စစ်အာဏာရှင်လက်အောက် အနာဂတ်ပျောက်သွားတဲ့ လူငယ်များ
2021.05.24
“လှည်းတန်းမှာ ညီညီကျသွားတဲ့ ဗီဒီယို record တွေလည်း ကျနော် အခုချိန်ထိ မကြည့်ဘူးဗျ။ ဘာကြောင့်လဲဆိုတော့ မကြည့်နိုင်ဘူးဗျ။ သူဘယ်လိုဖြစ်သွားတယ်။ ဘယ်လောက်ထိနာကျင်နေမယ်။ ဘယ်လိုကြီးနေနေရတယ်ဆိုတာကို။ အကိုတယောက်အနေနဲ့ ဒီနေ့ဒီအချိန်အထိ ညီညီ့သတင်းတွေ တတ်နိုင်သမျှရှောင်တယ်။ မခံစားနိုင်ဘူးဗျာ။ ရင်ထဲမှာ တကယ်ကို မနေနိုင်ဘူး။ ပြီးတော့ သူဘယ်လို သေသွားရတယ်။ ဘယ်လောက်ခံစားသွားရတယ်ဆိုတဲ့ အချက်တွေကို သိလည်း မသိချင်သလို မမြင်လည်း မမြင်ချင်ဘူး”
ဖေဖော်ဝါရီလ ၂၈ ရက်နေ့က စစ်ကောင်စီတပ်တွေပစ်ခတ်လိုက်တဲ့ ကျည်ဆံထိမှန်သေဆုံးခဲ့တဲ့ ကိုညီညီအောင်ထက်နိုင်ရဲ့အမွှာ ကို ကိုကို အောင်ထက်နိုင် ပြောပြသွားတာပါ။
အသက် ၂၃ နှစ်အရွယ် ကိုညီညီအောင်ထက်နိုင်ဟာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ရန်ကုန်မြို့၊ လှည်းတန်းမှာ စစ်အာဏာ သိမ်းမှုဆန့်ကျင်ရေးဆန္ဒပြပွဲအတွင်း စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်ဖြိုခွဲမှုကြောင့် ဝမ်းဗိုက်ကို ကျည်ဆံထိမှန် သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။
ဖေဖော်ဝါရီလ စစ်တပ်က အာဏာသိမ်းအပြီး စစ်ကောင်စီကို ဆန့်ကျင်သပိတ်မှောက်ကြသူတွေထဲမှာ လူငယ်တွေက အတက်ကြွဆုံးပါဝင်ခဲ့ကြသူတွေပါ။ နွေဦးတော်လှန်ရေးလို့ အများက နာမည်ပေးထားတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု အစောပိုင်းကာလကတည်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အကြမ်းဖက် ပစ်ခတ်ဖြိုခွင်း သတ်ဖြတ်မှုတွေကြောင့် သေဆုံးခဲ့ရသူ အများစုကလည်း အနာဂတ်အိပ်မက်တွေအပြည့်နဲ့ လူငယ်တွေပဲ ဖြစ်ပါတယ်။
ဒီမိုကရေစီပြန်လည်ရရှိရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြရင်း အသက်ဆုံးပါးခဲ့ရတဲ့ လူငယ်တွေထဲမှာ ကိုညီညီအောင်ထက်နိုင်လည်း တယောက်အပါအဝင်ပါ။ တိုင်ပင်ဖော် တိုင်ပင်ဘက် ညီလေးအတွက် ယူကြုံးမရဖြစ်ရင်း ကိုညီညီအောင်ထက်နိုင်ရဲ့ ရည်မှန်းချက်တွေအကြောင်း အမွှာအကိုဖြစ်သူ ကိုကိုကိုအောင်ထက်နိုင်က အခုလိုပဲပြောပြပါတယ်။
