အလင်းဝင်ဖို့ ဖိတ်ခေါ်ရင်း စစ်ကောင်စီဘက်က ဖမ်းဆီးသတ်ဖြတ်မှုတွေ ဆက်ကျူးလွန်နေ
စစ်ကောင်စီက PDF တွေကို လက်နက်ချ အလင်းဝင်ဖို့ စည်းရုံးနေပေမယ့် တကယ့်လက် တွေ့မှာတော့ စစ်ရေးဆိုင်ရာ စည်းမျဉ်းတွေကို ဖောက်ဖျက်ပြီး ဖမ်းဆီးရမိတဲ့ PDF အဖွဲ့ဝင် တွေကို ညှဉ်းပန်းနှိပ်စက်တာနဲ့ အစုလိုက် အပြုံလိုက် ပစ်ခတ်သတ်ဖြတ်တာတွေကို လုပ် ဆောင်နေတယ်လို့ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းက PDF တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
ရွေးကောက်ပွဲ ပြန်လည်ကျင်းပပြီး အနိုင်ရပါတီကို အာဏာပြန်လွှဲပေးတာ အပါအဝင် ဒီမိုကရေစီနဲ့ ဖက်ဒရယ် စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးတို့အတွက် အားလုံးပါဝင်ဖို့လိုတယ်ဆိုတဲ့ အကြောင်း ပြချက်နဲ့ PDF အဖွဲ့တွေ လက်နက်ချ အလင်း ဝင်ကြဖို့ ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်နေ့ကနေ ဒီနေ့အထိ စစ်ကောင်စီထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်သတင်းမီဒီယာတွေက ဆက်တိုက်ဆိုသလို ကြေညာနေတာပါ။
ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်နေ့ကလည်း မြို့ကြီးတချို့မှာ PDF တွေ အလင်းဝင်ကြဖို့ အသံချဲ့ စက်တွေနဲ့ လှည့်လည်ကြေညာခဲ့ပါတယ်။
ဇွန်လ ၂၉ ရက်နေ့ကတော့ စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ပလိုင်းရွာမှာ အသက်မပြည့် သေးတဲ့ အမျိုးသမီးငယ်တွေ အပါအဝင် ဝက်လက်မြို့နယ်အခြေစိုက် GZ Special Task Force (Wetlet) အဖွဲ့က PDF တပ်ဖွဲ့ဝင် ကိုးဦးကို ပလိုင်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်က ဖမ်းဆီးပြီး ၂၄ နာရီအတွင်းမှာ ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ GZ Special Task Force (Wetlet) အဖွဲ့နဲ့ မိသားစုဝင်တွေက ပြောဆိုပါတယ်။
GZ Special Task Force (Wetlet) အဖွဲ့ရဲ့ တာဝန်ရှိသူ ဗိုလ် GZ ကတော့ ဒီလူငယ်တွေ ဟာ ဆေးသင်တန်း တက်ဖို့ သွားတာကြောင့် ဘာလက်နက်မှ မပါသွားသလို သတ်ဖြတ်ခံ ရတဲ့ အလောင်းတွေကိုလည်း ပြန်မရ ခဲ့ဘူးလို့ ပြောပါတယ်။
“ဈာပနအခမ်းအနားက ကျနော်တို့ထုံးစံတိုင်းပေါ့လေ ဝိညာဉ်သွားခေါ် ပြီးတော့ မီးသင်္ဂြိုဟ်ပေးလိုက်တယ်။ သူတို့ရဲ့ကျန်ခဲ့တဲ့ အဝတ်အစားလေးတွေနဲ့ပေါ့ဗျာ၊ အဲဒီလို ကိုးယောက်စလုံး သင်္ဂြိုဟ်ရတာပေါ့။ ကျနော့် ကလေးတွေမှာ လက်နက်ခဲယမ်းဆိုလို့ ဘာဆို ဘာမှ မပါဘူး။ ပြီးတော့ အဖွဲ့အစည်းအင်္ကျီကိုမှ တစ်ထည်လောက်ပါသွား တာကိုမှ ထင်ယောင်ထင်မှားဖြစ်အောင်ပေါ့ဗျာ ကလေးတွေမှာ အဲဒီအင်္ကျီလေး တစ်ထည်နဲ့ ပတ်ရိုက်ပြီးတော့ ဓာတ်ပုံတွေ ရိုက်ယူတယ်။ ကျနော်တို့ အနေနဲ့ကတော့ NUG ကိုရော၊ တခြား ကုလသမဂ္ဂတို့လိုမျိုးနေရာပေါ့နော် အဲဒါချိတ်ဆက်ပြီးတော့ အချက်အလက်အပြည့်အစုံနဲ့ ပို့ပေးဖို့ ဒါပဲ တတ်နိုင်တော့တာလေ”
