအပြင် ညောင်ပင်သာရွာနဲ့ ကုက္ကိုလ်ကုန်းရွာတွေကိုလည်း ဗုံးနှစ်လုံး ကြဲချခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။
ဒီလို လေကြောင်းတိုက်ခိုက်မှုကြောင့် ထီးချိုင့်မြို့နယ် ရွာပေါင်း ၁၀ ရွာက ဒေသခံပေါင်း တစ်သောင်းနီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။
"လေယာဉ်ပစ်တဲ့အချိန်မှာ တိုက်ပွဲပြီးသွားပြီ။ တဲထဲဝင်ပြေးကြတာ လေယာဉ်တွေလာတော့။"
အလားတူ ကလေးမြို့နယ် ပျဉ်းတော်ဦးရွာအနီး မတ်လ ၃၁ ရက် မနေ့ကက တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် ညနေပိုင်းမှာ စစ်ကောင်စီက ရဟတ်ယာဉ်နဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် ဒေသခံငါးထောင်ခန့် ကလေးမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ ကလေးမြို့က လူမှုကူညီရေး အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“ကျနော်ဒီမနက်ပဲ စစ်ရှောင်တွေကို သွားယူတာပေါ့နော်။ သုံးစီးနဲ့သွားတာ။ ကိုယ့်အစီအစဉ်နဲ့ ကိုယ်လာတဲ့သူလည်း ရှိတယ်။ ဆိုင်ကယ်၊ ဆိုက်တွဲ၊ ကား မျိုးစုံပဲ။ တစ်မနက်လုံးပဲ။ ဒီနေ့ကျနော်တို့ သွားယူတာဆိုရင် ညောင်ကုန်းရွာကပေါ့နော်။ ချင်းစုတို့ လက်ပံချောင်းတို့ အများကြီးပဲ။ ထောင်နဲ့ချီရှိမယ်။ လေးငါးရွာလောက်ကနေ ပြေးတာဆိုတော့လေ။ ငါးထောင်ဝန်းကျင်လောက်ရှိတယ်။ ခက်တာက တစ်စုတစ်ခဲတည်း မနေဘဲနဲ့ ကိုယ့်ရဲ့နီးစပ်ရာ ပတ်သက်ရာ သွားကြတယ်”
ညောင်ကုန်းရွာမှာ ရွာသားတွေ စစ်ဘေးတိမ်းရှောင်ဖို့ ကူညီပေးနေသူ အမျိုးသား တစ်ဦးလည်း မတ်လ ၃၁ ရက်နေ့က သေနတ်ကျည်ထိမှန်ပြီး သေဆုံးခဲ့တယ်လို့ သူက ပြောပါတယ်။
ဒီအပြင် ဒီပဲယင်းမြို့နယ် ဘုရားထွက်ရွာ အနီးမှာလည်း မတ်လ ၃၁ ရက် ညနေ ၅ နာရီဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက် တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ ပစ်ခတ်တာ ခံခဲ့ရတယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“အင်အားက ၂၀၀ ကျော်ကျော်လောက်နဲ့လာတယ်။ နှစ်ဖွဲ့ခွဲပြီးတော့ တစ်ဖွဲ့က စိုင်ပြင်ကြီးမြို့ကို ၁၂၀ လောက် ပြန်ဝင်သွားတယ်။ ၈၀ လောက်ပဲ အဲဒီမှာထွက်လာတာ။ တိုက်ပွဲစဖြစ်တာက ၅ နာရီဝန်းကျင်က စဖြစ်တာ။ တိုက်ပွဲဖြစ်ပြီး ၅ နာရီ ၁၅ မိနစ် ဝန်းကျင်လောက်မှာ ရဟတ်ယာဉ်ရောက်လာပြီးတော့ ၄၅ မိနစ်လောက် ပစ်သွားတာပေါ့။ မုံရွာ နမခ ကနေပြီး တက်လာတဲ့ Mi-35 ပါ”
စစ်ကောင်စီဟာ ကုန်းကြောင်းကနေလည်း စစ်ကြောင်းထိုးခဲ့ပြီး မကြီးဇောက်ရွာ၊ အေးသာယာရွာနဲ့ ဘုရားထွက်ရွာတွေကို ဝင်ရောက်မီးရှို့ခဲ့တယ်လို့ သူက ပြောပါတယ်။ ဘုရားထွက်ရွာထဲမှာ စစ်ကောင်စီတပ်တွေ ရှိနေဆဲဖြစ်တဲ့အတွက် မီးလောင်ပျက်စီးမှု အခြေအနေအသေးစိတ်ကို မသိရသေးဘူးလို့ဆိုပါတယ်။
မီးရှို့ခံရတဲ့ ရွာသုံးရွာအပါအဝင် ရွာပေါင်းခြောက်ရွာက ဒေသခံ သုံးထောင်ခန့်ကတော့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
စစ်ကိုင်းတိုင်းအတွင်း နယ်မြေရှင်းလင်းရေး ဆောင်ရွက်မှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီက သတင်းတစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးပါဘူး။ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ ဦးအေးလှိုင်ကတော့ အရပ်သားသေဆုံး၊ ထိခိုက်မှုတွေကို နေ့တိုင်းကြားရတဲ့အတွက် ဝမ်းနည်းတယ်လို့ ပြောပါတယ်။
ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) ရဲ့ မတ်လထုတ် အစီအရင်ခံစာပါ အချက်အလက်တွေအရ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ ၂၀၂၁ ဖေဖော်ဝါရီကနေ ၂၀၂၂ ခုနှစ် ဇန်ဝါရီအတွင်း ၁၂၅ ကြိမ် ရှိရာကနေ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီကနေ ၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်း ၃၀၁ ကြိမ်အထိ နှစ်ဆကျော် မြင့်တက်လာပါတယ်။