“နှမြောလည်း နှမြောတယ်ဗျ။ ကျနော့်မှာ ဒီညီလေးတယောက်ပဲရှိတာကိုး။ ညီလေးက သူဝါသနာပါတဲ့ ဒီ Network Engineering နဲ့ ပတ်သက်ပြီး တချိန်မှာ အဆင့်မြင့်တဲ့ ပညာရပ်တွေကို လေ့လာချင်တယ်။ သူနိုင်ငံခြားကို ကျောင်းသွားတက်ချင်တယ်။ သူအမြဲပြောတယ်ဗျ။ ဒါပေမယ့်လည်း သူ့အိပ်မက်တွေက မပြည့်ဝခဲ့ဘူးပေါ့။ အိပ်မက်အနေနဲ့ပဲ ကျန်ခဲ့တယ်။”
အာဏာရှင်ကို တော်လှန်ရင်း ဆုံးပါးသွားတဲ့ လူငယ်တယောက်ရဲ့ အိပ်မက်တွေ ဖြစ်မလာတော့သလိုပဲ စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးနှိပ်စက်ညှဉ်းပန်းမှုတွေကြားထဲ အသက်ရှင်ကျန်ရစ်ပေမယ့် ပျက်စီးသွားခဲ့ရတဲ့ အနာဂတ်တွေလည်း အများအပြားပါ။ မကွေးက အသက် ၂၂ နှစ်အရွယ် အင်ဂျင်နီယာကျောင်းသားတဦးကတော့ စစ်ကောင်စီတပ်တွေရဲ့ ရက်ရက်စက်စက် နှိပ်စက်မှုတွေကြောင့် ကိုယ်လက်အင်္ဂါတွေ ထိခိုက်ဆုံးရှုံးခဲ့ရပြီး ဒဏ်ရာအပြင်းအထန်ရခဲ့ပါတယ်။
မတ်လ ၂၇ ရက်နေ့က စစ်အာဏာရှင်ကျဆုံးရေး ဆန္ဒပြနေချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်နှိပ်စက်ညှဉ်းပန်းမှုအတွင်း ကိုလျှံဖြိုးအောင်ရဲ့ညာဘက်လက် ပြတ်ကျပျက်စီးသွားခဲ့ပြီး လက်ကောက်ဝတ် အထက်နားအထိ ဖြတ်လိုက်ရတာပါ။ အနှစ်နှစ်ဆယ်ကျော် တသားတည်းရှိနေခဲ့တဲ့ လက်တဖက် ဖြတ်လိုက်ရတဲ့နောက် အကျွမ်းမဝင်သေးတဲ့ နေ့စဉ်လှုပ်ရှားမှုတွေကြား အားတင်းဖြတ်ကျော်နေရတယ်လို့ သူကဆိုပါတယ်။
“ကျနော့်စိတ်ထဲမှာ အခုချိန်ထိ ဒီလက်ကရှိနေသလိုပဲ ဖြစ်နေတာ။လက်ညှိုးကွေးတာလေးက ကွေးပြလို့ရတယ်။ တကယ်တမ်းကျ မရှိတော့ဘူး။ ကျနော့်ရဲ့ စိတ်အာရုံပေါ့နော်။ တခါတခါ ညအိပ်တဲ့အချိန်မှာ ကျနော် ဝမ်းနည်းမှုရှိတယ်။ အော် ငါ့လက်မရှိတော့ပါလား။ ဒါပေမယ့် ခွဲစိတ်တဲ့အချိန် ငိုတောင်မငိုခဲ့ဘူး။ ဒီပြတ်သွားတဲ့အချိန်ထိ ကျနော့်ကို ပြောင်လှောင်ပြီး ကျနော့်ကို လုပ်တာ”
