ဗကသကျောင်းသားတွေကို အမှုအများအပြားဖွင့်မှု ဝေဖန်ခံနေရ

ခေမဏီဝင်း
2020.10.15

တပ်မတော် အလင်းဝင်ပါ ဆိုတဲ့ စာသားအပါအဝင် စစ်ပွဲတွေရပ်တန့်ရေး မန္တလေးမြို့မှာ ဆန္ဒပြခဲ့တဲ့ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ကျောင်းသားတွေကို မန္တလေးက မြို့နယ်တရားရုံးလေးခုမှာ ပုဒ်မ ၁၄  ခုနဲ့ အမှုဖွင့်ခဲ့ပါတယ်။ တချို့အမှုတွေကို အမိန့်ချပြီးဖြစ်သလို ဆက်လက်တရားရင်ဆိုင်နေရတဲ့ အမှုတွေလည်း ကျန်နေပါသေးတယ်။ ဆန္ဒပြကျောင်းသားတွေကို အမှုများစွာတပ်ပြီး တရားစွဲနေတဲ့အပေါ် ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

တိုက်ပွဲတွေ ရပ်တန့်ရေး မန္တလေးမှာ တောင်းဆိုဆန္ဒပြခဲ့တဲ့ ကျောင်းသား ၁၃ ယောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးမိန့် ထုတ်ပြန်ထားပြီး အဲဒီထဲက ကျောင်းသား ၉ ယောက်ဟာ အိုးဘိုအကျဉ်းထောင်မှာ ထိန်းသိမ်း၊ တရားစွဲခံနေရပါ တယ်။ ကျန်တဲ့ လေးယောက်ကတော့ တိမ်းရှောင်နေရပါတယ်။

တရားရုံးသုံးခုက ကိုကျော်သီဟရဲကျော်နဲ့ ကိုစိုးလှနိုင် တို့ကို အမှု ၇ ခုအတွက် ထောင်ဒဏ်စုစုပေါင်း ငါးနှစ် ချမှတ်ထားပါတယ်။

ထောင်ဒဏ်တွေက တစ်ခုပြီးမှ တစ်ခု ကျခံရမှာဖြစ်တယ်လို့ ချမ်းအေးသာစံမြို့နယ်က တရားရုံး ပြန်ကြားရေး အရာရှိ ဦးကျော်မျိုးဝင်းက ပြောပါတယ်။

“ပြုလုပ်မှုတစ်ခုတည်းမှာပဲ ပြစ်မှုမြောက်တဲ့ အကြောင်းအရာတွေက အများကြီးပါတော့ အမှုတွေက သီးခြားစီ ခွဲထွက်သွားတယ်။ တရားရုံးတွေက သီးခြား ပုဒ်မတစ်ခုစီအတွက် ပြစ်မှုတွေချမှတ်ရတာ။ ထောင်ဒဏ် တစ်ခု ပြီးမှ တစ်ခု ကျခံရမယ့်စနစ်ပေါ့”

သူတို့နှစ်ယောက်ဟာ နောက်ထပ်လည်း အမှု ၇ ခုကို ဆက်လက် ရင်ဆိုင်ရအုံးမှာပါ။

ဆန္ဒပြကျောင်းသားတွေကို မြို့နယ် လေးခုမှာ ပုဒ်မ ၁၄ ခုနဲ့ တရားစွဲထားတာဖြစ်ပါတယ်။

ဗကသ ကျောင်းသားတွေကို အခုလို အရေးယူခံရတာဟာ ပြီးခဲ့တဲ့နှစ်က တပ်ကို သံချပ်ထိုးပြီး ဝေဖန်ခဲ့တဲ့ ဒေါင်းတို့ မျိုးဆက် သံချပ်အဖွဲ့ဝင်တွေ တရားရုံး အများအပြားမှာ အမှုရင်ဆိုင်ခဲ့ရတဲ့ အခြေအနေနဲ့ ဆင်တူနေပါတယ်။

ဗကသ ကျောင်းသားတွေကို အခုလို အရေးယူထောင်ချနေပေမဲ့ သူတို့ရဲ့တောင်းဆိုချက်တွေက ရပ်တန့်သွားမှာ မဟုတ်ဘူးလို့ ဖမ်းဆီးတရားစွဲဆိုခံနေရတဲ့ ကျောင်းသား ကိုစိုးလှနိုင် က ပြောပါတယ်။

"စစ်အာဏာရှင်စနစ်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ခုတုံးလုပ်ပြီးတော့ ထင်ရာစိုင်းနေတယ်။ မိဘ ပြည်သူတွေအနေနဲ့လည်း ၂၀၀၈ ဖျက်သိမ်းရေးကိုလည်း ဆက်လက် လုပ်ဆောင်သင့်တယ်လို့ ပြောချင်တယ်။ ကျောင်းသားတွေကို ဖမ်းဆီးထောင်ချနေတာနဲ့ ထူးမသွားဘူး။ ခန္ဓာကိုယ်တွေသာ ထောင်ချလို့ရမယ် ယုံကြည်ချက်တွေကတေ့ ဆက်လက်ရှင်သန်နေပါတယ်"


ဆန္ဒပြကျောင်းသားတွေကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)၊ ၅၀၅ (ခ)၊ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ (၁၉) တိုနဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

