ကန့်သတ်ချက်တွေကြောင့် အသေးစားလုပ်ငန်းတွေ ရပ်တည်ဖို့ ခက်ခဲ

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် ကန့်သတ်မှုအချို့လုပ်ခဲ့ပြီး တစ်လကျော်လာတဲ့အခါမှာတော့ နေရာငှားရမ်းလုပ်ကိုင်ရသူတွေ အလုပ်သမားဝန်ထမ်းတွေနဲ့ လည်ပတ်ရတဲ့ အသေးစားလုပ်ငန်းရှင်တွေ အခက် အခဲများစွာ ရင်ဆိုင်နေရပါတယ်။

ပြည်သူတွေ မလိုအပ်ရင် အပြင်မထွက်ဘဲ နေအိမ်တွေမှာပဲနေကြဖို့၊ အပြင်ထွက်ရင်လည်း နှာခေါင်းစည်းတပ်ဖို့၊ လူငါးယောက်ထက် ပိုမစုဖို့၊ စားသောက်ဆိုင်တွေ ပါဆယ်ပဲရောင်းဖို့ ထုတ်ပြန်ကြေညာထားတာ တစ်လကျော် လာချိန်မှာ အလုပ်သမားဝန်ထမ်းတွေနဲ့ လည်ပတ်ရတဲ့ အစားအသောက် ဝန်ဆောင်မှုလုပ်ငန်းတွေ ဆက်လက် ရပ်တည်ဖို့ ပိုမို ခက်ခဲလာနေပါတယ်။

ရွှေစင်္ကြာ လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးလူမော်ဝင်းက ဆိုင်ထိုင်စားသောက်မှုမရှိတဲ့နောက်ပိုင်း ပါဆယ်ဝယ်ယူ သူကိုသာ ရောင်းပေးရတာဖြစ်လို့ အမြတ်ရဖို့ ခက်ခဲလာတဲ့အတွက် နောက်ထပ်တစ်လလောက် ထပ်ပြီး တောင့်ခံနိုင်မယ် မထင်တော့ဘူးလို့ RFA ကို ပြောပါတယ်။

"ကျွန်တော့ဆိုင်ဆိုရင် ၃ လပိုင်း ၂၉ ရက်နေ့ကတည်းက ခြံစည်းရိုးခတ်ပြီးတော့ ပါဆယ်ပဲရောင်းတော့တာ ဒီနေ့ အချိန်ထိပဲ၊ ရောင်းအားကလည်း ၈၅ ရာခိုင်နှုန်းလောက်အထိကိုကျသွားတယ်၊ အခက်အခဲကတော့ အကြီးကြီး ပေါ့၊ ကျွန်တော့ဆိုင်မှာ ဝန်ထမ်းအယောက် တစ်ရာကျော်ရှိတယ် လုပ်ငန်းသဘောအရ စရိတ်ငြိမ်းဆိုတော့ ရောင်း ရရ မရောင်းရရ အခုချိန်မှာစရိတ်ငြိမ်း စီစဉ်ပေးထားရတယ်၊ ပြီးတော့လစာကလည်း မဖြစ်မနေပေးနေရတဲ့အခါ ကြတော့ အခက်အခဲကတော့များတယ်ခင်ဗျ တော်တော်ကြီးတယ်၊ ကျွန်တော့မှာမြေငှားခရှိတယ် မီတာခတွေ ရှိတယ်၊ ဒါတွေကလည်း ခြုံလိုက်လို့ရတဲ့စရိတ်တွေ မဟုတ်တော့ အဲတာတွေကပါ အရှုံးပေါ့ဗျာ၊ ပြီးခဲ့တဲ့လက ဆိုရင် ဝန်ထမ်းတွေကို လခတောင် တစ်ဝက်နှုန်းပဲပေးနိုင်တော့တယ်၊ ဒီလ နှစ်လဆိုရင်တော့ ကျွန်တော်တို့ လုပ်ငန်းတွေ မလွယ်လောက်ဘူး၊ တောင့်ခံနိုင်ဖို့အခြေအနေ တော်တော်ဆိုးဆိုးပဲ။"

ရောင်းအား ၈၅ ရာခိုင်နှုန်းလောက်အထိ ကျသွားသလို ဝန်ထမ်းတစ်ရာကျော်ရဲ့ စားဝတ်နေရေးကို တာဝန် ယူထားရပြီး သူတို့ကို လစာပေးနိုင်ဖို့ကလည်းရှိနေတယ်လို့ ဦးလူမော်ဝင်းက ဆိုပါတယ်။

