ရှမ်းပြည်နယ်မှာ SSPP၊ TNLA နဲ့ စစ်ကောင်စီတပ် စစ်ရေးပိုတင်းမာလာ

RFA Burmese
2023.08.17
ရှမ်းပြည်နယ်မှာ SSPP၊ TNLA နဲ့ စစ်ကောင်စီတပ် စစ်ရေးပိုတင်းမာလာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA တပ်ဖွဲ့ဝင်တချို့အား ၂ဝ၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့က တွေ့ရစဉ်။
SSPP/SSA

ရှမ်းပြည်နယ်တောင်ပိုင်း လဲချားနဲ့ မြောက်ပိုင်းက မူဆယ်၊ လားရှိုးနဲ့ ကွတ်ခိုင်မြို့နယ်တွေ မှာ စစ်ကောင်စီတပ်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့ တိုက်ပွဲတွေဖြစ်နေသလို အချို့နေရာတွေမှာ စစ်ရေးပိုတင်းမာလာနေပါတယ်။

လဲချားမြို့နယ်ထဲမှာ တပ်စွဲထားတဲ့ SSPP တပ်တွေဆုတ်ခွာပေးဖို့ စစ်ကောင်စီဘက်က ဖိအားပေးခဲ့ပြီးနောက် ဩဂုတ်လ ၆ ရက်နေ့မှာ စစ်ကောင်စီတပ်တွေနဲ့ SSPP တပ်တွေ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။

အဲဒီတိုက်ပွဲတွေကြောင့် ဟိုင်းဆိုင်အုပ်စုထဲက နောင်ကျန်၊ နမ့်ပေါက်၊ နမ့်လုတ်၊ မန်လန်း စတဲ့ရွာတွေက တအာင်း (ပလောင်) နဲ့ ရှမ်းတိုင်းရင်းသားတစ်ထောင်ခန့် လဲချားမြို့ပေါ်နဲ့ နီးစပ်ရာရွာတွေကို ထွက်ပြေးခဲ့ ရပါတယ်။

“ကျွန်တော်တို့ ရှိတဲ့နေရာကို သူတို့က ထိုးစစ်ဆင် လာရောက်တိုက်ခိုက်တော့ တိုက်ပွဲက စတင်ဖြစ်ပွားတာပေါ့"

အဲဒီနောက်ပိုင်းမှာ စစ်ကောင်စီဘက်က ဒေသခံပြည်သူ့စစ်အပါအဝင် အင်အားတစ်ထောင် ခန့် ထပ်ဖြည့်ခဲ့ တဲ့အတွက် စစ်ရေးပိုမိုတင်းမာနေတယ်လို့ SSPP/ SSA ပြောခွင့်ရ ဗိုလ်မှူး စိုင်းဖုန်းဟန်က RFA ကို ပြောပါတယ်။

“တပ်တွေက ရင်ဆိုင်နေတဲ့ အနေအထားမှာပဲ ရှိသေးတယ်။ လဲချားဘက်မှာ အကုန်လုံး ရှင်းလင်းမယ်ဆိုတဲ့ သတင်း ထွက်နေတာပေါ့ဗျာ။ တောင်ပိုင်းမှာရှိတဲ့ ပြည်သူ့စစ်တွေက သူတို့ရနိုင်သမျှ ခေါ်တာပေါ့ဗျာ။ ကျွန်တော်တို့ကတော့ နဂိုကတည်းက လုံခြုံရေးအရ ဆက်နေမယ်ဆိုတဲ့ ရပ်တည်ချက်ပဲရှိပါသေးတယ်။ တခြားဟာတော့ ပြောင်းလဲမှု မရှိသေးဘူးဗျ။ သူတို့ လက်သုံးစကားပေါ့ဗျာ SSPP က နယ်ကျွံတယ် ဘာညာပေါ့။ ခိုလန် တိုင်းနဲ့နီးတော့ တိုင်းလုံခြုံရေး စိုးရိမ်ရတယ်။ ကျွန်တော်တို့ ခိုလန်ဘက်ကို ဆင်းသွား မှာကို သူတို့စိုးရိမ်တဲ့ သဘော ရှိပါတယ်”

