ရှားတောမြို့နယ်က ကျေးရွာတွေ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေ

စိုးစိုးထက်
2020-07-01
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ကယားပြည်နယ် ရှားတောမြို့နယ်က ကျေးရွာတွေဟာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး ဖွံ့ဖြိုးတိုးတက်မှုနဲ့ ကျန်းမာရေးကိစ္စတွေမှာ အားနည်းချက်တွေ များစွာရှိနေပါတယ်။

ရှားတောမြို့နယ်ဟာဆိုရင် ပြည်နယ်မြို့တော် လွိုင်ကော်ကနေ မိုင် ၄ဝ ကျော် သွားရပြီး အရှေ့ဘက်မှာ ထိုင်းနိုင်ငံနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ မြို့နယ်ဖြစ်ပါတယ်။

အနက်ရောင်နယ်မြေဖြစ်ခဲ့တဲ့ ရှားတောမြို့နယ်ထဲက ကျေးရွာတွေမှာ အခုချိန်ထိ လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး ပညာရေး၊ ကျန်းမာရေးကဏ္ဍတွေမှာ ဖွံ့ဖြိုးမှု နောက်ကျနေဆဲပါ။

မြောက်ပိုင်းမှာတော့ ရှမ်းပြည်နယ်တောင်ပိုင်း မောက်မယ်မြို့နယ်နဲ့ ထိစပ်နေပါတယ်။ ရှားတောမြို့နယ်ထဲက ကျေးရွာတွေဟာဆိုရင် တစ်ရွာနဲ့တစ်ရွာ ဆက်သွယ်ဖို့ ကားလမ်းမရှိသေးပါဘူး။ ရှားတောမြို့နယ်ရဲ့ မြောက်ပိုင်းအစွန်ဆုံးရဲ့ တောင်စောင်းပေါ်မှာဆိုရင် တနောကလုရွာဆိုတာ ရှိပါတယ်။ အဲဒီရွာကိုရောက်ဖို့ ကျေးရွာ ငါးရွာလောက်ကို ဖြတ်ပြီး ခြေလျင်ခရီးသွားရပါတယ်။

ဒေသခံအများစုက စားဝတ်နေရေးအတွက် တောင်ယာလုပ်ငန်းကိုသာ အဓိကထား အသက်မွေးဝမ်းကျောင်းကြပြီး တခြားအလုပ်အကိုင်လည်း မရှိကြပါဘူး။

စားဝတ်နေရေးအတွက် ရုန်းကန်နေရတဲ့ တနော်ကလု ကျေးရွာက ကလေးသုံးယောက်မိခင် မုဆိုးမ ဒေါ်ခိမိုက တောင်ယာလုပ်ငန်းနဲ့ သားသမီးတွေကို ကျွေးမွေးရတာ မလောက်ပါဘူးလို့ ပြောပါတယ်။

“ကျမကတော့ တောင်ယာပဲလုပ်တယ်။ လယ်လည်း မရှိဘူး။ စားဖို့လည်း မလောက်ဘူးလေ။ ကျမက တစ်ယောက်တည်းပဲ အလုပ်လုပ်တယ်”

လမ်းပန်းဆက်သွယ်ရေးမှာ ခြေလျင်နဲ့သာ သွားလို့ရတဲ့အတွက် အခက်အခဲ ရှိနေပါသေးတယ်လို့ ဒေါမူလဲရွာမှ ဦးသံရယ်က ပြောပါတယ်။

“လမ်းတွေကတော့ ကောင်းတာပဲ လိုချင်ပါတယ်။ ကားတွေ လာလို့ရတဲ့အထိပေါ့။ သွားလာရတာ အရမ်း ပင်ပန်းနွမ်းနယ်စေပါတယ်။ အခုတော့ ဆိုင်ကယ်နဲ့ နည်းနည်းပါးပါး သွားလာလို့တော့ရပါပြီ။ မိုးရွာရင် သွားလာလို့မရတော့ပါဘူး။”

