စစ်ကိုင်းတိုင်းမှာ နှစ်လအတွင်း လူတစ်သိန်းခွဲ ထွက်ပြေးနေရ

အခုနှစ် ဇန်နဝါရီ ၁ ရက်နေ့ကနေ ဖေဖော်ဝါရီ ၁၅ ရက်နေ့အထိ ရက် ၅၀ အတွင်း စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးလာတာကြောင့် စစ်ကိုင်းတိုင်း ၁၅ မြို့နယ်အတွင်းက ဒေသခံ တစ်သိန်းခွဲကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရတာကို လေ့လာတွေ့ရှိရပါတယ်။

"ဒီဘက်မှာ ရိက္ခာပြတ်ရင် ဟိုဘက် စခန်းက စစ်ရှောင်ပြည်သူတွေက လာခေါ်ပြီးကျွေးမွေးရတယ်"

မုံရွာမြို့မှာ ၂၁၀၀၀၊ မြောင်မြို့နယ်မှာ ၇၀၀၀၊ တန့်ဆည်မြို့နယ်မှာ ၁၅၀၀၀၊ မော်လိုက် မှာ ၃၀၀၀ ကျော်၊ ကန့်ဘလူမြို့နယ်မှာ ၈၀၀၀၊ ယင်းမာပင်မြို့နယ်မှာ ၁၃၀၀၀၊ ဘုတလင်မြို့နယ်မှာ ၃၀၀၀ ကျော်၊ ရေဦးမြို့နယ်မှာ ၅၀၀၀၀ ကျော်၊ ပင်လည်ဘူးမြို့နယ်မှာ ၁၀၀၀၊ ဆားလင်းကြီးမြို့နယ်မှာ ၃၀၀၀ နီးပါး၊ မြင်းမူမြို့နယ်မှာ ၂၅၀၀ နီးပါး၊ ခင်ဦးမြို့နယ်မှာ ၈၀၀၀ ကျော်၊ ဟုမ္မလင်းမြို့နယ်မှာ ၃၀၀၀ ကျော်၊ နန်းယွန်းမြို့နယ်မှာ ၃၈ ဦးနဲ့ ကောလင်းမြို့နယ်မှာ ၁၅၀၀၀ ကျော် ထွက်ပြေးနေရတာပါ။

တန့်ဆည်မြို့နယ်မှာဆိုရင် ကျောင်းကုန်း၊ ကြောင်ဆင်အင်း၊ အင်ပင်အိုင်၊ အင်တောရိုး၊ ကျီးကန်း၊ သရက်ခါး၊ ကြက်ဆူကန်၊ ပေကုန်း၊ ကံထူးမနဲ့ ဆပ်ပြာအိုင် ရွာဆယ်ရွာက အရပ်သားတွေ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံအများစုဟာ အဝတ်တစ်ထည် ကိုယ်တစ်ခု ထွက်ပြေးလာရလို့ စားရေးသောက်ရေးခက်ခဲနေတယ်လို့ ကြက်ဆူကန်ရွာသားတစ်ယောက်က RFA ကို ပြောပါတယ်။

"စစ်ရှောင်တွေကျွေးဖို့က တော်တော်လေး အဆင်မပြေတာရှိတယ်။ အဲဒီလိုဆို စခန်းတွေ ပြောင်းပေးရတာရှိတယ်။ ဒီစခန်းကနေ ဟိုစခန်းကို ပြောင်းပေးရတယ်။ ဒီဘက်မှာ ရိက္ခာပြတ်ရင် ဟိုဘက် စခန်းက စစ်ရှောင်ပြည်သူတွေက လာခေါ်ပြီးကျွေးမွေးရတယ်။ ဒီစခန်းကိုပြောင်းခဲ့ တာဝန်ယူမယ်ဆိုပြီး ခေါ်ကြတယ်။ စစ်ကြောင်း မထိုးတဲ့ နေရာက စစ်ကြောင်းထိုးတဲ့နေရာက ပြည်သူတွေကို တာဝန်ယူပြီး ခေါ်ကြတယ်"

ကြက်ဆူကန်ရွာဟာ အိမ်ခြေ ၂၀၀ နီးပါး လူဦးရေ ၆၀၀ ကျော်ရှိပြီး ဇန်နဝါရီ ၂၇ ရက်နေ့ကတည်းက ထွက်ပြေးနေရတာပါ။ စပါးတွေအချိန်မီမစိုက်နိုင်လို့ စားနပ်ရိက္ခာပြတ်လပ်လာတာလို့ ဆိုပါတယ်။

မော်လိုက်မြို့နယ်မှာလည်း စစ်ကောင်စီက လမ်းကြောင်းတွေ ဖြတ်တောက်ထားတာကြောင့် ပြည်သူတွေ ဆေးဝါးပစ္စည်းတွေ အရေးပေါ်လိုအပ်နေတယ်လို့ RFA ကို ပြောပါတယ်။