ဒီအတွင်း အရင်က SSPP နဲ့ တိုက်ပွဲဖြစ်ဖူးတဲ့  RCSS တပ်တွေက လဲချားကိုခြေကုပ်ယူပြီး ပြန်လည်ဝင်ရောက် တိုက်ခိုက်လာမယ့် အန္တရာယ်ကို စောင့်ကြည့်နေပြီး သူတို့ရဲ့ တပ်တွေကိုတော့ ဆုတ်ခွာပေးမှာမဟုတ်ဘူးလို့လည်း ဗိုလ်မှူးစိုင်းဖုန်းဟန် က ဆိုပါတယ်။

အခုလို RCSS တပ်ဖွဲ့တွေ တိုက်ခိုက်လာနိုင်တယ်ဆိုတဲ့ပြောဆိုချက်နဲ့ပတ်သက်ပြီး ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည် တပ်မတော် (RCSS/SSA) ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီးအုမ်ခေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် စက်ပိတ်ထား ပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လဲချားမြို့ခံတစ်ဦးကလည်း လဲချားမြို့ပေါ်မှာ စစ်ကောင်စီ ဂျက်တိုက်လေယာဉ်တွေနဲ့ပါ ပျံသန်းနေတာကြောင့် ဒေသခံတွေ စိုးရိမ်နေ ကြတယ်လို့ RFA ကို ပြောပါတယ်။

“ဒေသခံ ပြည်သူတွေကတော့ စိုးရိမ်ထိတ်လန့်မှုလေးတွေတော့ ရှိကြတာပေါ့။ တစ်ဖက်ကလည်း အင်အား ဖြည့်တယ်၊ တစ်ဖက်ကလည်း ပိတ်ဆို့တာတွေ လုပ်တယ် ပေါ့နော်။ စိုးရိမ်ဖွယ်တော့ရှိတာပေါ့ နှစ်ဖက်က တင်းမာမှုလေးတွေ လုပ်တဲ့အပိုင်းပေါ့။ ဒီနေ့လိုမျိုးပြောရရင် စစ်ကောင်စီဘက်ကလည်း လေယာဉ်နှစ်စင်း ပျံသန်းပြီး လှည့်လည်တာ တွေ့ရတယ်”

လက်ရှိမှာ စစ်ရေးအခြေအနေ ပြင်းထန်လာနိုင်တာကြောင့် လဲချားမြို့ပေါ်အထိ တိုက်ပွဲ တွေဖြစ်လာမှာကို စိုးရိမ်နေရသလို ဒုက္ခသည်တွေနေရပ်ပြန်ဖို့လည်း အဆင်မပြေနိုင်သေး ဘူးလို့ လဲချားမြို့ခံက ပြောပါတယ်။

ဒီအတောအတွင်း ရှမ်းပြည်မြောက်ပိုင်း မူဆယ်၊ လားရှိုးနဲ့ ကွတ်ခိုင်မြို့နယ်မှာလည်း ဇူလိုင်လကုန်ပိုင်းကနေ သြဂုတ်လ ၁၁ ရက်နေ့အထိ စစ်ကောင်စီတပ်နဲ့ TNLA တပ်တွေ နေ့စဉ်နီးပါး တိုက်ပွဲဖြစ်နေပါတယ်။

လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်ထဲမှာ သြဂုတ် ၉ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) လက်အောက်ခံ ခလရ (၆၈)၊ ခမရ (၁၆) က အင်အားခြောက်ဆယ်ကျော်နဲ့ စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲတွေဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ပါ လာရောက်တိုက်ခိုက်ခဲ့တာလို့ TNLA ဘက်က ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီဘက်က ထိုးစစ်ဆင်တာမရှိဘဲ အခုမှ စစ်ကြောင်းတွေ ထိုးလာတာ ဖြစ်တယ်လို့ TNLA ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ရှိတဲ့နေရာကို သူတို့က ထိုးစစ်ဆင် လာရောက်တိုက်ခိုက်တော့ တိုက်ပွဲက စတင်ဖြစ်ပွားတာပေါ့။ ၉ ရက်နေ့မှာ တစ်ကြိမ်လာတိုက်တယ်၊ ၁၀ ရက်နေ့မှာ ၂ နာရီလောက်က လေကြောင်းနဲ့ လာရောက်ပစ်ခတ်ပြီး နောက်မှာ တိုက်ပွဲဖြစ်တယ်။ နှစ်ရက်ဆက်တိုက် ဖြစ်ခဲ့တာပေါ့။ ဘာကြောင့်လဲဆိုတာတော့ သူတို့ရဲ့ ရည်ရွယ်ချက် ကိုတော့ ကျွန်တော်တို့ မသိရဘူး။ ပြီးရင် ကွတ်ခိုင်နဲ့ မူဆယ် အဲဘက်အခြမ်းပေါ့နော်။ ကျန်တဲ့နေရာ ဒေသလည်း ရှိတော့ရှိတယ် ဒါပေမဲ့ ထိတွေ့မှုတော့မရှိဘူး။ ဇူလိုင်လဆန်းပိုင်းမှာတော့ ကျောက်မဲ မိုင်းငေါ့ဘက်ရော၊ လားရှိုးဘက်ရော ထိတွေ့မှုရှိတယ်”