ပရဟိတအလုပ်တွေ တက်တက်ကြွကြွလုပ်ရတာ နှစ်သက်သူ၊ ဝါသနာနဲ့ တထပ်တည်းကျတဲ့ ဗိသုကာပညာရပ်မှာ ထူးချွန်သူတယောက်ဖြစ်တဲ့ အင်ဂျင်နီယာကျောင်းသား ကိုလျှံဖြိုးအောင်ကတော့ စိတ်ကူးထဲက အဆောက်အဦးတွေကို ပုံဖော်ရေးဆွဲဖို့ရာ လက်တွေကတော့ ဆုံးရှုံးသွားခဲ့ရပါပြီ။
“ကျနော်ဆို ကျောင်းမှာ အမှတ်အများဆုံးဘာသာက Drawing ပုံဆွဲတာတို့ မေဂျာဘာသာတွေကို အမှတ်များတယ်။ ကျနော်ဆို ကျောင်းတကျောင်းလုံး ကိုယ်စားပြု သမ္မတနဲ့ သွားတွေ့ရတာတွေရှိတယ်။ အမရယ် ပရဟိတလုပ်ငန်းလေး အဲ့ဒါလေးတွေလောက်ပဲ ကျနော်က ရည်ရွယ်ချက်ရှိတော့တယ်။ ပညာရေးဆိုတာက အခုကျနော့်လက်ကလေးကောင်းခဲ့ရင်တော့ တမျိုးပေါ့ဗျာ။ အခုဘယ်ဘက်လက်က ငါးချောင်းလုံးကောင်းရင်တမျိုး၊ ဘယ်လက်က အလယ်နှစ်ချောင်းက လှုပ်မရဘူး။ ဘယ်ဘက်လက် လက်ခလယ်ကို နင်းပြီးတော့ လက်စွပ်ကို ချွတ်ယူတာလေ။ အဲ့ဒီအချိန်မှာ ကျနော့် လက်ခလယ်က ကြေသွားတာ။ ပြီးတော့ ကျနော့်မျက်လုံးက မခွဲရသေးဘူး။ အလင်းရောင်ကို မကြည့်နိုင်ဘူး။မျက်လုံးတလုံးထဲဆိုတော့ ကြည့်ရတာအားမရဘူးပေါ့ဗျာ”
ဒီဒဏ်ရာတွေအပြင် မျက်နှာဘယ်ဘက်မှာ အက်ကွဲဒဏ်ရာ၊ လက်နဲ့ ခြေထောက်တွေမှာ ရာဘာကျည် ထိမှန်ထားတဲ့ ဒဏ်ရာတွေနဲ့အတူ ကိုလျှံဖြိုးအောင်ဟာ လက်ရှိ စစ်ဆေးရုံမှာ ဆေးကုသမှုခံယူနေရပြီး ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ - (က)နဲ့လည်း အမှုဖွင့်ခံထားရပါတယ်။
စစ်ကောင်စီတပ်တွေဟာ အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒထုတ်ဖော်တဲ့ အချို့လူငယ်တွေကို ဖမ်းဆီးပြီးနောက် အလောင်းကိုပဲ ပြန်ပေးမျိုးတာရှိသလို ဖမ်းဆီးပြီးနောက် လနဲ့ချီ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေကြတဲ့ လူငယ်တွေ၊ အကြောင်းအမျိုးမျိုးနဲ့ စစ်ကောင်စီကဖမ်းဆီးပြီး သေဒဏ်ချမှတ်ခံလိုက်ရတဲ့ လူငယ်တွေလည်း ရှိပါတယ်။
ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ်မှာ ဗိုလ်ကြီးတစ်ယောက်နဲ့အတူပါလာတဲ့ အမျိုးသားတစ်ယောက် သေဆုံးမှုနဲ့ လူငယ် ၁၉ ဦးကို ဖမ်းဆီးခဲ့ပြီး နှစ်ယောက်ကို သေဒဏ်၊ ၁၇ ယောက်ကို မျက်ကွယ် သေဒဏ်ချမှတ်ထားကြောင်း စစ်ကောင်စီက ဧပြီလ ၈ ရက်က ကြေညာခဲ့ပါတယ်။
