လုံခြုံမှုကင်းမဲ့နေဆဲလို့ လူမှုကူညီရေးအသင်းတွေပြော

RFA Burmese
2023.07.26
လုံခြုံမှုကင်းမဲ့နေဆဲလို့ လူမှုကူညီရေးအသင်းတွေပြော ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က မန္တလေးတိုင်း မတ္တရာမြို့နယ်၊ ကန်ဖြူရွာအနီးမှာ ပစ်ခတ်ခံရသည့် လက်ပန်လှ လူမှုကူညီရေးအသင်း လူနာတင်ယာဉ်ကို တွေ့ရစဉ်။
Myanmar Rescue Let Pan Hla

စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်း လူမှုကူညီရေးဝန်ထမ်းတွေ လုံခြုံမှုကင်းမဲ့နေပြီး ကန့်သတ်ချုပ်ချယ်ခံရတာတွေများနေတယ်လို့ အသင်းတွေက ပြောကြပါတယ်။

စစ်ကောင်စီက လူမှုကူညီရေးအဖွဲ့တွေကိုမှတ်ပုံတင်ခိုင်းတာ၊ ကားတွေကို လိုင်စင်လုပ်ခိုင်းတာတွေအပြင် အသင်းတွေရဲ့ တစ်နေ့တာလှုပ်ရှားသွားလာမှုအားလုံးကိုပါ ကြိုတင်သတင်းပို့ခိုင်းတာတွေကြောင့်လည်း လုပ်ရကိုင်ရခက်ခဲလာတယ်လို့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ဒါကြောင့် ကန့်သတ်ချက်တွေဖြေလျှော့ပေးစေချင်တယ်လို့ ရန်ကုန်မြို့က လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ယောက်က RFA ကို ပြောပါတယ်။

"နယ်မြေသတင်းပို့ပြီးမှ သွားရလာရတာဆိုတော့ နည်းနည်းတော့ အကျပ်အတည်းတော့ ရှိတာပေါ့။ အမှန်ဆိုလို့ရှိရင် လွတ်လပ်စွာလုပ်ကိုင်ခွင့်ပေးရင်တော့ ပိုကောင်းတာပေါ့။ သူတို့သတ်မှတ်ထားတဲ့ အသင်းဝင်လိုင်စင်တွေ လျှောက်ဆိုလည်း အကုန်လုံး တော်တော်များများ လျှောက်ကုန်ပြီလေ။ ညဘက်ကျ သွားတဲ့အခါကျရင်လည်း တစ်ခါတလေကျရင် သူတို့ကိုသတင်းမပို့လို့ဘာညာ၊ တစ်ခါတလေကျရင်လည်း နယ်မြေချင်းကမတူကြဘူး။ ဒီဘက်နယ်မြေကလွှတ်ရင်လည်း တစ်ဘက်နယ်မြေက နည်းနည်းလေး အခက်အခဲရှိတာပေါ့။ အဓိကကတော့ နည်းနည်း ဖြေလျှော့ ပေးစေချင်တာပေါ့"

အသင်းလိုင်စင်လျှောက်တဲ့အခါမှာလည်း မြို့နယ်၊ ခရိုင်၊ တိုင်းအဆင့်လိုက် ဘယ်လိုဆောင်ရွက်မယ့်အသင်းလဲဆိုတာ လျှောက်ရသလို၊ ခွင့်ပြုထားတဲ့ နယ်မြေကိုကျော်ပြီး သွားလာဆောင်ရွက်ခွင့်မရဘူးလို့ မန္တလေးမြို့က နာမည်မဖော်လိုတဲ့ လူမှုကူညီရေးအသင်း ခေါင်းဆောင်တစ်ယောက်ကလည်း ပြောပါတယ်။ အဲဒီအပြင် သူတို့လူနာတွေ တင်ပြီးသွားလာတဲ့အခါတွေမှာလည်း ညနေ ၆ နာရီကျော်ရင် ခရီးဆက်ဖို့ခက်သွားတဲ့အတွက် အရင်ကထက်ပိုပြီး နှစ်ဆကြန့်ကြာသွားပါတယ်။ လောင်စာစျေးတွေ မြင့်တက်သွားလို့လည်း ကုန်ကျစရိတ် နှစ်ဆမက တက်သွားလို့ အသင်းတွေရဲ့ ရန်ပုံငွေအခက်အခဲဖြစ်လာကြတယ်လို့ ပြောပါတယ်။