နေ့စားအလုပ်သမားတွေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်တဲ့ ဦးအေဝမ်းကလည်း သူ့အလုပ်သမားတွေရဲ့ မိသားစုစားဝတ်နေရေးအတွက် ယာယီထိန်းထားနိုင်ပေမယ့် ရေရှည်တော့ လုံးဝမဖြစ်နိုင်ဘူးလို့ ပြောပါတယ်။

"လက်ရှိအနေအထားကတော့ ငွေကြေးအခက်အခဲပေါ့ လောလောဆယ်တော့ အလုပ်သမားတွေရှင်းဖို့၊ သူတို့ မိသားစုစားဝတ်နေရေးပြေလည်ဖို့၊ နောက်တခါ စားဝတ်နေရေးပြေလည်ဖို့ထက် ရောဂါမဝင်အောင် ထိန်းသိမ်း ကာကွယ်ဖို့၊ ဒါတွေကတော့ အမြဲကြည့်ရှုစောင့်ရှောက်နေရတာပေါ့၊ ထိုက်သင့်သလောက်တော့ လောလော ဆယ်တော့ ဖြေရှင်းနိုင်သလောက်တော့ ဖြေရှင်းပေးနေရဦးမှာပါပဲ၊ လက်ရှိအနေအထားအရသာထိန်းထားလို့ ရတာလေ ရေရှည်တောင့်ထားဖို့ကတော့ ဘယ်လိုမှမဖြစ်နိုင်တဲ့အနေအထားမျိုး ဖြစ်သွားလိမ့်မယ်။ သွားလာ ကန့်သတ်မှုကို အစိုးရထပ်ပြီး သက်တမ်းတိုးရင်လည်း လိုက်နာပြီး လုပ်ငန်းအဆင်ပြေအောင် လုပ်ကိုင် ကြည့်ဦးမယ်လို့ ဦးအေဝမ်းက ဆိုပါတယ်။ အစိုးရချေးငွေရရှိရေးက သတ်မှတ်ချက်တွေများတာကြောင့် လုပ်ငန်းလုပ်ကိုင်သူတိုင်းမရဘူးလို့ အသေးစားလုပ်ငန်းလုပ်ကိုင်တွေက ပြောပါတယ်။"

တစ်လကျော် အလုပ်နားထားရတဲ့ အလူမီနီယံလုပ်ငန်းလုပ်ကိုင်သူ ကိုမင်းနောင်က ဝန်ထမ်းလခအပြင် ဆိုင်ခန်းငှားရမ်းခ တစ်လကို သုံးသိန်းနီးပါးအတွက် အခက်အခဲရှိနေတယ်လို့ ပြောပါတယ်။

"အလုပ်သမားကလေးယောက်၊ နားထားတာက တစ်လခွဲရှိပါပီ၊ သူတို့ကိုလစာတဝက်ပေးထားတာပေါ့၊ အဓိက ကတော့ ဆိုင်လခပြဿနာကို ခေါင်းကိုက်နေတာပေါ့၊ အခု Lock Down ဖြည်လိုက်ပြီးလည်း ကျွန်တော်တို့ အလုပ်က ချက်ခြင်းပြန်စလို့မရပါဘူး၊ တော်တော်ကြီးအချိန်ယူရဦးမယ်။"

နားထားရတဲ့လအတွက် သူ့မှာရှိတဲ့ဝန်ထမ်းတွေကို လစာတစ်ဝက်ပေးထားပေမယ့် ရေရှည်အတွက်ကတော့ မဖြစ်နိုင်ဘူးလို့ ကိုမင်းနောင်က ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ထိန်းချုပ်နိုင်အောင် ပြည်သူတွေ နေအိမ်မှာပဲနေကြဖို့ တိုက်တွန်းမှု ကန့်သတ်မှုတွေက ဆက်ရှိနေရဦးမှာဖြစ်ပါတယ်။

တစ်ဖက်မှာလည်း ဒီလိုကန့်သတ်ထားမှုတွေကြောင့် အလုပ်သမားဝန်ထမ်းတွေနဲ့ စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေရ သူတွေဟာ ရေရှည်တောင့်ခံနိုင်ဖို့ အဆင်မပြေတော့တဲ့အတွက် အစိုးရအနေနဲ့ ကူညီပေးသင့်တယ်လို့ အသေးစား လုပ်ငန်းရှင်တွေက ပြောကြပါတယ်။