ကယားပြည်နယ် ဖားဆောင်းမှာ တိုက်ပွဲပြင်းထန်နေ
2023.07.26
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်မှာ စစ်ကောင်စီတပ်က ဇူလိုင် ၂၁ ရက်ကစလို့ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတာကြောင့် ဇူလိုင် ၂၆ ရက် ဒီနေ့အထိ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး ဒုက္ခသည် အရေအတွက် တိုးလာတယ်လို့ ဘောလခဲခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
အင်အား ၃၀၀ ခန့်ပါတဲ့ စစ်ကြောင်းဟာ ဇူလိုင် ၂၁ ရက် မနက် ၆နာရီလောက်ကစပြီး ဖားဆောင်းမြို့နယ် ကျောက်ပန်းညိုကျေးရွာနဲ့ ဝမ်အောင်ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးလာတာကြောင့် ကရင်နီ ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲတွေ ပြင်းထန်နေတာလို့ ပြောပါတယ်။
"တိုက်ပွဲက တော်တော်လေးကို ပြင်းထန်နေတဲ့ အနေအထားရှိတယ်ပေါ့”
ဇူလိုင် ၂၂ ရက်နေ့မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ လေးကြိမ်ထက်မနည်း လာရောက်တိုက်ခိုက်ခဲ့တယ်လို့ ဘောလခဲခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုပိုပို က ပြောပါတယ်။
“အဲဒီမှာ ကျွန်တော်တို့ ERO တွေဖြစ်တဲ့ ကလလတ၊ PDF တွေနဲ့ ထိတွေ့မှု ဖြစ်ပွားတယ်ပေါ့။ အခုလောလောဆယ်တော့ ကျောက်ပန်းညိုဘက်ကို သူတို့ စစ်ကြောင်း သုံးကြောင်းနဲ့ ပတ်ပြီးထိုးလာတယ်ပေါ့။ တိုက်ပွဲကတော့ တော်တော် ပြင်းထန်တယ်။ ၂၂ ရက်နေ့မှာတော့ သူတို့ လက်နက်ကြီးတွေနဲ့ ပစ်တယ်။ ပြီးရင် လေယာဉ်နဲ့ လေးကြိမ်ထက်မနည်း လာပစ်သွားတယ်ပေါ့နော်။ ဆိုတော့ အဲမှာတော့ တိုက်ပွဲက တော်တော်လေးကို ပြင်းထန်နေတဲ့ အနေအထားရှိတယ်ပေါ့”
အရင်က ဖားဆောင်းမှာ စစ်ကောင်စီတပ် အင်အား ၂၀၀ ဝန်းကျင်လောက်သာ ရှိရာကနေ အခုရက်ပိုင်းမှာ အင်အား ၃၀၀ လောက်သုံးပြီး ထိုးစစ်ဆင်လာတာလို့ ကိုပိုပိုက ပြောပါတယ်။
ဖားဆောင်း ပြည်သူ့ကာကွယ်ရေးတပ် အမှတ်-၁၁၀၈၊ ဘောလခဲ ပြည်သူ့ကာကွယ်ရေးတပ် အမှတ်-၁၁၀၅၊ ကရင်နီလူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်ဦး (ကလလတ)၊ KNDF တပ်ရင်း အမှတ်-၂၀၊ ကရင်နီတော်လှန်ရေး တပ်ပေါင်းစု (KRU) စတဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ကလည်း စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