နောက်တစ်ချက်ကလည်း အသင်းရဲ့ရန်ပုံငွေကို ဘဏ်မှာအပ်ထားလို့ရလာမယ့် အတိုးနှုန်းကို သတ်မှတ်ထားတဲ့အတိုင်း ဘဏ်က ထုတ်မပေးအောင် ထိန်းချုပ်ခံရတာမျိုးလည်း ကြုံရတယ်လို့ ပြောပါတယ်။

စစ်ကောင်စီထိန်းချုပ်ထားတဲ့ဒေသတွေမှာ လူမှုကူညီရေးအသင်းတွေကို အခုလို အဘက်ဘက်က ကန့်သတ်ထိန်းချုပ်ထားသလို၊ လက်နက်ကိုင်ပဋိပက္ခတွေများနေတဲ့ ဒေသတွေမှာလည်း ဘေးကင်းလုံခြုံမှု ကင်းမဲ့နေဆဲဖြစ်ပြီး အဖမ်းခံရတာတွေလည်း ရှိနေတယ်လို့ အဖွဲ့တွေက ပြောပါတယ်။

ဆွစ်ဇာလန်နိုင်ငံက Insecurity Insight ဆိုတဲ့ လူသားမျိုးနွယ်လုံခြုံရေးဆိုင်ရာ သုတေသနအဖွဲ့ရဲ့ စစ်တမ်းမှာ ရှမ်း၊ ကယား၊ ကချင်၊ မကွေး၊ စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ ၂၀၂၂ ခုနှစ်၊ ဧပြီလကနေ စက်တင်ဘာလအတွင်း ကျန်းမာရေးဝန်ထမ်းအနည်းဆုံး ၁၀ ယောက် အသတ်ခံခဲ့ရပြီး၊ တစ်နိုင်ငံလုံးမှာ အဖမ်းခံရတဲ့ကျန်းမာရေး ဝန်ထမ်းက အနည်းဆုံး ၄၂ ဦးရှိတယ်လို့ ဆိုပါတယ်။

အသတ်ခံရသူတွေထဲမှာ အရေးပေါ်ကားမောင်းတဲ့သူ၊ ဆရာဝန်နဲ့ လုပ်အားပေးတွေလည်း ပါတယ်လို့ ဆိုပါတယ်။ သူတို့ဟာ လေကြောင်းကနေ တိုက်ခိုက်ခံရလို့ အသက်ဆုံးရှုံးတာ၊ ပြန်ပေးဆွဲခံရတာ၊ ဖမ်းဆီးစစ်ဆေးမေးမြန်းခံရတာနဲ့ ခရီးသွားလာတဲ့လမ်းတွေမှာ သတ်ဖြတ်ခံရတာလို့ ဆိုပါတယ်။

"အကုန်လုံး အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခသည်တွေကို ကျွန်တော်တို့က ကူညီပေးနေတဲ့အဖွဲ့အစည်းလေ"

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ လူမှုကူညီရေးအဖွဲ့တာဝန်ရှိသူတစ်ဦးကတော့ လူမှုကူညီရေးသမားတွေကို သတ်ဖြတ်တာမျိုးမလုပ်စေချင်ဘူးလို့ RFA ကို ပြောပါတယ်။

"ကျွန်တော်တို့ လူမှုကယ်ဆယ်ရေးရုံးတွေဘာတို့ပါ သူတို့က သိပ်မရှောင်ဘူး ဖြစ်နေတယ်ဗျာ။ ပစ်ကြ၊ ခတ်ကြတာတွေလေ။ ဖမ်းဆီးတာက ဟိုဘက်ဒီဘက်ပေါ့နော်။ ဒီဘက်ကလည်း မသင်္ကာလို့ ဖမ်းဆီးတယ်။ ဟိုဘက်ကလည်း မယုံသင်္ကာလို့ဆိုပြီးတော့ အဖမ်းခံရတယ်။ ကျွန်တော်တို့က အမှန်တကယ်တမ်းတော့ အဖြူထည်လေးတွေ။ အကုန်လုံး အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခသည်တွေကို ကျွန်တော်တို့က ကူညီပေးနေတဲ့ အဖွဲ့အစည်းလေ"