ဖြစ်စဉ်တစ်ခုထဲမှာ ပုဒ်မနှစ်ခုတပ်ပြီး ထပ်တိုးတရားစွဲဆိုထားတာတွေလည်း ရှိနေပါတယ်။

စက်တင်ဘာ ၁၀ ရက်နေ့က ဆန္ဒပြခဲ့တဲ့အတွက် ကျောင်းသား ၁၃ ယောက်ကို ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်း လှည့်လည်မှု ဆိုင်ရာ ဥပဒေ ပုဒ်မ (၁၉) နဲ့ တရားစွဲဆိုထားရာကနေ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ အခုလ ၂ ရက်နေ့က ထပ်မံတရားစွဲလိုက်ပါတယ်။

အလားတူပဲ စက်တင်ဘာ ၂၄ ရက်နေ့က ချမ်းအေးသာစံမြို့နယ်မှာ ဆန္ဒပြခဲ့တာကိုလည်း ၅၀၅(ခ)နဲ့ တရားစွဲ ဆိုထားရာကနေ  ပုဒ်မ (၁၉) နဲ့ ချမ်းအေးသာစံမြို့နယ် တရားရုံးမှာ အခုလ ၉ ရက်နေ့က တပ်တိုးတရားစွဲထား ပါတယ်။

ဆန္ဒပြကျောင်းသားတွေကို ပုဒ်မတွေ အများကြီးတပ်ထားတာဟာ အလွန်အကျွံ အရေးယူတဲ့သဘော သက်ရောက်နေတယ်လို့ မန္တလေက တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ဝေဖန်လိုက်ပါတယ်။

“မဆလ ခေတ်က စကားလုံးနဲ့ပြောရရင် လူကိုချစ်ရင် မူကိုပစ်တယ်။ လူကိုမုန်းရင် မူကိုသုံးတယ်။ တပ်ရင် ကုန်ရတာပဲ။ ကျောင်းသား လူငယ်တွေ စာနာစိတ်နဲ့ လုပ်ရမယ့်ကိစ္စတစ်ခုပဲ၊ အခုဖြစ်တာက နိုင်ငံတော် သစ္စာဖောက်တာ၊ ပုန်ကန်တာ မဟုတ်ဘူး။ ပြောရရင် ပြောစရာတွေ အများကြီးပါ။ ဥပဒေဆိုတာ လိုက်နာ အောင်လုပ်တာ၊ ဖိနှိပ်ရအောင်လုပ်တာ မဟုတ်ဘူး"

သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး ကတော့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ကျောင်းသားတွေကို သက်ဆိုင်ရာ ဒေသပိုင်အာဏာပိုင်တွေရဲ့ တည်ဆဲဥပဒေတွေ စည်းမျဉ်းစည်းကမ်းတွေနဲ့ အရေးယူတာဖြစ်တယ်လို့ အခုလ ၁၀ ရက်နေ့ကျင်းပတဲ့ နိုင်ငံတော်သမ္မတရုံး သတင်းစာရှင်းလင်းပွဲမှာ RFA ရဲ့ မေးမြန်းချက်ကို ပြန်လည်ဖြေကြားထားပါတယ်။

ဆန္ဒပြကျောင်းသားတွေအပေါ်  ခုလိုအရေးယူတာတွေဟာ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တာလို့မြင်ကြောင်း အသံ အဖွဲ့က မောင်ဆောင်းခက ပြောပါတယ်။

ဆန္ဒပြကျောင်းသားတွေကို အစိုးရက ပုဒ်မများစွာတပ်ပြီး ဖမ်းဆီးထောင်ချနေတာကို ဝေဖန်မှုတွေ ထပ်မံထွက်ပေါ် လာတာနဲ့ ပတ်သက်ပြီး  သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကို RFA က သမ္မတအိမ်တော် သတင်းသမားများ Facebook စာမျက်နှာမှာ ထပ်မံမေးမြန်းထားပေးမယ့် ဒီနေ့ညနေ ၅ နာရီခွဲအထိ တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုခြင်း မရှိသေးပါဘူး။

မြန်မာတစ်နိုင်ငံလုံးမှာ စစ်ဆန့်ကျင်ရေးလှုပ်ရှားခဲ့လို့ ဖမ်းဆီးခံထားရတဲ့ ကျောင်းသား ၁၅ ယောက်ရှိတယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။

နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ၊ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မတွေနဲ့ အရေးယူခံထားရတာဖြစ်ပြီး မိတ္ထီလာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ မုံရွာခရိုင်ကျောင်းသားများသမဂ္ဂ၊ ရတနာပုံ က္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ ကန့်ဘလူ စက်မှုလက်မှု သိပ္ပံကျောင်းသားများသမဂ္ဂ၊ မုံရွာပညာရေး ကောလိပ် ကျောင်းသားများသမဂ္ဂ၊ ပခုက္ကူတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ ပြည်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ အဖွဲ့ဝင်တွေ ဖြစ်ပါတယ်။

တရားစွဲခံထားရတဲ့ အမှုတွေအတွက် လာမယ့် ၂၁ ရက်နေ့မှာ မန္တလေးမြို့ အမရပူရမြို့နယ် တရားရုံး၊ ၂၂ ရက် နေ့မှာလည်း ချမ်းအေးသာစံမြို့နယ်တရားရုံးတို့က အမိန့်ချမယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။