လက်ရှိအချိန်အထိ စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံထားရသူ ၄၃ဝဝ ကျော် ရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။ ဒီဖမ်းဆီးခံရသူတွေထဲမှာ လူငယ်တွေအများဆုံး ပါဝင်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ AAPP က ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြီးခဲ့တဲ့ရက်ပိုင်းက RFA ကို ပြောကြားထားပါတယ်။
အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ပြီးတဲ့နောက် စစ်ကောင်စီက လိုက်လံဖမ်းဆီးနေတာကြောင့် လွတ်မြောက်နယ်မြေကို တိမ်းရှောင်လာခဲ့ရပြီး လက်နက်ကိုင် တော်လှန်ဖို့ ဆုံးဖြတ်ခဲ့တဲ့ အသက် ၁၉ နှစ်အရွယ် လူငယ်တဦးကတော့ ဂရပ်ဖစ်ဒီဇိုင်းနဲ့ ပတ်သက်ပြီး ကိုယ်ပိုင်ကုမ္ပဏီတည်ထောင်ဖို့ ရည်ရွယ်ချက်တွေရှိခဲ့သူပါ။
“ကျနော်က ဂရပ်ဖစ် ဒီဇိုင်နာဗျာ။ လာမယ့် ၆ လပိုင်းမှာ ကိုယ်ပိုင်ကုမ္ပဏီထောင်ပြီး အလုပ်လုပ်ဖို့ စဉ်းစားထားတာ။ ကျနော်လည်း လူငယ်တယောက်အနေနဲ့ ကျနော်လုပ်နေတဲ့အလုပ်က ဆိုရှယ်မီဒီယာနဲ့ လုပ်နေရတဲ့ အလုပ်ဗျာ။ ဒါကြီးက အရာရာဖိနှိပ်ချုပ်ချယ်ခံရမှာဗျာ။ ဟိုအရင်တုန်းကလို အဘရဲ့ အမျိုးဆယ်ဝမ်းကွဲလောက်ကိုတောင် ကျနော်တို့က ကြောက်နေရမယ့် ပုံစံမျိုးဖြစ်နေတာကိုး”
သူ့ရဲ့ဘဝရည်မှန်းချက်တွေ ဖြစ်မြောက်ဖို့ မရေရာတော့ပေမယ့် ဖိနှိပ်ချုပ်ချယ်မှုအမျိုးမျိုးနဲ့ ခေတ်ကို မျိုးဆက်သစ်လူငယ်တွေ မခံစားစေဖို့အရေး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်သွားမယ်လို့လည်း သူကဆိုပါတယ်။
"အနာဂတ်မဲ့မှုတွေ သူတို့ရင်ဆိုင်လိုက်ရတဲ့အချိန်မှာ Generation Z တွေသည် သူတို့ရရာ သူတို့ ယုံကြည်တဲ့နေရာကနေပြီး နွေဦးတော်လှန်ရေးကို အောင်မြင်အောင်တိုက်ဖို့အတွက် သူတို့တွေ ကြိုးစားနေကြတာ တွေ့ရတယ်"
အာဏာမသိမ်းခင်အထိ အခွင့်အလမ်းကောင်းတွေအကြား မျှော်လင့်ချက်တွေအများကြီးနဲ့ လူငယ်တွေအတွက် ထိခိုက်နစ်နာမှုက ကြီးမားလွန်းတယ်လို့ Generation Wave အဖွဲ့ ဥက္ကဋ္ဌ ကိုမိုဃ်းသွေးက ပြောပါတယ်။
