ရှန်ဂရီလာဆွေးနွေးပွဲ မြန်မာ့အရေး ဦးစားပေးမှုမရှိခဲ့
2023.06.06

ဗြိတိန်နိုင်ငံအခြေစိုက် မဟာဗျူဟာလေ့လာရေးဆိုင်ရာ နိုင်ငံတကာအင်စတီကျု IISS က ကြီးမှူးကျင်းပတဲ့ ရှန်ဂရီလာဆွေးနွေးပွဲကို ပြီးခဲ့တဲ့ ဇွန်လ ၂ ရက်ကနေ ၄ ရက်နေ့အထိ စင်္ကာပူနိုင်ငံမှာ ကျင်းပခဲ့ရာမှာ၊ စစ်ရေး အင်အားကြီး အမေရိကန်၊ တရုတ်၊ ဂျပန်၊ ဥရောပသမဂ္ဂ၊ သြစတြေးလျ၊ ဗြိတိန် တို့အပြင် နိုင်ငံ ၃၀ကျော်က ကာကွယ်ရေးဝန်ကြီးတွေနဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပြီး ဒေသတွင်း စစ်ရေးနဲ့လုံခြုံရေး အခြေအနေတွေအကြောင်းကို မိန့်ခွန်းပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ်က စစ်တပ်က အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ တစ်စထက်တစ်စ ပိုဆိုးလာနေတဲ့ လုံခြုံရေးအခြေအနေအကြောင်း အဓိကခေါင်းစဉ်တစ်ခုအဖြစ် သတ်မှတ်ဆွေးနွေးခဲ့ပေမယ့် အခုနှစ်မှာတော့ မြန်မာနိုင်ငံအကြောင်း အဓိကခေါင်းစဉ်အဖြစ် ဆွေးနွေးမှုမရှိခဲ့တဲ့အကြောင်း မြန်မာ့အရေးသုံးသပ်သူ ကိုကြည်ဇင်က ပြောပါတယ်။
“ဒီနှစ် သူတို့ရဲ့အဓိက focus က ယူကရိန်းကိစ္စပေါ့။ ယူကရိန်းကိစ္စကို အင်ဒိုနီးရှားက ကြားကနေ ဝင်ဖျန်ဖြေပေးတဲ့သဘော ပြောသွားတာဆိုတော့ မြန်မာနိုင်ငံအရေးကို တစ်ကြောင်းနှစ်ကြောင်းလောက်ပဲ ဆွေးနွေးသွားတာ တွေ့ရတယ်။ မြန်မာဘက်က အချို့ပညာရှင်တွေ ဆွေးနွေးသွားတာကိုလည်း ထူးထူးခြားခြား ဖြေသွားတာ မတွေ့ရဘူး။ ဘာမှထူးခြားတဲ့အဖြေ တစ်စုံတစ်ရာ ထွက်မလာဘူး။ အခြား တံခါးပိတ်ဆွေးနွေးတွေမှာလည်း မြန်မာ့အရေးကို တိုက်ရိုက်ခေါင်းစဉ်တပ်ပြီး ဆွေးနွေးတာ ရှိမနေဘူး။ ဒီ ဆွေးနွေးပွဲ မတိုင်ခင်မှာ တရုတ်ထောက်လှမ်းရေးအကြီးအကဲက မြန်မာနိုင်ငံကို လာသွားတာ ရှိတော့၊ ကျွန်တော်က တရုတ်ကာကွယ်ရေးဝန်ကြီးကို မေးခွန်းမေးခဲ့တယ်။ တရုတ်စစ်တပ်နဲ့ မြန်မစစ်တပ်အကြားမှာ စစ်ရေးအရပူးပေါင်းဆောင်ရွက်မှုတွေ ဘယ်လောက်အတိုင်းအတာရှိသလဲ၊ ဘယ်လိုမျိုး သတင်းအချက်အလက်တွေ ဖလှယ်နေသလဲ ဆိုတာမေးခဲ့တယ်။ ဒါပေမယ့် တရုတ်ကာကွယ်ရေးဝန်ကြီးက ဒီမေးခွန်းကို တစ်စုံတစ်ရာ ဖြေကြားတာ မရှိဘူး။ ဒီမေးခွန်းကို ကျော်သွားပါတယ်။”
မြန်မာနိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ အရပ်သားပြည်သူတွေ သေကျေပျက်စီးမှုတွေ ရပ်မသွားသေးပေမယ့် အခုနှစ် ရှန်ဂရီလာ ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး ဦးစားပေး ဆွေးနွေးပြောဆိုခြင်း မရှိတော့တာနဲ့ ပတ်သက်ပြီး မြန်မာ့အရေးသုံးသပ်သူ ကိုကြည်ဇင်က အခုလို သုံးသပ်ပါတယ်။
“အခြေခံအားဖြင့်တော့ မြန်မာနိုင်ငံမှာ အခြေအနေတွေ ပိုဆိုးနေတယ်ဆိုတာ သိတယ်။ ဒီအကြောင်းကိုတော့ ဆွေးနွေးပွဲထဲမှာ တစ်ကြောင်းတစ်လေ ထည့်ပြောသွားတာတော့ရှိတယ်။ ဥပမာ ယူကေဆိုလဲ ပြောသွားတယ်။ ဒါပေမယ့် သီးသန့် ဆွေးနွေးမှုမရှိတာကတော့ မြန်မာ့အရေးက တစ်စုံတစ်ရာ တိုးတက်မှု မရှိတာကြောင့်လို့ ပြောလို့ရတယ်။ အာဆီယံက မြန်မာ့အရေးကို ဦးဆောင်ဖို့ နိုင်ငံတကာက လက်ခံထားတာ ဖြစ်တယ်။ ဒါပေမယ့် အာဆီယံရဲ့ဘုံသဘောတူညီချက်ငါးချက်က ရှေ့ကို တိုးလာတာ မရှိဘူး။ ထွက်လာတဲ့ fifteen point recommendation ကလည်း လက်တွေ့အကောင်အထည်ဖော်တာ မလုပ်ရသေးဘူးဆိုတော့ တစ်စုံတစ်ရာတိုးတက်မှု မရှိတဲ့အတွက် နိုင်ငံတကာက ဒီကိစ္စကို ခေါင်းစဉ်မလုပ်သေးတာလို့ ပြောလို့ရတယ်”

ဇွန်လ ၃ ရက်နေ့က ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာတော့ အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီး အငြိမ်းစား ဗိုလ်ချုပ်ဟောင်း ပရာဗိုဝို ဆူဘီရာတိုရဲ့ မိန့်ခွန်းအပြီး ပြုလုပ်တဲ့ အမေးအဖြေကဏ္ဍမှာ၊ ယူကရိန်း စစ်ပွဲထက်တောင် အရပ်သားသေကျေပျက်စီးမှု ပိုများလာတဲ့ မြန်မာနိုင်ငံပဋိပက္ခတွေကို အာဆီယံ ခေါင်းဆောင် အင်ဒိုနီးရှားနိုင်ငံအနေနဲ့ ဘယ်လိုဖြေရှင်းဖို့ ကြိုးပမ်းမှာလဲဆိုတာကို ISP Myanmar အဖွဲ့က ဦးမင်းဇင်က မေးမြန်းခဲ့ရာမှာ အခုလိုတုံ့ပြန်ဖြေကြားခဲ့တာတွေ့ရပါတယ်။
“မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ကတော့ အာဆီယံက စစ်အာဏာရှင်အဖွဲ့နဲ့ ကိုယ့်ပြည်သူကိုကိုယ် ပြန်ပြီး သတ်ဖြတ်နေတဲ့ လုပ်ရပ်တွေကို လုံးဝ လက်မခံပါဘူး။ ဒါက ထင်ရှားပါတယ်။ အရင် အာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံလက်ထက်ကတည်းက မြန်မာစစ်ခေါင်းဆောင်ကို အာဆီယံကာကွယ်ရေးဝန်ကြီးများညီလာခံ ADMM ကို မဖိတ်တော့ပါဘူး။ ဒီလိုပဲ အတိုက်အခံတွေဘက်ကိုလည်း မဖိတ်ခဲ့ပါဘူး။ ကျွန်တော်တို့ အာဆီယံအဖွဲ့ဝင်တွေအကြား ဆွေးနွေးမှုတွေအရတော့၊ ကျွန်တော်တို့ရဲ့ နိုင်ငံရေးခေါင်းဆောင်တွေက လက်ခံမယ်ဆိုရင် မြန်မာစစ်ခေါင်းဆောင်နဲ့ ထိတွေ့ဆက်ဆံမှုတွေ ဆက်လုပ်သင့်တယ်လို့ ထင်ပါတယ်။ ဒါမှလည်း အပစ်အခတ်ရပ်စဲဖို့နဲ့ ဒီမိုကရေစီနည်းကျ ပြဿနာဖြေရှင်းတဲ့ နည်းလမ်းကို လက်ခံဖို့ မြန်မာစစ်ခေါင်းဆောင်ကို ထပ်ပြီး ဝိုင်းဝန်းဖျောင်းဖျလို့ ရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အင်ဒိုနီးရှားနိုင်ငံဟာ ဆိုရင် ကမ္ဘာပေါ်မှာ အာဏာသိမ်းထားတဲ့ စစ်တပ်က နိုင်ငံရေးကနေ ဆန္ဒအလျှောက် ဆုတ်ခွာပေးခဲ့တဲ့ အလွန်နည်းပါးတဲ့ ဥပမာတွေထဲကတစ်ခု ဖြစ်ခဲ့ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း စစ်တပ်ခေါင်းဆောင် တစ်ဦးအနေနဲ့ အာဏာထပ်သိမ်းဖို့ ပြင်ဆင်နေတယ်လို့ အကြိမ်ကြိမ်စွပ်စွဲခံခဲ့ရပါတယ်။ ဒါပေမဲ့ ကျွန်တော် အာဏာသိမ်းတာ မလုပ်ခဲ့ပါဘူး။ ဒီလိုလုပ်မယ့်အစား နိုင်ငံရေးပါတီ ထူထောင်ပြီး ရွေးကောက်ပွဲ လေးကြိမ် ဝင်ပြိုင်ခဲ့ပါတယ်။ နှစ်ကြိမ်မှာ နိုင်ငံသမ္မတအဖြစ် ရွေးချယ်ဖို့ လျာထားခံရတဲ့ အထဲမှာ ပါဝင်ခဲ့ပါတယ်။ အခုလည်း တတိယအကြိမ် လျာထားခံရဖို့ ပြင်ဆင်နေပါတယ်။ ဒီအတွက် ကျွန်တော်တို့ ဂုဏ်ယူပါတယ်။ ကျွန်တော်တို့အနေနဲ့ စစ်တပ်ဆိုတာ ပြည်သူကို ကာကွယ်ဖို့ပဲ လုပ်ရမယ်၊ အကြမ်းဖက်တိုက်ခိုက်ဖို့ မလုပ်ရဘူးဆိုတာကို မြန်မာနိုင်ငံက လုပ်ဖော်ကိုင်ဘက်တွေကို ဖျောင်းဖျပြောဆိုချင်ပါတယ်။"
အခုနှစ် ရှန်ဂရီလာဆွေးနွေးပွဲမှာ အမေရိကန်စစ်တပ်ရဲ့ အင်ဒို-ပစိဖိတ်ဒေသဆိုင်ရာတိုင်းမှူး ဗိုလ်ချုပ် ရျွန် အကွီလီနို တက်ရောက်ခဲ့ပြီး ယူကရိန်းနိုင်ငံအရေးနဲ့ ရေပိုင်နက် အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်အတွင်းမှာ စစ်ရေးအရထိပ်တိုက်တွေ့မှုတွေ ရှောင်ရှားဖို့ နည်းလမ်းတွေ အကြောင်းကို ဆွေးနွေးခဲ့တာ တွေ့ရပါတယ်။