တနော်ကလုရွာက ဒေါ်မိမယ်က အရင် စစ်အစိုးရလက်ထက်မှာ တပ်မတော်နဲ့ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP တပ်တွေ တိုက်ပွဲ ဖြစ်ပွားတတ်တာကြောင့်  ဒေသခံတွေဟာ လုံခြုံရေးအတွက် နေရပ်စွန့်ခွာခဲ့ကြရတယ်လို့ ပြောပါတယ်။  

“သီရိဒါးဘက် တချို့ပြေးသွားတယ်။ တချို့က ဟိုဘက်ကို ပြေးသွားကြတယ်။ ငါလိုက်ပြေးမယ်ဆို မပြေးနိုင်တော့ပဲ ဒီမှာပဲ ကျန်ခဲ့တာပေါ့။ သီရိဒါးဘက် လိုက်သွားမယ်ဆိုလည်း မသွားနိုင်ခဲ့ဘူးလေ”

ရှားတောမြို့နယ်ထဲက တခြားကျေးရွာတွေလည်း တိုက်ပွဲပြင်းထန်ခဲ့တဲ့ ၁၉၉၄-၉၅  ခုနှစ် ကာလမှာ ရွာလုံးကျွတ် တောထဲမှာ နေရာရွှေ့ပြောင်း နေထိုင်ခဲ့ကြရတာပါ။

အဲဒီနောက် အများစုက နယ်စပ်ဒုက္ခသည်စခန်းဘက် တိမ်းရှောင်ခဲ့ကြပြီး တချို့ကတော့ ရှားတောမြို့ပေါ် စုစည်းရွာတွေမှာ ရွှေ့ပြောင်းနေထိုင်ခဲ့ကြရတာ ဖြစ်ပါတယ်။

နှစ်ပေါင်းအတော်ကြာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရာကနေ တချို့သော ဒေသခံတွေက လုပ်ကိုင်စားသောက်ဖို့ ကျေးရွာတွေပြန်ပြီး တောင်ယာပြန်လာလုပ်ကြရင်း တဖြည်းဖြည်း အခုလို ပြန်လည်အခြေချလာကြတာ ဖြစ်ပါတယ်။

၁၉၇၂ ခုနှစ်တုန်းကဆိုရင် ရှားတောမြို့နယ်မှာ အထက်ပါ ကျေးရွာအုပ်စု သုံးအုပ်စုအပါအဝင် သံလွင်အရှေ့ခြမ်းအုပ်စုဆိုပြီး ကျေးရွာအုပ်စု လေးအုပ်စုရှိခဲ့တယ်လို့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ အချက်အလက်မှာ ဖော်ပြပါရှိပါတယ်။

အခုချိန်မှာတော့ မြောက်ပိုင်းကျေးရွာအုပ်စု၊ တောင်ပိုင်းကျေးရွာအုပ်စု၊ အလယ်ပိုင်းကျေးရွာအုပ်စု ဆိုပြီး အုပ်စု သုံးအုပ်စုသာကျန်ရှိပြီး စုစုပေါင်း တစ်မြို့နယ်လုံးမှ ကျေးရွာ ၂၀ သာရှိပါတယ်။

နယ်မြေ မအေးချမ်းခင်တုန်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ရပ်တည်ရခက်ခဲရေးကို ဦးတည်တဲ့ ရိက္ခာဖြတ်တောက်ခြင်း၊ ဘဏ္ဍာငွေ ဖြတ်တောက်ခြင်း၊ သတင်းအဆက်အသွယ် ဖြတ်တောက်ခြင်း၊ လူထုနှင့် အဆက်အသွယ် ဖြတ်တောက်ခြင်း စတဲ့ ဖြတ်လေးဖြတ် အစီအစဉ်ကို အကောင်အထည်ဖော်တဲ့ ကာလမှာ စစ်ဘေးထွက်ပြေး တိမ်းရှောင်ခဲ့ရမှုကြောင့် ကျေးရွာတွေ ပျောက်သွားကုန်တာဖြစ်ပါတယ်။

