ကျွန်းလှမြို့နယ် ရွာသုံးရွာက နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရ

RFA Burmese
2023.05.29
ကျွန်းလှမြို့နယ် ရွာသုံးရွာက နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရ ၂ဝ၂၃ ခုနှစ် မေလ ၁၆ ရက်နေ့က စစ်ဘေးရှောင်လာကြသည့် စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ်မှ ဒေသခံများအား တွေ့ရစဉ်။
ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်ကရွာတွေကို စစ်ကောင်စီတပ်သား အင်အား ၁၅ဝ ကျော်လောက် စစ်ကြောင်းထိုးဝင်ရောက်နေလို့ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

ကုက္ကိုကုန်းနဲ့ လွှတ်တိုက်ရွာနှစ်ရွာကို မနေ့မနက်အစောပိုင်းကစလို့ ဝင်ရောက်နေတာဖြစ်ပြီး၊ မနေ့ညပိုင်းကလည်း ဆည်းလည်းကျေးရွာကို ဝင်ရောက်စီးနင်းခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကြောင်းဖြတ်လာတဲ့ အဲဒီရွာသုံးရွာက နေအိမ်တွေ မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေကို အကူအညီပေးနေတဲ့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ခံက RFA ကိုပြောပါတယ်။

"ဒီနေ့မနက်ပဲ ကုက္ကိုကုန်းရွာမှာ ညအိပ်တာပေါ့နော်။ ခမရ ၃၆၁က ကုက္ကိုကုန်းရွာမှာ ညအိပ်၊ ညအိပ်ပြီးတော့မှ ဒီမနက်ခင်းမှာ ဒီကုက္ကိုကုန်းရွာကို မီးရှို့တယ်။ မီးရှို့ပြီးတော့မှ ဒီ လွှတ်တိုက်ဘက်ကို သွားတယ်။ ဒီ လွှတ်တိုက်ဘက်မှာလည်း မီးရှို့တယ်ပေါ့။ ရှို့ပြီးတော့မှ ဒီအခုဆည်းလည်းကျွေးရွာဘက်ကို သွားနေတယ်လို့ကြားတယ်။"

ထွက်ပြေးနေတဲ့သူတွေအတွက် အကူအညီတွေလိုနေတယ်လို့လည်း ပြောပါတယ်။ အခုလက်ရှိ အဲဒီကရွာတွေမှာ စစ်ကြောင်းတွေ တပ်စွဲထားတယ်လို့လည်း ဆိုပါတယ်။

"အဲဒီဒေသမှာ တိုက်ပွဲတွေဖြစ်နေလို့ စစ်တပ်က မီးရှို့တာလား၊ ဒီအတိုင်း ရမ်းသမ်းပြီးတွေ့တာမီးရှို့နေတာလား"

"တိုက်ပွဲကတော့ ဘာတိုက်ပွဲမှမရှိဘူး။ ဒါပေမဲ့ အလွှတ်ရှို့သွားတဲ့ပုံပေါ့။"

"ဒေသခံ ဘယ်နှယောက်လောက် ထွက်ပြေးနေရလဲ"

"ကုက္ကိုကုန်းရွာ၊ တောင်ယာဆိပ်၊ ဆည်းလည်းပေါ့နော်။ အဲ့ဒီရွာတွေက အားလုံးပေါင်း ၁၆ ရွာ လောက်ရှိတယ်။ အားလုံးပေါင်း စစ်ရှောင်ဦးရေ တစ်သောင်းဝန်းကျင်လောက်ရှိတယ်လို့ ခန့်မှန်းရတာပေါ့။"

"ရွာတွေထဲ စစ်ကြောင်းထိုးနေတုန်းဆိုတော့ သူတို့ ဘယ်တွေ ပြေးနေရလဲ"

"နီးစပ်ရာ ရွာတွေကိုပြေးကြရတာပေါ့။ အဲ့လိုပြေးရှောင်နေကြရတဲ့ သဘောပေါ့လေ။"

လတ်တလော အဲဒီဒေသမှာ အင်တာနက်လိုင်းကောင်းကောင်းမရတာကြောင့် နေအိမ်ဘယ်နှလုံး မီးရှို့ခံရလဲဆိုတာ မသိသေးပါဘူး။

တိုက်ပွဲမရှိဘဲ ရွာတွေကိုဝင်စီးပြီး မီးရှို့နေတာနဲ့ ပတ်သက်လို့ မေးမြန်းဖို့ စစ်ကောင်စီ စစ်ကိုင်းတိုင်းပြောခွင့်ရဆီကို RFA က ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ရွာတွေ မီးရှို့ဖျက်ဆီးခံရကြောင်း ဒေသခံတွေက ဓာတ်ပုံ၊ ဗီဒီယိုမှတ်တမ်းတွေနဲ့ အတိအကျ ပြောဆိုနေကြပေမဲ့ စစ်ကောင်စီဘက်ကတော့ သူတို့မီးရှို့တာမဟုတ်ဘူးလို့ အမြဲငြင်းဆိုနေပါတယ်။

လွတ်လပ်တဲ့ သုတေသနအဖွဲ့ဖြစ်တဲ့ Data For Myanmar အဖွဲ့ရဲ့ စာရင်းတွေအရ စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီလက်ချက်နဲ့ အိမ်ပေါင်းအလုံးခြောက်သောင်းကျော် မီးရှို့ခံရပြီး၊ စစ်ကိုင်းတိုင်းမှာ မီးရှို့ခံရတဲ့ အိမ်အလုံးပေါင်း ၅ သောင်းနီးပါးဖြစ်ပါတယ်။

စစ်ကောင်စီဟာ စစ်ကိုင်းတိုင်းထဲက ဒေသကာကွယ်ရေးတပ်တွေကို တန်ပြန်စစ်ဆင်တဲ့အနေနဲ့ အရပ်သားနေအိမ်တွေ ရွာတွေကို မြေလှန်မီးရှို့စနစ် ကျင့်သုံးနေတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ရှုမြင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။