ဖားဆောင်းကို ထိုးစစ်ဆင်နေတဲ့ တစ်ချိန်တည်းမှာပဲ စစ်ကောင်စီတပ်က ကယား ပြည်နယ်တစ်ခုလုံးရဲ့ ဝင်ပေါက်လို့ သတ်မှတ်ထားတဲ့ မိုးဗြဲ-လွိုင်ကော် လမ်းမကြီးကို လုံခြုံရေးအပြည့်ချပြီး ပိတ်ဆို့ထားတယ်လို့ အမည်မဖော်လိုတဲ့ မိုးဗြဲပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦး က ပြောပါတယ်။
“မိုးဗြဲဘက် အခြေအနေကတော့ သူတို့တွေ ကာကင်းတွေယူထားပြီးတော့ ကင်းပုန်းတွေ ယူထားပြီးတော့ ပြည်ထောင်စုလမ်းမကြီးကို ကာထားတာပေါ့နော်။ ကာထားတယ် ဆိုတာက သူတို့ကို ဖြတ်တောက်လို့၊ သွားလာလို့ အဆင်ပြေအောင်ဆိုပြီး လုပ်ထားတာ တော့ရှိတယ်။ ပြီးရင် ဟိုတလောကပဲ သူတို့ စစ်အင်အားတွေ ထပ်ပို့တာရှိတယ်။ ကျွန်တော်တို့တပ်ဖွဲ့တွေက ဖြတ်တိုက်တာမျိုးတွေရှိတယ်၊ ဒါပေမဲ့ ခက်ခဲတာပေါ့ ဟိုအရင်လို လွတ်လွတ်လပ်လပ် လုပ်လို့မရတော့ဘူး။ သူတို့လမ်းတိုင်းကို ပိတ်ထားပြီးတော့ စစ်ကူလမ်းကြောင်းကို သွားလာဖို့ အဆင်ပြေအောင် ပိတ်ထားတာမျိုးတော့ရှိတယ်”
အဲဒီနေရာမှာ စစ်ကောင်စီတပ်မ ၆၆ လက်အောက်ခံတပ်နဲ့ မိုးဗြဲအခြေစိုက် ခလရ-၄၂၂ တပ်ရင်းက စစ်အင်အား ၃၀၀ ခန့်ကို အသုံးပြုထားတယ်လို့လည်း သူက ပြောပါတယ်။ ဒီပိတ်ဆို့မှုကြောင့် ကုန်တင်ကားတွေ မိုးဗြဲ-လွိုင်ကော်လမ်းမကြီးကို ဇူလိုင် ၂၈ ရက်နေ့ အထိ အသုံးမပြုဖို့ KNDF က အခုလ ၁၈ ရက်နေ့က ထုတ်ပြန်သတိပေးထားပါတယ်။ စစ်ကောင်စီတပ်ဟာ ကယားပြည်နယ်ထဲက ထိုင်း-မြန်မာနယ်စပ်နဲ့ နီးကပ်တဲ့ မယ်စဲ့မြို့နယ်ကိုလည်း စစ်အင်အားဖြည့်တင်းထားပြီး မယ်စဲ့မြို့နယ်၊ ရွာသစ်မြို့မှာ အခြေချတပ်စွဲထားပါတယ်။ ဒါဟာ ဖားဆောင်းကနေ မယ်စဲ့ကို ထပ်ပြီးထိုးစစ်ဆင်ဖို့ ကြိုးစားနေတာလို့ ကရင်နီကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါ တယ်။
လက်ရှိမှာ ရခိုင်ပြည်နယ်က တပ်မ ၅၅ လက်အောက်ခံ တပ်ရင်းတွေကိုပါ ဖားဆောင်းဒေသဘက် ပြောင်းရွှေ့ပြီး ကယားပြည်နယ်က ခုခံမှုတွေကို ရှင်းလင်းဖို့ စစ်ကောင်စီက စီစဉ်နေတယ်လို့ အမည်မဖော်လိုတဲ့ မြေပြင်တိုက်ပွဲမှာ ပါဝင်သူတချို့က RFA ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်ကနေ အခု ဇူလိုင်လဆန်းပိုင်းအထိ ဖြစ်ခဲ့တဲ့ မယ်စဲ့တိုက်ပွဲအပြီးမှာ စစ်ကောင်စီဘက်က ရခိုင်ပြည်နယ်ရှိ တပ်မ ၅၅ လက်အောက်ခံ တပ်ရင်း သုံးရင်းက တပ်အင်အား ၅၀၀ ခန့်ကို ဖားဆောင်းတိုက်ပွဲမှာ အင်အားဖြည့်ပြီး ထိုးစစ်ဆင်နေတာလို့ အမည်မဖော်လိုတဲ့ စစ်ရေးသုံးသပ်သူတစ်ဦးက ပြောပါတယ်။
လက်ရှိ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကယားပြည်နယ်မှာ စစ်ကောင်စီဘက်က စစ်အင်အား ခြောက်ထောင်နီးပါးနဲ့ ဖြန့်ကျက်ထိုးစစ်ဆင်နေပြီး ကရင်နီပူးပေါင်းတပ်ဖွဲ့တွေဘက် ကတော့ အင်အား တစ်ထောင်ကျော်နဲ့ ခုခံတိုက်ခိုက်နေတယ်လို့ အဲဒီစစ်ရေးသုံးသပ်သူက ပြောပါတယ်။
ဒီပြောဆိုချက်တွေနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရပါဘူး။
စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ စုဖွဲ့ထားတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ အမှုဆောင်ညွှန်ကြား ရေးမှူး ဦးသိန်းထွန်းဦးကတော့ စစ်ကောင်စီအနေနဲ့ နဂိုကတည်းက ကယားဒေသကို အင်အားလျှော့ပေါ့ပြီး ကိုင်တွယ်ခဲ့တာကြောင့် လက်ရှိမှာ ထိန်းချုပ်ဖို့ ခက်နေတာလို့ ပြောပါတယ်။
“နိုင်ငံရေးအရ ဒီလိုမျိုးဖြစ်သွားခဲ့တဲ့ အခြေအနေတစ်ခုအတွက် နည်းနည်းလေး လျှော့ပေါ့ပြီးမှ ထိန်းပေးမယ်၊ နိုင်ငံရေး ရေချိန်ပြန်ဝင်လာလို့ နည်းနည်း တည်တည်ငြိမ်ငြိမ် ဖြစ်သွားရင် ဒါဘယ်သူ့အတွက်မှ မနစ်နာတော့ဘူးဆိုပြီး တစ်ဖက်ကတော့ တွက်လိုက်တာ၊ ဒါပေမဲ့ အဲဒီအချက်ကို တစ်ဖက်က တွက်လိုက်တာက ဟာ မလုပ်ရဲပါဘူးကွာ၊ ငါတို့လှုပ်ရှားကြမယ်ဆိုပြီး သွားဆုံတဲ့ အခါမျိုးမှာ အရှိန်တက်သွားတဲ့ သဘောပဲ။ တစ်ဖက်က လျှော့ပေးတဲ့အချိန်နဲ့ တစ်ဖက်က အရှိန်မြင့်နိုင်တဲ့အချိန်နဲ့ သွားကြုံတာ၊ အဲဒီအချိန်မှာမှ တပ်ကလည်း တစ်နိုင်ငံလုံးရဲ့ ပျမ်းမျှကို ဝင်ယူပြီး နယ်မြေလုံခြုံရေး စောင့်ကြည့်ရတဲ့အပိုင်းမှာကျတော့တချို့ အပိုင်းမှာ အင်နဲ့အားနဲ့ လုံခြူံရေးကို ဖိမလုပ်နိုင်တဲ့ အပိုင်းတွေရှိတယ်။ အဲအပိုင်းတွေက နည်းနည်းလေး ပိုပြီးရှည်ကြာသွားတဲ့သဘောပဲ”