အဲဒီ ကျေးရွာတွေကို အညိုရောင်နယ်မြေအဖြစ် သတ်မှတ်ထားတယ်လို့   မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရဲ့ ၂၀၁၈ မတ်လ ၃၁ ရက်နေ့ အစီရင်ခံစာမှာ ဖော်ပြထားတာကို တွေ့ရမှာပါ။

ကျေးရွာ ၂ဝ ဆိုတာကတော့ အစိုးရရဲ့ ပြည်ထဲရေးမှာ အမည်ပေါက်တဲ့ စာရင်းတွေပဲ ဖြစ်ပါတယ်။ အမည်မပေါက်သေးတဲ့ ရွာစာရင်းတွေလည်း ဆယ်ဂဏန်းလောက် ရှိနေပါသေးတယ်။

ရှားတောမြို့နယ်အတွင်း ပြန်လာနေထိုင်ကြတာ တချို့ရွာက နှစ်ပေါင်း ၂၀ လောက် ရှိပြီး တချို့ရွာတွေကတော့ ဆယ်နှစ်ဝန်းကျင်သာ ရှိပါသေးတယ်။

ကျေးရွာတချို့ရဲ့ ကျေးလက် ဆေးပေးခန်းတွေဟာ အခြေခံဆေးဝါးပစ္စည်း အလုံအလောက် မရှိသေးဘူးလို့လည်း ဒေါတနောကျေးရွာ ဥက္ကဋ္ဌ ဖြစ်သူက ဦးမူးရယ်က ပြောပါတယ်။

“အခက်အခဲတွေကတော့ နေမကောင်းဘူးဆိုရင် ဆေးဝါးတွေမရှိဘူး။ နောက် ဆင်းရဲတယ်။ စားရေးသောက်ရေးတွေ အပိုင်းပေါ့”


ရှားတောမြို့နယ်အတွင်းမှာတော့ မြို့နယ်ပြည်သူ့ဆေးရုံ၊ သီရိဒါးတိုက်နယ်ဆေးရုံ၊ ကျေးလက်ကျန်းမာရေးဌာန နှစ်ခုနဲ့ ကျေးလက်ကျန်းမာရေးဌာနခွဲ ရှစ်ခုရှိပါတယ်။

စစ်ဘေးဒဏ်ကြောင့် ဒေသခံတွေ ပညာရေး ထိခိုက်ခဲ့ကြတယ်လို့ ဒေါကလော်လဲကျေးရွာ ဥက္ကဋ္ဌ ဦးဌေးရယ်က ပြောပါတယ်။

“ရှေ့လျှောက်ကျနော်တို့ အရင်ကလို တိုက်ပွဲတွေ ပြန်မဖြစ်တော့ပဲနဲ့နေကြရင် အကောင်းဆုံးပဲ။ ကျနော်တို့ ငယ်ငယ်လေးကတည်းက ခံလာခဲ့ရပြီးပြီ ကျနော်တို့ စာမသင်ခဲ့ရဘူး။ စာမတတ်ဘူး။ ကျနော်တို့လိုချင်တာက ကျနော်တို့ကလေး ပညာကောင်းကောင်းသင်နိုင်ဖို့ပါပဲ။”


ရှားတောမြို့နယ်အတွင်းမှာတော့ အထက်တန်းကျောင်းအနေနဲ့ အထက ရှားတောနဲ့ အထက်တန်းကျောင်းခွဲ အနေနဲ့ အ.ထ.က (ခွဲ) သီရီဒါး နှစ်ကျောင်း ရှိပါတယ်။

