စစ်ကိုင်းတိုင်းမှာ မြို့သိမ်းတိုက်ပွဲများ ပြင်းထန်နေ

RFA Burmese
2024.08.26
စစ်ကိုင်းတိုင်းမှာ မြို့သိမ်းတိုက်ပွဲများ ပြင်းထန်နေ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ယင်းမာပင်ခရိုင် ဗျုဟာ (၄၇) ဖွဲ့စည်းခြင်း အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့က ကျင်းပစဉ်။
Screenshot: Ministry of Defence - National Unity Government of Myanmar - Facebook Video

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်ပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ဩဂုတ်လ ၂၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဩဂုတ်လ ၁၇ ရက်နေ့က စတင်တိုက်ခိုက်ခဲ့ပြီး ဩဂုတ်လ ၂၅ ရက်နေ့က သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲမှာ ပြင်ဦးလွင်၊ မန္တလေး၊ ရွှေဘိုနဲ့ ကန့်ဘလူခရိုင်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပါဝင်တယ်လို့ NUG က ပြောပါတယ်။

အဲဒီတိုက်ပွဲမှာ သပိတ်ကျင်း၊ မိုးကုတ်နဲ့ စဥ့်ကူးမြို့နယ်တွေကို အုပ်ချုပ်ရတဲ့ ခရိုင်စစ်ကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး စိုးမင်းသူကို လက်ရဖမ်းမိပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိတယ်လို့ ဖော်ပြပါတယ်။

စစ်သုံ့ပန်းတွေကို ဥပဒေအရ ထိန်းသိမ်းထားတယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

"ထွက်ပြေးတဲ့သူတွေလည်းရှိတယ်၊ ဖမ်းထားတဲ့သူတွေလည်းများတယ်။ သုံ့ပန်းတွေများပါတယ်။ ဒုဗိုလ်မှူးကြီးကို ကျွန်တော်တို့ ဖမ်းဆီးထားနိုင်ပါတယ်။ ပြေးတဲ့သူကလည်း ပြေးကြတယ်။ တချို့ လက်နက်ချတဲ့သူကလည်း လက်နက်ချတယ်ပေါ့။ သုံ့ပန်းတွေ ကျွန်တော်တို့ ကောင်းကောင်းမွန်မွန်ပဲ ထိန်းသိမ်းထားပါတယ်ဗျ"

သပိတ်ကျင်းမြို့နဲ့ မိုင် ခုနစ်ဆယ်လောက်မှာရှိတဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်း ထီးချိုင့်မြို့ကိုလည်း ကာကွယ်ရေးပူးပေါင်းတပ်တွေက ဩဂုတ်လ ၂၁ ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့ပြီး မြတောင်တပ်စခန်းကို သိမ်းပိုက်ရရှိထားပြီလို့ RFA ရဲ့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်ကောင်စီတပ်ကလည်း လေကြောင်းကနေ ပြန်ပြီး အပြင်းအထန် တိုက်ခိုက်နေတယ်လို့ စစ်ဘေးဒုက္ခသည်တစ်ဦးက RFA ကိုပြောပါတယ်။

"ပထမဆုံးနေ့က Y 12 နဲ့ လာတုန်းကတော့ ဗုံးအလုံးရေ ငါးဆယ်ကျော်တယ်။ လေယာဉ်တစ်စီးတည်းနဲ့ တစ်ခါချရင် ဗုံးအလုံးရေ ငါးလုံး၊ ခြောက်လုံး အဲဒီလိုပေါ့။ ဂျက်ဖိုက်တာနဲ့လည်း လေးခေါက် လာပစ်တယ်။ ဒီက အသံတွေ ကြားနေရတယ်။ နောက်ရက်တွေကျတော့လည်း Y12 နဲ့ ကင်းထောက်တာ ကြားတယ်၊ ဗုံးချတာ ကြားတယ်။ နောက် ဂျက်ဖိုက်တာတွေ လာတယ်။ အဲဒီလိုဆိုတော့ အလုံးရေတော့ များတာပေါ့။ အခေါက်ရေက နှစ်ဆယ်လောက်တော့ရှိမယ်"