လတ်တလော စစ်ရေးတင်းမာနေတဲ့ ကရင်နီပြည်နယ်မှာလည်း လူမှုကူညီကယ်ဆယ်ရေးသမားတွေ မကြာခဏ ဖမ်းဆီးခံနေရတာကြောင့် စိုးရိမ်စိတ်နဲ့ လုပ်နေရတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ညွှန်ကြားရေးမှူး ကိုဗညားက ပြောပါတယ်။

“တကယ့်ကို စားနပ်ရိက္ခာ၊ ကျန်းမာရေး၊ ပညာရေးလုပ်နေတဲ့ ကျွန်တော်တို့အဓိကပေါ့။ ပညာရေးတို့၊ လူထုကျန်းမာရေးတို့၊ စားနပ်ရိက္ခာတို့ပေါ့နော်။ အဲဒီဘက်မှာ လုပ်နေတဲ့သူတွေရဲ့ စိုးရိမ်ချက်က ပိုမြင့်လာတယ်။ ဒါပေမဲ့ သေဆုံးမှုတွေကတော့ တော်တော်လေး နည်းသွားတာပေါ့နော်။ အထူးသဖြင့်ကတော့ ဖမ်းဆီးမှုတွေကတော့ ခဏခဏ ခံရတာရှိတယ်ပေါ့နော်”

စစ်တပ်အရာရှိဟောင်းတွေနဲ့ဖွဲ့ထားတဲ့ သေနင်္ဂမဟာဗျုဟာလေ့လာရေးအဖွဲ့ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကတော့ လူမှုကူညီရေးခေါင်းစဉ်အောက်မှာ တခြားရည်ရွယ်ချက်နဲ့ အလုပ်လုပ်ရင်တော့ ဒီလိုပြဿနာတွေဖြစ်လာနိုင်တယ်လို့ RFA ကို ပြောပါတယ်။

"ပုံမှန်အားဖြင့် ဒီလိုပဋိပက္ခဖြစ်နေတဲ့ နေရာဒေသတစ်ခုခုမှာ လှုပ်ရှားမှုလုပ်တဲ့အချိန်မှာ သိပ်သတိထားရတယ်။ အဲဒါက လူ့အခွင့်အရေးကိစ္စရပ်တစ်ခုတည်းနဲ့သွားပြီးတော့ ဝင်ပြီးတော့ လုပ်ရတာမျိုး သွားလုပ်လို့မရဘူး။ နောက်တစ်ချက်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီနောက်ပိုင်းမှာ အဲဒီအချိန်မှာ လူမှုရေးအသင်းအဖွဲ့ဆိုပြီးတော့ ယူထားတဲ့ အသင်းအဖွဲ့တွေရဲ့ ဒီဆန္ဒပြမှုအပိုင်းတွေ၊ တချို့အပိုင်းတွေမှာ ပါဝင်ပတ်သက်မှုတွေ အများကြီးရှိခဲ့တယ်"

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး Volker Turk ကတော့ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လူမှုဝန်ထမ်း ၄၀ ကျော် သေဆုံးခဲ့ပြီး ၂၀၀ ကျော် ဖမ်းဆီးခံခဲ့ရတယ်လို့ ဇူလိုင် ၆ ရက်နေ့က ပြောထားပါတယ်။ ဒီလို လူ့အခွင့်အရေး အခြေအနေတွေ ဆိုးဝါးနေတဲ့အတွက်ကြောင့် လုံခြုံရေးကောင်စီအနေနဲ့ မြန်မာကိစ္စကို နိုင်ငံတကာရာဇဝတ်ခုံရုံး ICC ကိုလွှဲပေးဖို့ Volker Turk က ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီရဲ့ ၅၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ ဇူလိုင်လ ၆ ရက်နေ့က တိုက်တွန်းခဲ့ပါတယ်။

အဲဒီဆွေးနွေးချက်တွေကို စစ်ကောင်စီက ဇူလိုင်လ ၇ ရက်မှာ ကြေညာချက်ထုတ်ပြီး ဝေဖန်ထားပါတယ်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာမှလူနာအား နေအိမ်သို့ မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းမှ ကူညီပို့ဆောင်ပေးနေသည်ကို ၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၄ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - မေတ္တာရောင်ခြည်ဖောင်ဒေးရှင်း အရေးပေါ်လူမှုကူညီရေးနှင့်သွီးလှူရှင်များအသင်း)
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာမှလူနာအား နေအိမ်သို့ မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းမှ ကူညီပို့ဆောင်ပေးနေသည်ကို ၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၄ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - မေတ္တာရောင်ခြည်ဖောင်ဒေးရှင်း အရေးပေါ်လူမှုကူညီရေးနှင့်သွီးလှူရှင်များအသင်း)