၂၀၁၇-၁၈ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်မြင်မှုမှာ နှစ်ဦးသာ ရှိခဲ့ပြီး ၂၀၁၈-၁၉ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်မြင်မှုမှာ ရှစ်ယောက်သာ ရှိခဲ့ပါတယ်။

ဒေသရဲ့ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး အခြေအနေလည်းများစွာ မတိုးတက်နိုင်သေးဘူး။

ရှားတောမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဝင့်ဝါက လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နိုင်ခဲ့တယ်လို့ ပြောပါတယ်။

“နဂိုမြေသားလမ်းမပေါက်တဲ့ ကျေးရွာတွေရောက်အောက် ကျမတို့ သုံးနှစ်စာ Plan ချပြီးတော့မှ ကျမတို့လုပ်တယ်။ အဲဒါလည်း အလုံးစုံ ဒီ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်မှာ ပြည့်စုံသွားပြီဖြစ်လို့ ဒါလည်း ကျမတို့အားရကျေနပ်မှု ရှိခဲ့တယ်။ ထိုနည်းလည်းကောင်းပဲ ကျမတို့ ကျေးရွာအရောက်ကို ပြည်ထောင်စုမှာ နာမည်မပေါက်ပေမယ့် ပြည်ထောင်စုရဲ့ ဘဏ္ဍာငွေနဲ့ ပြည်နယ်ရဲ့ဘဏ္ဍာငွေနဲ့ ကျမတို့ ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုအားနဲ့ ဒေသရဲ့ ပူးပေါင်းဆောင်ရွက်မှုအားနဲ့ ကျမတို့ ဆောင်ရွက်နိုင်တာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျေးရွာအရောက် ကတ္တရာလမ်းတွေ နှစ်နှစ်အပြီး ဆောင်ရွက်ပြီးစီးသွားတာ ဖြစ်တယ်”

ကျေးရွာဖွံ့ဖြိုးတိုးတက်မှု လမ်းတံတားအဆောက်အဦထက် လူတိုင်းရဲ့ အသိပညာ၊ အတတ်ပညာတွေ ဖွံ့ဖြိုးတိုးတက်ဖို့ လိုတယ်လို့ KNPP ရဲ့ ရှားတောမြို့နယ် ဆက်ဆံရေးရုံး တာဝန်ခံ ဦးဘိုးရယ်က ပြောပါတယ်။

“ကျတော်တို့လိုချင်တဲ့ ဖွံ့ဖြိုးရေးက အဓိကလူသားတွေရဲ့အသိဉာဏ်တည်ဆောက်တဲ့ ဖွံ့ဖြိုးရေးမျိုး။ အဲဒါမှနောက်ပိုင်းမှပဲ ဒီအဆောက်အဦတို့၊ လမ်းတံတားတို့ ဒါက သူတို့တန်ဖိုးရှိလာမယ်ဆိုတဲ့ အမျှော်အမြင်ရှိလာနိုင်တယ်။ အစိုးရက လူထုခေါင်းဆောင် တစ်ယောက်နှစ်ယောက် သဘောထားကို ယူပြီးတော့မှ လမ်းဖောက်တာ တံတားဆောက်တာ လုပ်သွားတာက တချို့ကတောင်မသိဘူး ဆိုတဲ့အပေါ်မှ အခုနပြောတဲ့ ဖွံ့ဖြိုးရေးက ကျတော်တို့မတူတာတော့ အဲဒါတော့ပြောချင်တယ်။”


KNPP ကတော့ အစိုးရနဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ကို လက်မှတ်ရေးထိုးနိုင်ဖို့အတွက် အစိုးရနဲ့ ညှိနှိုင်းနေတဲ့ အဖွဲ့ဖြစ်ပါတယ်။

ရှားတောမြို့နယ်အတွင်းမှာ အိမ်ခြေ ၉၆၂ လုံးသာရှိပြီး လူဦးရေ စုစုပေါင်း ၇၇၀၀ သာ ရှိပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့