နိုင်ငံတစ်ဝန်း စစ်ဘေးဒုက္ခသည်တွေ အရေပြားရောဂါဖြစ်ပွားမှု ဆိုးရွားနေ
2025.01.29

နေရပ်စွန့်ခွာထွက်ပြေးရတဲ့သူများနေတဲ့ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းအရှေ့ခြမ်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကရင်နီဒေသ၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်မှာ စစ်ဘေးဒုက္ခသည်တွေ အရေပြားယားနာရောဂါတွေ ဖြစ်နေကြပါတယ်။
တကိုယ်ရည်သန့်ရှင်းရေးအတွက်လိုအပ်တဲ့ ဆပ်ပြာတို့၊ ရေတို့ ရှားပါးတဲ့အပြင် လဲလှယ်ဝတ်စရာ အဝတ်အစား လုံလုံလောက်လောက် မရှိတဲ့အတွက် ယားနာရောဂါတွေဖြစ်ရသလို၊ ပျောက်အောင်ကုပေးမဲ့ ဆေးဝါးလည်း လုံလုံလောက်လောက်မရှိဘူးလို့ တပိုင်တနိုင်ကူညီနေတဲ့သူတွေက ပြောပါတယ်။
"ယားနာတွေက အိပ်ရေးပျက်တယ်၊ အိပ်လို့မရဘူးပေါ့"
စစ်ကိုင်းတိုင်း ကလေးနဲ့ မကွေးတိုင်း ဂန့်ဂေါမြို့နယ်မှာ ဒေသခံတွေရော၊ စစ်ဘေးရှောင်သူတွေမှာပါ ကူးစက်နေတာ လေးလလောက်ကြာပြီဖြစ်လို့ ကူးစက်ခံနေရတဲ့သူ လေးရာလောက်ရှိနေပြီး ဆေးဝါးရဖို့ခက်ခဲနေတယ်လို့ ဒေသခံ ဒေါ်သူဇာအေးက ပြောပါတယ်။
“ကျွန်မတို့ ကလေးမြို့မှာဆိုရင် လူကြီးတွေမှာလည်း အဖြစ်များတာ တွေ့ရတယ်။ ဘာကြောင့်ဖြစ်လဲဆို အဝတ်အစားတွေ မပြည့်စုံတာကြောင့်ထင်တယ်။ ရှိတဲ့အဝတ်တွေကို အစိုပြန်လဲဝတ်တယ်၊ အခြောက် လဲပြန်ဝတ်တယ်။ လဲစရာ မရှိဘူးပေါ့၊ အဲဒါကြောင့် ယားနာတွေပျောက်ဖို့ ကြာတယ်”
ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံနဲ့ မိုးဗြဲမြို့နယ်တွေမှာလည်း စစ်ဘေးဒုက္ခသည် ကလေးငယ်တွေ အပါအဝင် ယားနာကူးစက်ခံရတဲ့သူ အယောက် နှစ်ရာလောက်ရှိနေတယ်လို့ ကျန်းမာရေး ဆရာမ ဒေါ်နန်းသူဇာက ပြောပါတယ်။
“ဆရာမ ကျွန်တော်တို့ ယားလာတယ်။ ကျွန်တော်တို့ကို ဆေးပေးဦးတဲ့ ... ဆေးလည်း ကုန်နေတယ်၊ အရမ်းလည်း ဈေးကြီးတော့ ကလေးတွေရဲ့ ယားနာက မပျောက်သလိုပဲ၊ ပျောက်တဲ့သူကတော့ ပျောက်ကုန်ပြီ။ သက်သာကုန်ပြီ။ တချို့တွေကျတော့ ယားနေတယ်။ ယားနာတွေက အိပ်ရေးပျက်တယ်၊ အိပ်လို့မရဘူးပေါ့။ ကလေးတွေကိုတော့ အတတ်နိုင်ဆုံး ခြေသည်းလက်သည်းတွေညှပ်ပါ။ သန့်သန့်ရှင်းရှင်းနေဖို့တော့ မှာလိုက်တယ်”
ဆက်နွှယ်သောသတင်းများ
ယောဒေသက စစ်ဘေးဒုက္ခသည်တွေ အရေပြားကူးစက်ရောဂါ ဖြစ်နေ