ဆက်နွှယ်သောသတင်းများ

အင်းတော်ရဲစခန်းက အချုပ်သား ၁၆ ဦးကို KIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေ ကယ်ထုတ်

ထီးချိုင့် မြတောင်စခန်းကို ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်

အင်းတော်မှာ တိုက်ပွဲတွေကြောင့် ဒေသခံ နှစ်သောင်းခန့် မြို့ကိုစွန့်ခွာ


ထီးချိုင့်မြို့ကို မနှစ်က နိုဝင်ဘာလတုန်းကလည်း ပထမအကြိမ် သိမ်းခဲ့ပြီး နောက်ပိုင်းမှာ စစ်ကောင်စီဘက်က ပြန်လည် တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ ဒေသခံတွေကတော့ ပထမအကြိမ် မြို့သိမ်းတိုက်ပွဲကတည်းက မြို့ကိုစွန့်ခွာသွားကြပါတယ်။

ထီးချိုင့်မြို့နဲ့ မိုင်လေးဆယ်လောက်ဝေးတဲ့ အင်းတော်မြို့မှာတော့ မြို့တွင်းနေရာအများစုကို တော်လှန်ရေးပူးပေါင်းတပ်တွေ ထိန်းချုပ်ထားပြီး ပြန့်ကြဲနေတဲ့ စစ်ကောင်စီတပ်က စစ်တပ်စခန်းကုန်း တစ်နေရာတည်းမှာပဲ စုစည်းလိုက်ပြီး ခံစစ်ပြင်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ အဲဒီနေရာကိုလည်း တော်လှန်ရေးပူးပေါင်းတပ်တွေက ဆက်လက်တိုက်ခိုက်နေတယ်လို့ အင်းတော်ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

"အင်းတော်မြို့ထဲမှာတော့ မြို့သိမ်းတိုက်ပွဲတွေ စတာက သြဂုတ်လ ၁၆ ရက်နေ့က စတာပေါ့။ အခြေအနေကတော့ အခုချိန်ထိတော့ တိုက်ပွဲတွေ ဖြစ်နေဆဲပေါ့နော်။ တိုက်ပွဲရက်အတွင်းမှာတော့ စစ်ကောင်စီတပ်စခန်းပေါ့။ နဘားအထိုင်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းနှစ်ခုကို သိမ်းလို့ရထားတာရှိတယ်။ ကျန်တဲ့ဟာက စစ်သားတွေအားလုံးက အင်းတော်စစ်တပ်ကုန်းမှာပဲ စုသွားတယ်ဆိုတော့ အဲဒီစစ်တပ်ကုန်းကိုပဲ တိုက်နေတဲ့ အနေအထားပေါ့"

အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်း အရပ်သား သုံးဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရထားသလို မြို့ခံ နှစ်သောင်းကျော်လည်း တိမ်းရှောင်နေကြပါတယ်။

ဩဂုတ်လ ၂၄ ရက်နေ့ကတော့ အင်းတော်မြို့ ရဲစခန်းအချုပ်မှာ ဖမ်းထားတဲ့သူ ၁၆ ဦးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

အင်းတော်မြို့ ရဲစခန်းအား တွေ့ရစဥ်။ (Citizen Photo)
အင်းတော်မြို့ ရဲစခန်းအား တွေ့ရစဥ်။ (Citizen Photo)

ထီးချိုင့်မြို့ရဲ့ အနောက်ဘက် မိုင်ကိုးဆယ်ကျော်မှာရှိတဲ့ ပင်လည်ဘူးမြို့ကိုလည်း ဩဂုတ်လ ၁၅ ရက်နေ့ကတည်းက တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်နေပါတယ်။ စစ်ကောင်စီတပ်ကလည်း လေကြောင်းနဲ့ ပြန်တိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီမြို့တွေက စစ်ကောင်စီတပ်စခန်းတွေကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ (PDF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်း တိုက်ခိုက်နေတာပါ။