သေဆုံးသူအမျိုးသမီးတွေက အသက် ၁၄ နှစ်အရွယ် မပပခိုင်၊ အသက် ၁၅ နှစ်အရွယ် မဝင်းအိကျော်၊ အသက် ၂၄ နှစ်အရွယ် မနိုင်နိုင်အောင်နဲ့ အသက် ၃၄ နှစ်အရွယ် မသစ်သစ်လှိုင်တို့ ဖြစ်ကြပါတယ်။
သေဆုံးသူ အမျိုးသားတွေကတော့ အသက် ၁၇ နှစ်အရွယ် ကိုဖိုးထောင်နဲ့ ကိုဘုန်းကျော်၊ အသက် ၂၁ နှစ်အရွယ် ကိုသိန်းသန်းဦးနဲ့ အသက် ၂၇ နှစ်အရွယ် ကိုအောင်ကျော်မိုး၊ ကိုဖိုးငြိမ်း တို့ ဖြစ်ကြပါတယ်။
အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဖမ်းဆီးသတ်ဖြတ်ခံရတာကြောင့် ဖြေမဆည်နိုင်အောင် ခံစားရတယ်လို့ သေဆုံးသွားတဲ့ PDF အမျိုးသမီးရဲ့ မိခင်တစ်ဦးက ပြောပါတယ်။
“ဘယ်လိုပြောရမှန်းကိုမသိပါဘူး။ သူက ဒီလုပ်ငန်းကို အရွယ်မရောက်ဘဲနဲ့ကို တအားကို လုပ်ချင်တာ။ ဒီအလုပ်နဲ့ ပတ်သက်ရင် ဘယ်လိုမှကို တားမရတာ။ သူနိုင်တဲ့ဝန်ကို ထမ်းချင်တာပါဆိုပြီးတော့ အမြဲတမ်းပဲ အဲဒီလို ပြောနေကျပါ။ ခံစားရတာတော့ ရင်ထဲ၊ အသည်းထဲမှာ ဘာမှမရှိသလိုပဲ ခံစားရတာပါ။ အသက် မပြည့်တဲ့ ကိုယ့်သားသမီး၊ သူ့သားသမီးတွေ အကုန်လုံးခံစားနေရတာတွေလည်း ကျမတို့ မခံစားနိုင်တော့ပါဘူး”
အလားတူပဲ ရွှေဘိုမြို့နယ်ရဲ့ ဧရာဝတီမြစ်တစ်ဖက်ကမ်းက မန္တလေးတိုင်း စဉ့်ကူးမြို့နယ် ထဲမှာတော့ မန္တလေးတိုင်း စဉ့်ကူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က PDF တပ်ဖွဲ့ဝင် လူငယ်ခြောက်ဦး ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်နေ့မှာ ဖမ်းဆီးခံရပြီး အဲဒီနေ့မှာပဲ သတ်ဖြတ်ခံခဲ့ရ တယ်လို့ စဉ့်ကူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အတည်ပြုပါတယ်။
ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ လူငယ်ခြောက်ဦးထဲက သုံးဦးကို လက်ပြန်ကြိုးတုပ် ထိတ်တုံး ခတ်ပြီး စစ်ကောင်စီတပ်သားတွေက ရိုက်နှက်ညဉ်းပန်းနှိပ်စက်နေတဲ့ ဗီဒီယိုဖိုင်တစ်ခု လည်း လူမှုကွန်ရက် စာမျက်နှာတွေမှာ ပျံ့နှံ့ခဲ့ပါတယ်။
ဗီဒီယိုဖိုင်ထဲမှာပါတဲ့ လူငယ်သုံးဦးဟာ PDF တပ်ဖွဲ့ဝင်တွေဖြစ်တဲ့ ၂၄ နှစ်အရွယ် ကိုဝကြီး ခေါ် ကိုဝေယံစိုး ၊ ၂၆ နှစ်အရွယ် ကိုစိုးထက်အောင် နဲ့ ၂၅ နှစ် အရွယ် ကိုဘောကြီး တို့ ဖြစ်တယ်လို့ စဉ့်ကူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက အတည်ပြု ပြောပါတယ်။
“အဲဒီမှာ သူတို့ကို စစ်ဆေးတဲ့အခါကျတော့ အဲဒီအလယ်ခေါက်က ဝကြီးက ဘာမှကို ဖွင့်မပြောဘူးဆိုတာ ယုံကြည်လိုက်တယ်။ အဲဒီမှာ ဖုန်းဆက်တာက သူ့သူငယ်ချင်းက ဆက်တာ။ မင်းဘယ်ရောက်နေတာလဲ ငါတို့သတင်းတွေကြားနေတယ်။ မင်းလွတ် မြောက်လား အဲဒီလိုဆက်တဲ့အခါမှာ အဲဒီတုန်းက ဗီဒီယိုဖိုင် မထွက်သေးဘူး။ အဲဒီမှာ ဖုန်းထဲကနေ လှမ်းပြောတာ။ မင်းဘယ်သူလဲ မင်း ငါမသိဘူး။ အခု ငါ ဆရာတွေဆီ ရောက်နေတာ မင်းဖုန်းချလိုက်၊ မင်း ငါမသိဘူး အဲလိုပြောတာာ။ အဲဒါဖုန်းထဲကနေ အစောကြီးကတည်းက ကြားနေရတာ။ ကိုယ့်ရှေ့တင်ဆက်နေတာ။ အဲဒီချိန်မှာ ပိတ်ရိုက်တော့တာပဲ”