ရှမ်း-ကယားနယ်စပ်က စစ်ဘေးဒုက္ခသည်ကလေးငယ်တွေ အရေပြားရောဂါ ဖြစ်ပွားနေ
ကလေးက စစ်ဘေးဒုက္ခသည်တွေ အရေပြားကူးစက်ရောဂါဖြစ်နေ
ပဲခူးတိုင်း အရှေ့ခြမ်း၊ တောင်ငူခရိုင်ထဲက စစ်ဘေးဒုက္ခသည်တွေရှိတဲ့ ကျေးရွာနဲ့ စခန်း ၁၀ ခုကျော်မှာလည်း သုံးရေမလုံလောက်တာ၊ ခြင်ကိုက်ခံရတာတွေကြောင့် ယားနာရောဂါအဖြစ်များနေပါတယ်။ ကူးစက်နေတဲ့သူဦးရေ တစ်ထောင်ကျော်အထိ ရှိနိုင်တယ်လို့ ဆေးဘက်ဆိုင်ရာ ကူညီနေတဲ့သူတွေက ခန့်မှန်းကြပါတယ်။ ဒါကြောင့် ဆေးဝါး၊ အစားအစာ၊ ခြင်ထောင်နဲ့ အဝတ်အထည်လှူမဲ့သူတွေ လိုအပ်နေတယ်လို့ ဆရာဝန် ဒေါက်တာဇင်က ပြောပါတယ်။
“အဖြစ်များတာက ကလေးတွေမှာ အဖြစ်များတယ်၊ တစ်ရာကျော်တယ်၊ စခန်းက (ဘုရားကျောင်းတွေ အပါအဝင်) ၁၀ ခုဝန်းကျင်ရှိတယ်၊ စခန်းတွေမှာလည်း လူများတယ်၊ ရေချိုးတဲ့အခါမှာလည်း ရေလောက်ငှမှု မရှိဘူး။ တစ်ကိုယ်ရည်သန့်ရှင်းမှု အားနည်းကုန်တာပေါ့။ ကျွန်မဆိုရင် ကိုယ့်မိတ်ဆွေတွေကို ဒီမှာဘာဖြစ်နေလို့၊ ကူပေးပါဦးလို့ အကူအညီတောင်းပြီး ဖြေရှင်းရတာရှိသလို စခန်းမှာ ဦးဆောင်တဲ့သူက အလှူရှင်လိုက်ရှာပြီး၊ အကူအညီတောင်းခံပြီး ဖြည့်ဆည်းရတာရှိတယ်”
အလားတူ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်ထဲက မြို့နယ်တချို့မှာလည်း စစ်ဘေးဒုက္ခသည်တွေနဲ့ ဒေသခံတွေ ယားနာရောဂါ ကူးစက်နေကြတယ်လို့ ရခိုင်ပြည်နယ်တောင်ပိုင်းက မြို့နယ်တွေမှာ ကျန်းမာရေးကူညီနေတဲ့ အမ်းဒေသခံ ဦးမောင်မောင်က ပြောပါတယ်။
“မြေပေါ်မှာနေပြီး မြေပေါ်မှာအိပ်ရတယ်၊ မြေပေါ်မှာစားရတယ်၊ ရေချိုးတဲ့အခါ ဆပ်ပြာမပါဘူး၊ နေရတာလဲ တောထဲမှာသွားနေတော့ မြက်ပင်တွေလည်းရှိတယ်။ ခြေထောက်တွေမှာ မြက်တွေရှပြီး အဲဒီကနေ ယားနာပေါ်လာတာ၊ အဲဒီကနေ တဖြည်းဖြည်း ဆင့်ပွားဖြစ်လာတာ”
ရခိုင်ပြည်နယ်ထဲမှာ ယားနာဖြစ်နေတဲ့သူ အယောက် ငါးရာလောက်ရှိနိုင်ပြီး ချင်းပြည်နယ်ထဲမှာလည်း ငါးရာလောက်ရှိနိုင်တယ်လို့ သူက ပြောပါတယ်။
ဒါကြောင့် ဖြစ်နေတဲ့ယားနာတွေကုသဖို့နဲ့ တားဆီးနိုင်ဖို့ ဆေးဝါး၊ တကိုယ်ရည် သန့်ရှင်းရေး အသုံးအဆောင်၊ အဝတ်အစားနဲ့ ရေကောင်းရေသန့် အမြန်ဆုံးထောက်ပံ့ပေးနိုင်ဖို့ လိုအပ်နေတယ်လို့ ဆရာဝန်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဒေသခံတွေက ပြောကြပါတယ်။