"ကုန်းလမ်းကလည်း ဖြတ်တောက်ခံရတယ်။ ရေလမ်းကနေလည်း စစ်ကောင်စီတပ်က သံယံဇာတတွေ တူးဖော်ကြတဲ့အခါကျတော့ ရေကြောင်းတွေကလည်း ကျပ်တော့လေ မော်တော်တွေလည်း ခက်ခဲတယ်ဆိုတော့လေ ကျွန်မတို့က ဆေးတွေဘာတွေ သယ်တဲ့အခါမှာ စစ်ကောင်စီတပ်တွေက ယူထားလိုက်တာမျိုးတွေရှိတယ်"

မော်လိုက်မြို့နယ်မှာ ကျေးရွာပေါင်း ၇၇ ရွာရှိတဲ့ အထဲက ၁၀ ရွာကျော်ဟာ စစ်ကောင်စီတပ်တွေကြောင့် ရွာလုံးကျွတ်မီးလောင်ပျက်စီးသွားပြီး ယုဝ၊ ဝဲကသာ၊ တပ်ကုန်းနဲ့ ထော်သာစတဲ့ရွာတွေက ဒေသခံတွေကတော့ လတ်တလောထွက်ပြေးနေရပါတယ်။

ယင်းမာပင်မြို့နယ် သံပိုရွာသားတစ်ယောက်ကတော့ သုံးနှစ်အတွင်း ကြုံရာကျပန်းလုပ်ပြီး ဝမ်းရေးဖြေရှင်းနေရတယ်လို့ ပြောပါတယ်။

"ဘယ်နေရာလေးမှာတော့ လုပ်ငန်းလေးရှိတယ်။ ဘယ်နေရာမှာတော့ နှမ်းလေးစိုက်တယ်။ ဘယ်နေရာမှာ ပဲနုတ်ရှိလဲ။ ဘယ်နေရာမှာ ထင်းခုတ်ရောင်းလို့ရမလဲ အဲဒီလိုကောင်းတဲ့ နေရာကိုသွားပြီး လုပ်ကိုင်ရတာပေါ့။ မိသားစု ဆယ်ယောက်ရှိရင် ရှစ်ယောက်လောက်က ကျန်တဲ့အဘိုးကြီး အဘွားကြီးတွေ မလုပ်နိုင်မကိုင်နိုင်သူတွေကို လုပ်ကျွေးနေရတဲ့ဘဝပေါ့ဗျာ"

စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကတော့ ဟုမ္မလင်းမြို့နယ်က စစ်ဘေး ဒုက္ခသည် ၁၅၀၀ ကျော်ကို အကူအညီပေးထားတယ်လို့ RFA ကို ပြောပါတယ်။

"၁၅၀၀ နဲ့ ၂၀၀၀ ပတ်ဝန်းကျင်လောက်ကို ကူညီဆောင်ရွက်ပေးနေတာရှိပါတယ်။ တိုက်ပွဲရှောင်လာတဲ့သူတွေကို သက်ဆိုင်ရာကနေ စားစရာတွေနဲ့အလှုရှင်တွေ အကုန်စုပေါင်းပြီးတော့ အကျွေးအမွေးတွေ လုပ်နေတယ်။ အစားအသောက်ကိစ္စ၊ လိုအပ်တဲ့အဝတ်အထည် ဒါမျိုးတွေ ဆောင်ရွက်ပေးနေတာရှိပါတယ်"

စစ်ကိုင်းတိုင်း၊ ကလေးမြို့ မြောက်ပိုင်း ကျေးရွာများမှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)
စစ်ကိုင်းတိုင်း၊ ကလေးမြို့ မြောက်ပိုင်း ကျေးရွာများမှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

ဒါနဲ့ပတ်သက်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီနေတဲ့သူတွေကတော့ စစ်ကောင်စီဘက်က ကူညီထောက်ပံ့တာ မရှိဘူးလို့ ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကလည်း ဒုက္ခသည်တွေကို ကူညီနေတယ်လို့ ပြောပါတယ်။

"ဒါကတော့ တောက်လျှောက်ပဲ ပုံမှန်အဓိကကတော့ စားနပ်ရိက္ခာနဲ့ အမိုးအကာပေါ့နော်။ သူတို့ တောင်းသလို တင်ပြတဲ့လိုအပ်ချက်ပေါ်မူတည်ပြီး လုပ်ပေးနေပါတယ်။ အဓိကကတော့ ဆန်ရိက္ခာ အဓိက ထောက်ပံ့နေတယ်"

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) က မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာသူ လူဦးရေ ၂ ဒသမ ၇ သန်းနီးပါ ရှိလာပြီလို့ မကြာသေးခင်က ထုတ်ပြန်ထားပါတယ်။