ဗီဒီယိုဖိုင်မှာပါတဲ့ PDF တပ်ဖွဲ့ဝင် သုံးဦးနဲ့ နောက်ထပ် တပ်ဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ၃၅ နှစ် အရွယ် ကိုရန်နိုင်ထွန်း တို့လေးဦးဟာ စဉ့်ကူးမြို့နယ် မန္တလေး-မိုးကုတ်ကားလမ်း ပျဉ်းပင်ရွာအနီးမှာ စစ်ကောင်စီတပ်က ပစ်ခတ် ဖမ်းဆီးစဉ်မှာ ကိုရန်နိုင်ထွန်းကတော့ ဖမ်းဆီးတဲ့နေရာမှာပဲ ဦးခေါင်းကို သေနတ်မှန်သေဆုံးခဲ့တယ်လို့ သူက ဆိုပါတယ်။
ကျန်သုံးဦးကို ပျဉ်းပင်ရွာနဲ့ နှစ်မိုင်လောက်ဝေးတဲ့ နွယ်ရုံ ရဲကင်းကို ခေါ်ဆောင်းပြီး ဖမ်းဆီးနှိပ်စက်တဲ့အခါ ပျဉ်းပင်ရွာမှာ စောင့်နေတဲ့ နောက်ထပ် PDF တပ်ဖွဲ့ဝင်နှစ်ဦးဖြစ်တဲ့ ၁၇ နှစ်အရွယ် ကိုထက်နဲ့ ၂၆ နှစ်အရွယ် ကိုကျော်ဇင်ဦး တို့ ထပ်မံဖမ်းဆီးခံခဲ့ရတယ်လို့ စဉ့်ကူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။
သူတို့ငါးဦးလုံးကိုတော့ ပျဉ်းပင်ရွာအနီးက ကျောက်ခွဲစက် နောက်ကျောမှာ စစ်ကောင်စီ တပ်သားတွေက ဖမ်းဆီးတဲ့နေ့မှာပဲ ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ရုပ်အလောင်းခြောက်လောင်း စလုံးကို ညနေပိုင်းမှာ စဉ့်ကူးမြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
"ဖမ်းဆီးခံရတဲ့သူတွေကို ညှဉ်းပန်းနှိပ်စက်ခြင်းက လူသားမဆန်တဲ့ အပြုအမူတွေ ကျူးလွန်နေတယ်ဆိုတာ သက်သေပဲဖြစ်ပါတယ်"
နောက်တစ်ရက်မှာတော့ စဉ့်ကူးမြို့နယ်ဆေးရုံကနေ ရုပ်အလောင်းတွေပြန်သယ်လာပြီး သာယာကုန်းရွာအနီး တောင်ကုန်းပေါ်က မီးသင်္ဂြိုဟ်လိုက်တာကြောင့် ရုပ်အလောင်းတွေ ကိုလည်း ပြန်မရခဲ့ဘူးလို့ စဉ့်ကူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။
PDF တွေ သတ်ဖြတ်ခံရတဲ့ ဖြစ်ရပ်တွေ ဘယ်လောက်များများ ရှိနေလဲဆိုတာကိုတော့ RFA ဘက်က အသေးစိတ် အတည်ပြုလို့ မရပါဘူး။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းကတော့ ဒီလိုသတ်ဖြတ်မှုတွေဟာ ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်တယ်လို့ ပြောပါ တယ်။
“ဘယ်လိုအကြောင်းမျိုးတွေနဲ့ ပဲဖြစ်ဖြစ် ဖမ်းဆီးခံရတဲ့သူတွေကို နှိပ်စက်ညှဉ်းပန်းခြင်း လုံး၀ လုပ်လို့မရပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီလိုလူတွေက လူသားတွေပဲ ဖြစ်တဲ့ အတွက်ကြောင့်မိုလို့ ဘယ်သူတစ်ဦး တစ်ယောက်ကမှ ဘယ်လိုအကြောင်းအမျိုးမျိုး ပြပြီးတော့မှ လုပ်လို့ရမပါဘူး။ အခုလိုမျိုး ဓာတ်ပုံတွေထဲမှာ ဖမ်းဆီး နှိပ်စက်တဲ့ ပုံတွေ တွေ့တိုင်း၊ တွေ့တိုင်း စိတ်မကောင်းဖြစ်သလို ဒီဟာက ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတစ်ရပ်လို့လည်း ပြောလို့ရပါတယ်။ အခုလိုမျိုး ဖမ်းဆီးခံရတဲ့သူတွေကို ညှဉ်းပန်းနှိပ်စက်ခြင်းက လူသားမဆန်တဲ့ အပြုအမူတွေ ကျူးလွန်နေတယ်ဆိုတာ သက်သေပဲဖြစ်ပါတယ်”
အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်က ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှု တွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) အပါအဝင် နိုင်ငံတကာတရားရုံး တွေမှာ တရားစွဲနိုင်ဖို့ ကြိုးစားနေတယ်လို့ သူက ဆိုပါတယ်။
PDF တွေ သတ်ဖြတ်ခံရတဲ့ ဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ် မေးမြန်းပေမယ့် အကြောင်း မပြန်ပါဘူး။
စစ်ကောင်စီတပ်က နယ်မြေရှင်းလင်းရေး၊ စစ်ဆင်ရေးတွေနဲ့ ဖမ်းဆီးရမိသူတွေကို ထိတွေ့မှုဆိုင်ရာ စည်းမျဉ်း (ROE) အပါအဝင် သတ်မှတ်ထားတဲ့ စစ်ရေးဆိုင်ရာ စည်းမျဉ်းတွေအတိုင်းပဲ ဆောင်ရွက်တယ်လို့ ယခင်က ဖြေဆိုထားပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးရမိတဲ့အခါ ဥပဒေအရ အရေးယူဆောင်ရွက်ရမှာ ဖြစ်ပေမယ့် အသက်ဆုံးရှုံးတဲ့အထိ သတ်ဖြတ်တဲ့ကိစ္စတွေက စစ်ရာဇဝတ်မှုကို ကျူးလွန်တာလို့ အာရှလူ့အခွင့်အရေးကော်မရှင် (AHRC) က ရှေ့နေ ဦးမင်းလွင်ဦး က ပြောပါတယ်။
“တော်လှန်ရေးတပ်သားလို့ ယူဆရတဲ့သူတွေကိုလည်း ဖမ်းဆီးတယ်။ ဖမ်းဆီးပြီးလို့ ရှိရင် နှိပ်စက်ညှဉ်းပန်း ပြီးတော့ သတ်ဖြတ်တဲ့အထိ ဖြစ်တယ်ဆိုတာ ကျနော်တို့ ကြားသိနေရတယ်။ တကယ်ဆိုလို့ရှိရင် ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်ရမှာ ဖြစ်တယ်။ သို့သော်လည်း စစ်တပ်က ဥပဒေနဲ့အညီ ဖမ်းဆီးအရေးယူဖို့ လုပ်ဆောင် တာထက် နေရာတင် အပြတ်ရှင်းတဲ့ ကိစ္စရပ်မျိုးတွေဟာ လုံးဝမဖြစ်သင့်တဲ့ကိစ္စရပ်လို့ ကျနော်တို့မြင်ပါတယ်။ ဒါတွေကလည်း ဥပဒေနဲ့အညီ အရေးယူရမယ့်ကိစ္စဖြစ်တယ်။ အသက်ဆုံးရှုံးတဲ့အထိ သတ်ဖြတ်တဲ့ကိစ္စကတော့ စစ်ရာဇဝတ်မှု ကျူးလွန်တဲ့အထဲမှာ ဒါတွေဟာ အကျုံးဝင်တယ်လို့ ကျနော်တို့ မြင်ပါတယ်”
စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခတွေတွင်း တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်း၊ မကွေး၊ ချင်းနဲ့ ကယားပြည်နယ်တွေမှာ စစ်တပ်က နယ်မြေ ရှင်းလင်းရေးတွေ လုပ်ဆောင်တဲ့အခါ ရွာတွေကို မီးရှို့တာ၊ အမျိုးသမီးနဲ့ ကလေးတွေ အပါအဝင် အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တဲ့ ဖြစ်စဉ်တွေလည်း ရှိတယ်လို့ PDF တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေက ပြောဆိုကြပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၂ ဇူလိုင် ၈ ရက်နေ့အထိ ထုတ်ပြန် ချက်အရ စစ်တပ်က အာဏာသိမ်းထားတဲ့ တစ်နှစ်ကျော်အတွင်း အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားသူနဲ့ ပြည်သူ စုစုပေါင်း ၂၀၇၄ ဦး အသတ်ခံရပြီး ၁၄,၅၁၇ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။