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဒု-ဝန်ကြီး ဦးအောင်ကျော်မိုး ကတော့ လူထုကို ကူညီတဲ့သူတွေကို ရန်သူလိုသဘောထား ကျူးလွန်မှုတွေအတွက် စစ်ကောင်စီ တာဝန်ခံရလိမ့်မယ်လို့ ပြောပါတယ်။

"လူထုကိုကူညီတဲ့သူတွေက သူတို့ရဲ့ရန်သူတွေပဲ။ အဲဒီအတွက် သူတို့ မဖြစ်မနေ လိုက်နာရမယ့် နိုင်ငံတကာ စည်းမျဉ်းစည်းကမ်း၊ ဥပဒေတွေကို စဉ်ဆက်မပြတ် ကျူးလွန်လာတယ်။ ဒါက လူသားချင်းဆိုင်ရာ ရာဇဝတ်မှု ဒီစစ်ရာဇဝတ်မှု စသဖြင့် ဒီလိုကြီးလေးတဲ့ ရာဇဝတ်မှုတွေကို သူတို့က စဉ်ဆက်မပြတ်၊ နေ့စဉ်နဲ့အမျှ နေရာအနှံ့မှာ နည်းမျိုးစုံနဲ့ ချိုးဖောက်နေတာဖြစ်ပါတယ်။ ဒီအတွက်ကတော့ စစ်ကောင်စီက အချိန်တန်ရင် တာဝန်ခံရလိမ့်မယ်"

မြန်မာနိုင်ငံလူ့အခွင့်အရေးကွန်ရက် (BHRN) ရဲ့ ညွှန်ကြားရေးမှူး ဦးကျော်ဝင်းကလည်း စစ်ကောင်စီဟာ လူမှုကူညီကယ်ဆယ်ရေးဆောင်ရွက်သူတွေပေါ် ဖြတ်လေးဖြတ်မူအရ စနစ်တကျ ပြစ်မှုကျူးလွန်နေတာလို့ ပြောပါတယ်။

"ဒါဖြတ်လေးဖြတ်ထဲမှာပါတယ်။ ပြည်သူတွေလက်ထဲကို စားနပ်ရိက္ခာမရောက်ရဘူး။ သတင်း အချက်အလက်တွေ မရောက်ရဘူး။ နောက်လူ့အရင်းအမြစ်တွေ မရောက်ရဘူး၊ ဒါမျိုးတွေဖြတ်လေးဖြတ်ကို ဖြတ်ပစ်တဲ့အပေါ်မှာ ဒါတွေပါတယ်ပေါ့နော်။ ဒါ စနစ်တကျ လုပ်တယ်လို့ ယူဆလို့ရတယ်ပေါ့နော်"

ပရဟိတအဖွဲ့အစည်းတွေ မှတ်ပုံတင်ဖို့နဲ့ မှတ်ပုံမတင်ရင် ဖျက်သိမ်းဖို့၊ လိုင်စင်မရှိတဲ့ လူနာတင်ယာဉ်တွေကို အသုံးပြုခွင့်မပြုဖို့ စစ်ကောင်စီက ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ စစ်ကောင်စီက လူမှုကူညီရေး အသင်းအဖွဲ့ရုံးတွေကို ဝင်ရောက်စီးနင်း ပိတ်သိမ်းတာ၊ တာဝန်ရှိသူတွေကို ဖမ်းဆီး အရေးယူတာတွေရှိခဲ့သလို ထွက်ပြေးတိမ်းရှောင်ရသူတွေလည်း ရှိခဲ့ပါတယ်။

ဆွစ်ဇာလန်နိုင်ငံအခြေစိုက် လူသားချင်းစာနာမှုထောက်ပံ့ကူညီရေး NGO အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ CARE International ရဲ့ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်နေ့ ထုတ်ပြန်ချက်အရ လူမှုကယ်ဆယ်ရေးလုပ်သားတွေ သေဆုံးမှုအများဆုံးနိုင်ငံတွေထဲမှာ တောင်ဆူဒန်နဲ့ အာဖဂန်နစ္စတန်ပြီးရင် မြန်မာနိုင်ငံဟာ ကမ္ဘာ့အဆင့် ၃ နေရာမှာ ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။