“အိပ်မက်ကိုယ်စီနဲ့ လူငယ်တွေဟာသူတို့မလိုချင်ပါဘဲနဲ့ မဖြစ်ချင်ပါပဲနဲ့ လက်နက်ကိုင်လူငယ်တွေ ဖြစ်သွားကြတယ်။ မြန်မာပြည်သည် စစ်တပ်လက်အောက်ကို ပြန်ရောက်သွားတယ်။ စစ်တပ်က လူတွေကို နှိပ်စက်တယ်။ သတ်ဖြတ်တယ်။ ညှဉ်းဆဲတယ်။ ဒါကြောင့်မလို့ နိုင်ငံတကာကနေ စီးပွားရေးဒဏ်ခတ်မှုတွေ လုပ်လာပြီ။ နောက်ပြီး နိုင်ငံတကာကုမ္ပဏီကြီးတွေက ပြန်ဆုတ်သွားတာတွေရှိတယ်။ ဆိုတော့ ကျနော်တို့မှာ စီးပွားရေး အခွင့်အလမ်းတွေ ပညာရေး အခွင့်အလမ်းတွေ အများကြီး ဆုံးရှုံးသွားပြီ။ ပြောမယ်ဆိုရင် နိုင်ငံမှာ ရှိတဲ့လူငယ်တွေရဲ့ အနာဂတ်က မရေရာတော့တဲ့အပြင် ပျောက်ကွယ်သွားတယ်လို့ ကျနော်တို့က ပြောလို့ရတယ်”
၁၉၈၈ ဒီမိုကရေစီလှုပ်ရှားမှု၊ ၁၉၉၆ ကျောင်းသားသပိတ်နဲ့ ၂ဝဝ၇ ရွှေဝါရောင်သံဃာ့အရေးအခင်းတွေမှာ ပါဝင်လှုပ်ရှားခဲ့ဖူးတဲ့ နိုင်ငံရေးလှုပ်ရှားသူတစ်ဦးက စစ်အာဏာသိမ်းမှုအောက်မှာ အနာဂတ်မဲ့လာကြတဲ့ လူငယ်မျိုးဆက်တွေဟာ အမှောင်ခေတ်ကို ရတဲ့နည်းနဲ့ တိုက်ထုတ်တွန်းလှန်နေကြတာ မြင်တွေ့နေရတယ်လို့ သုံးသပ်ပါတယ်။
“ဖိနှိပ်မှုတွေ ခြိမ်းခြောက်မှုတွေ ရက်စက်စွာ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှုတွေက အရင်တုန်းကဆိုရင် အမတို့ ပြောပြမှပဲ သူတို့က ကြားရတာ သိရတာ။ ဒါပေမယ့် တကယ့်လက်တွေ့ သူတို့ရင်ဆိုင်ကြုံတွေ့ရတဲ့အခါမှာ၊ ဖမ်းဆီးမှု အနာဂတ်မဲ့မှုတွေ သူတို့ရင်ဆိုင်လိုက်ရတဲ့အချိန်မှာ Generation Z တွေသည် သူတို့ရရာ သူတို့ ယုံကြည်တဲ့နေရာကနေပြီး နွေဦးတော်လှန်ရေးကို အောင်မြင်အောင်တိုက်ဖို့အတွက် သူတို့တွေ ကြိုးစားနေကြတာ အမတို့ တွေ့ရတယ်ပေါ့”
RFA က ပြုစုထားတဲ့ စာရင်းတွေအရ ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်က အာဏာသိမ်းလိုက်ပြီးတဲ့နောက် စစ်ကောင်စီတပ်တွေရဲ့ တရားမဲ့သတ်ဖြတ်မှုတွေကြား သေဆုံးခဲ့ရသူ ၈ဝဝ ကျော် ရှိသွားပါပြီ။
ဒီလိုသေဆုံး ထိခိုက်မှုတွေကြားမှာပဲ နောင်လာမယ့်မျိုးဆက်သစ်တွေကို စစ်အာဏာရှင်လက်အောက်က ဘဝမျိုး ထပ်ပြီး မကြုံစေချင်တဲ့ လက်ရှိ လူငယ်မျိုးဆက်တွေကတော့ ရောက်ရာနေရာကနေ ရသလို ဆန့်ကျင်တော်လှန်နေကြတာကို မြင်တွေ့နေရပါတယ်။