ရခိုင်ဒုက္ခသည်စခန်းတွေမှာ မဲပုံးထောင်သင့်သလား


2020.07.30

အခုလာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်တွင်း မဲပေးခွင့်ရှိသူ လူဦးရေ ၁၆ သိန်း ၄ သောင်းကျော် ရှိပါတယ်။ စစ်တွေဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မှာ ဒေသခံ ၂ သိန်းကျော်လောက်ဟာ နေရပ်စွန့်ခွာထွက်ပြေးနေရတာမို့ ဒုက္ခသည်စခန်းတွေမှာပါ မဲပုံးထောင်ပေးဖို့ ဝင်ရောက်အရွေးခံမယ့်ကိုယ်စားလှယ်လောင်းတွေက တောင်းဆိုနေတာတွေလည်းရှိပါတယ်။

အစိုးရတပ်မတော်နဲ့ ရခိုင့်တပ်တော် AA တို့အကြားတိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်ထဲက မြို့နယ်တွေ အားလုံးမှာရွေးကောက်ပွဲ ကျင်းပမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကကြေညာထားတာပါ။

ဒါပေမဲ့ တိုက်ပွဲတွေကြား အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒေသခံပြည်သူတွေကတော့ ရွေးကောက်ပွဲမှာ စိတ်ဝင်စားမှုနည်းနေသလို ကိုယ့်နေရပ်မှာ မဲစာရင်း ပါ၊မပါ ပြန်စစ်ပြီးမဲပေးဖို့ဆိုတာကလည်း မဖြစ်နိုင်ပါဘူး။

ဒါကြောင့် လူထုပါဝင်တဲ့ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ကျင်းပနိုင်ရေး ရခိုင်ပြည်နယ်ထဲက ဒုက္ခသည်စခန်းတွေမှာ မဲပုံးတွေထားပေးဖို့ ANP ပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက တိုက်တွန်းနေပါတယ်။

"စစ်ဖြစ်နေတဲ့နေရာတွေမှာ သွားပြီးမဲပုံးထောင်ရင် လုံခြုံရေးအခက်အခဲရှသလို ကျန်တဲ့သူတွေကလည်း မဲပေးဖို့ကို စိတ်ဝင်စားကြမှာမဟုတ်ဘူး။ ဒုက္ခသည်စခန်းမှာပဲ ထောင်လိုက်ခြင်းအားဖြင့် လူတွေတစုတစည်းထဲဖြစ်တယ်။ စစ်ဖြစ်နေတဲ့ကျေးရွာတွေမှာ မဲပုံးသွားထောင်တာထက်တော့ ဒီဒုက္ခသည်စခန်းတွေမှာ ထောင်လိုက်တာက ပိုအာရုံစိုက်နိုင်တာပေါ့"


ဒီလို လုပ်ဆောင်ခြင်းအားဖြင့် ရခိုင်တပြည်နယ်လုံးမှာ ရွေးကောက်ပွဲကျင်းပနိုင်ရေး ပိုအလားအလာကောင်းတွေရှိကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ကို တင်ပြသွားဖို့ရှိတယ်လို့လည်း ဆိုပါတယ်။

ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် ၁၂ နေရာက ဝင်ရောက်အရွေးခံမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ရွေးကောက်ခံကိုယ်စားလှယ် ဒေါ်ချစ်ချစ်ချောကလည်း ဒီလိုဒုက္ခသည်စခန်းနားတွေမှာ မဲပုံးထောင်နိုင်ရင် ရွေးကောက်ပွဲကို လူထုစိတ်ဝင်စားမှုပိုများလာမယ်လို့ ယုံကြည်ပါတယ်။

"ဒုက္ခသည်စခန်းတွေနားမှာပဲ အဆင်ပြေအောင် ကော်မရှင်ကလုပ်ပေးမှသာလည်း သူတို့ကမဲပေးနိုင်မှာ၊ တကယ်တမ်းအဲ့လိုသာရွေးကောက်ပွဲမှာ ကိုယ့်နားလေးမဲပေးနိုင်အောင်စီစဉ်ပေးရင်တော့ သူတို့အထိုက်အလျှောက် စိတ်ဝင်စားပါလိမ့်မယ်"


၂ဝ၁၅ ရွေးကောက်ပွဲမှာ NLD ပါတီ အနိုင်ရပြီးနောက်ပိုင်း ရခိုင်မြောက်ပိုင်းမှာ တပ်မတော်နဲ့ AA အကြား တိုက်ပွဲတွေ ပိုပိုပြင်းထန်လာခဲ့တာပါ။