မယ်စဲ့တိုက်ပွဲအပြီးမှာ ထိုင်းနိုင်ငံဘက် ထွက်ပြေးသွားတဲ့ ကရင်နီ စစ်ဘေးဒုက္ခသည် ကိုးထောင်ကျော်၊ ထိုင်းနိုင်ငံထဲ ဝင်ခွင့်ရဖို့ နယ်စပ်မှာပဲ ယာယီခိုလှုံနေတဲ့ ဒုက္ခသည် တစ်ထောင်ကျော်နဲ့ ထိုင်းနိုင်ငံဘက်က လက်မခံတာကြောင့် ဖားဆောင်း၊ ဘောလခဲ၊ မိုးဗြဲမြို့တွေဘက်ကို ပြန်လာပြီး လမ်းမှာပိတ်မိနေတဲ့ စစ်ဘေးဒုက္ခသည် နှစ်ထောင်ခန့်ရှိတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ တည်ထောင်သူ ကိုဗညားက ပြောပါတယ်။
စစ်ကောင်စီ တပ်စွဲထားတဲ့ မယ်စဲ့မြို့နယ် ရွာသစ်မြို့မှာဆိုရင် အရပ်သား ၆၀၀ ဝန်းကျင်ခန့် ပိတ်မိနေပြီး စစ်ကောင်စီတပ်က ပစ်ခတ်လို့ အရပ်သား ခြောက်ဦးခန့် သေဆုံးခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က ကိုဗညားက ပြောပါတယ်။
“ရွာသစ်ဘက်မှာကတော့ ဖရူဆိုကိုပြေးဖို့ အကြောင်းအမျိုးမျိုးကြောင့် ပိတ်မိသွားတဲ့ လူလည်း ရှိသေးတယ်။ အဲဒီမှာ ယာတောကနေပြန်လာပြီးမှ အပစ်ခံရတဲ့လူလည်း ရှိတယ်။ တချို့လည်း စစ်ကောင်စီရဲ့ ဘုန်းကြီးကျောင်းဝင်းထဲမှာ နေခိုင်းတာပေါ့နော်၊ ဘုန်းကြီးကျောင်းကနေ အိမ်ကိုအကြောင်းမကြားဘဲ ပြန်တယ်ဆိုပြီး ပစ်လို့သေဆုံးတဲ့ လူလည်း ရှိပါတယ်။ ကျွန်တော်တို့ သိရသလောက် ငါးယောက်၊ ခြောက်ယောက် လောက်ရှိတယ်။ စစ်ကောင်စီက လုံးဝကို ထိန်းချုပ်ထားတယ်ပေါ့”
အခုရက်ပိုင်းမှာလည်း စစ်ကောင်စီဘက်က ဖားဆောင်းနဲ့ ရွာသစ်မြို့ကို စစ်အင်အား ထပ်ဖြည့်နေတာကြောင့် တောတောင်တွေမှာ ယာယီခိုလှုံရင်း ပိတ်မိနေတဲ့ စစ်ဘေးဒုက္ခသည်တွေ စစ်ကောင်စီ စစ်ကြောင်းနဲ့ ထိပ်တိုက်တိုးပြီး ပစ်သတ်ခံရမှာကို စိုးရိမ်နေရတယ်လို့ ကိုဗညားက ပြောပါတယ်။
ကယားပြည်နယ်မှာ စစ်တပ်အာဏာစသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ဇွန်လကုန်ပိုင်း အထိ နှစ်နှစ်ကျော်အတွင်း စစ်ကောင်စီတပ်နဲ့ ကရင်နီကာကွယ်ရေး တပ်ဖွဲ့တွေကြား တိုက်ပွဲပေါင်း ၇၂၉ ကြိမ်ဖြစ်ခဲ့ပြီး၊ အရပ်သား ၅၀၀ ကျော် သေဆုံးခဲ့တယ်လို့ တိုးတက်သော ကရင်နီ ပြည်သူ့အင်အားစု PKPF ရဲ့ လစဉ်ထုတ်ပြန်တဲ့ စာရင်းတွေက ဖော်ပြပါတယ်။
တိုက်ပွဲအတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ၃၀၅ ဦး သေဆုံးခဲ့ပြီး၊ စစ်ကောင်စီဘက်က ၂၁၇၇ ဦးအထိ သေဆုံးခဲ့တယ်လို့ PKPF က ဖော်ပြပါတယ်။ RFA အနေနဲ့ ဒီကိန်းဂဏန်းတွေကို သီးခြား အတည်ပြုနိုင်ခြင်း မရှိပါဘူး။