ဒီတိုက်ပွဲတွေဟာ စစ်ရေးဗျူဟာအရ အရေးပါတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေက ပြောပါတယ်။

"ဒီဒေသတွေက မဟာဗျူဟာအရလည်း အရေးပါတယ်လို့ ပြောလို့ရတယ်။ ထီးချိုင့်မြို့ဆိုရင်လည်း ဧရာဝတီမြစ် အနောက်ဘက်ခြမ်းမှာ ရှိပေမဲ့လည်း ဧရာဝတီမြစ် အရှေ့ဘက်ခြမ်း မန္တလေး-ဗန်းမော် ကားလမ်းမကြီးကို ထီးချိုင့်တံတားနဲ့ ဆက်သွယ်ထားသလိုပဲ အနောက်ဘက်ခြမ်းမှာရှိတဲ့ ရွှေဘို-မြစ်ကြီးနားလမ်းပေါ်မှာလည်း ခွပြီးတော့ ထိုင်ထားတာပါ။ အဲဒါကြောင့်လည်း ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း ဆက်သွယ်တဲ့နေရာမှာ အဓိက ဝင်ပေါက်လို့ ပြောလို့ရပါတယ်"

စစ်ကောင်စီတပ်ဟာ အခုဖြစ်နေတဲ့တိုက်ပွဲတွေမှာ လက်နက်ကြီးနဲ့ လေကြောင်းကိုပဲ အားကိုးနေရတယ်လို့ CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ်ပါတယ်။

"တိုက်စစ်ဆိုတာထက် ခံစစ်ဆင်နေတဲ့ အနေအထားမှာပဲ ရှိတော့တယ်၊ ဒီမြေပြင်တပ်တွေက။ အဲဒီတော့ သူတို့မှာ တိုက်စစ်ပြန်ဖို့ဆိုတာက လေကြောင်းနဲ့ ဒီလက်နက်ကြီးအားပဲ ရှိတော့တာပေါ့နော်"

"ဒီစစ်ကိုင်းအထက်ပိုင်းတိုက်ပွဲက ဒီတော်လှန်ရေးအတွက်ပေါ့နော်၊ စစ်ကိုင်းနဲ့ ကချင် အခုဆိုရင် စစ်ကိုင်း၊ ကချင်၊ ရှမ်းမြောက်၊ မန္တလေးပေါ့နော်၊ အဲဒီလိုမျိုး နယ်နိမိတ်မျဉ်းတွေကို ပေါင်းစပ်ညှိနှိုင်းပေးနိုင်မယဲ့ အနေအထားထိ ရှိနေတယ်လို့ ပြောရမှာဖြစ်ပါတယ်။ စစ်ကောင်စီကလည်း ဒီတန်ပြန် တိုက်စစ်ဆိုတာထက် ဒီခံစစ်ဆင်နေတဲ့ အနေအထားမှာပဲ ရှိတော့တယ်၊ ဒီမြေပြင်တပ်တွေက။ အဲဒီတော့ သူတို့မှာ တိုက်စစ်ပြန်ဖို့ဆိုတာက လေကြောင်းနဲ့ ဒီလက်နက်ကြီးအားပဲ ရှိတော့တာပေါ့နော်"

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

စစ်ကိုင်းတိုင်းထဲမှာ မြို့ပေါင်းငါးဆယ် ရှိပါတယ်။ အဲဒီအထဲက ခါမ်းပါတ်၊ မြို့သစ်၊ ရွှေပြည်အေးနဲ့ မော်လူး မြို့တွေကို ကာကွယ်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်ထားပါတယ်။ ကောလင်းနဲ့ ဒီပဲယင်းမြို့တွေကိုတော့ ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပေမဲ့ ပြန်လက်လွှတ်ခဲ့ရပါတယ်။

လက်ရှိအချိန်အထိ နိုင်ငံတစ်ဝန်းက မြို့ပေါင်း ခုနစ်ဆယ်ဝန်းကျင်ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ NUG-PDF ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။