တိုက်ပွဲတွေကြောင့် သေဆုံးသူတွေလည်း တိုးတိုးနေသလို နေရပ်စွန်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံ တစ်သိန်း ၉ သောင်း ၇ ရာကျော်ရှိတယ်လို့ REC က ကောက်ယူထားတဲ့စာရင်းတွေအရ သိရပါတယ်။ အများစုကတော့ ရင်္သေ့တောင်၊ ဘူးသီးတောင်၊ မင်းပြားနဲ့ မြောက်ဦးတို့ကဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ထဲက ဒုက္ခသည်စခန်းတွေမှာ မဲရုံဖွင့်ဖို့စီစဉ်နေတာရှိလားလို့ ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဒေါ်တင်လှိုင်ကို RFA ကဆက်သွယ်မေးမြန်းရာမှာတော့ တိကျတဲ့အဖြေမရှိသေးပါဘူး။

"တိုက်ပွဲရှောင်စခန်းဆိုတာ အစိုးရအသိအမှတ်ပြု ဖွင့်ထားတဲ့စခန်းရှိတယ်။ လူမှုအဖွဲ့တွေ ဖွင့်ထားတဲ့ စခန်းတွေရှိတယ်။ စခန်းတွေ အကုန်လုံးမှာ လိုက်ဖွင့်ပေးဖို့ ချက်ချင်းစီစဉ်လို့မရဘူး။အခြေအနေတွေပေါ် အများကြီးမူတည်တယ်။ လုံခြုံရေးကလည်း အရမ်းအရေးကြီးတယ်"


ဘယ်ဒေသတွေက လုံခြုံရေးအစိုးရိမ်ရဆုံးလည်းဆိုတာကိုတော့ ဒေါ်တင်လှိုင်က တိတိကျကျမဖြေဆိုပါဘူး။

ရခိုင်ပြည်နယ်ထဲက မြို့နယ်တချို့မှာ လုံခြုံရေးအကြောင်းပြပြီး ရွေးကောက်ပွဲကျင်းပမယ့် အစီအစဉ်ကို ဖျက်သိမ်းသွားနိုင်တယ်လို့ မြန်မာ့အရေးလေ့လာသုံးသပ်သူ ဦးအောင်သူငြိမ်း ကတော့ ယူဆနေပါတယ်။

"ဦးသိန်းစိန်ကာလက အတွေ့အကြုံအရ ပထမဆုံးကော်မရှင်က မြို့နယ် ၃၃၀ လုံးကိုရွေးကောက်ပွဲကျင်းပမယ့်မြို့တွေအဖြစ်ကြေညာလိုက်တယ်။ ကြေညာပြီးတော့မှအချိန်ကပ်လာတော့ လုံခြုံရေးအကြောင်းပြချက်နဲ့ တချို့မြို့တွေကို ပြန်ဖြုတ်သိမ်းတာတွေရှိတယ်။ အခုအနေအထားအရ ယူဆရတာကတော့ အထူးသဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့နယ်တွေက လုံခြုံရေးအရ စိုးရိမ်စရာရှိတာကြောင့် ကျနော်ထင်တယ်။ အဲ့ဒီမြို့တွေကို ပြန်ဖြုတ်ချသွားမယ်လို့ယူဆတယ်"

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်ကတော့ ရခိုင်ဒေသတွင်းအောင်အောင်မြင်မြင်ကျင်းပနိုင်ဖို့ အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနတို့နဲ့ ညှိနှိုင်းနေတယ်လို့ သတင်းမီဒီယာတွေကို ပြောထားပါတယ်။

ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့တစ်ခုဖြစ်တဲ့ PACE အဖွဲ့က ကိုဟန်စိုးထွန်းကတော့ ရခိုင်ပြည်နယ်ထဲရွေးကောက်ပွဲကျင်းပမယ့် အသေးစိတ်အခြေအနေတွေကို အမြန်ဆုံးထုတ်ပြန်ပေးဖို့ တောင်းဆိုပါတယ်။

"ရခိုင်ပြည်နယ်မှာရှိတဲ့ မြို့နယ်တိုင်းမှာ ရွေးကောက်ပွဲ ကျင်းပမှာလား မကျင်းပဘူးလားဆိုတာ အရင်သိဖို့လိုတယ်။ ဘယ်လိုအနေအထားမျိုးမှာ ကျင်းပမှာလဲဆိုတာ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ထုတ်ပြန်ဖို့လိုပြီ"


အခုလာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်တွင်း မဲပေးခွင့်ရှိသူ လူဦးရေ ၁၆ သိန်း ၄ သောင်းကျော် ရှိပြီး မဲရုံပေါင်း ၂၅၉၄ ရုံ ရှိတယ်လို့ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရဲ့ စာရင်းတွေအရသိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။