ဇူလိုင်လ ၂၃ ရက်နေ့ကနေ သြဂုတ်လ ၁၂ ရက်နေ့အထိ မူဆယ်၊ ကွတ်ခိုင်၊ ကျောက်မဲနဲ့ လားရှိုးမြို့နယ်အတွင်းမှာ တိုက်ပွဲပေါင်း (၁၂) ကြိမ်ထက်မနည်း ဖြစ်ခဲ့တယ်လို့လည်း ဒုတိယဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က ဆိုပါတယ်။

မူဆယ်မြို့နယ်ထဲမှာလည်း တပ်မ (၉၉) လက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့တွေအပြင် ခမရ (၄၂၀)၊ ခမရ (၄၂၁)၊ ခလရ (၂၆၁)၊ စကခ (၂) နဲ့ ဒေသအခြေစိုက် ပြည်သူ့စစ်တပ် တပ်ဖွဲ့ဝင်တွေကိုပါ စစ်ကောင်စီဘက်က အင်အား ဖြည့်တင်းပြီး ထိုးစစ်ဆင်နေတဲ့အတွက် စစ်ရေး ဆက်လက်တင်းမာနေတယ်လို့ TNLA ဘက်က ပြောပါတယ်။

တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များအား ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ်အနီးတွင် ၂၀၂၃ ခုနှစ်၊ မတ်လ ၉ ရက်နေ့က တွေ့ရစဉ်။ (Photo: STR / AFP)
တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များအား ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ်အနီးတွင် ၂၀၂၃ ခုနှစ်၊ မတ်လ ၉ ရက်နေ့က တွေ့ရစဉ်။ (Photo: STR / AFP)

လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး ရှမ်းပြည်နယ်ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ရာမှာလည်း အစည်းအဝေးရှိနေတဲ့အတွက် မဖြေကြားနိုင် သေးကြောင်းသာ အကြောင်းပြန်ပါတယ်။

စစ်ကောင်စီဟာ စစ်ကိုင်းနဲ့ မကွေးတိုင်းထဲက တော်လှန်ရေးအင်အားစုတွေထံကို TNLA ဆီက လက်နက်စီးဆင်းမှု ရပ်တန့်သွားအောင် စစ်ရေးအရ ဖိအားပေးနေတာဖြစ်တယ်လို့ မြန်မာ့အရေးလေ့လာသူ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။

“စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲကို စီးဝင်နေတဲ့ လက်နက်တွေက တအာင်းဒေသကနေ ပြီးတော့ ဝင်တယ်လို့ သူတို့မြင်နေတဲ့အတွက် တအာင်းဒေသကို တားဆီးပိတ်ဆို့ရေးက သူ့အတွက် အရေးကြီးတဲ့လုပ်ငန်းတာဝန် တစ်ရပ် ဖြစ်တာကိုး။ တအာင်းအပါအဝင် ညီနောင်သုံးဖွဲ့နဲ့ သူတို့နိုင်ငံရေး ဆွေးနွေးမှုတွေ ဘယ်လောက်ပဲ လုပ်လုပ် စစ်ရေးအရ သူတို့အနေနဲ့ စွက်ဖက်နှောင့်ယှက်မှုတွေ မလုပ်ဘဲနေလို့မရပါဘူး။ ဒါကြောင့်မို့ ဆက်ပြီး တော့ တိုက်မှာပါ”

လဲချားမြို့ဟာ SSPP နဲ့ RCSS စစ်ရေးအရ ဆိုင်နေတဲ့နေရာဖြစ်ပြီး စစ်ကောင်စီအနေနဲ့ သူနဲ့ ဆက်ဆံရေး အဆင်ပြေတဲ့ RCSS ကိုသာ လဲချားမြို့နယ်ထဲမှာ ရှိနေစေချင်တဲ့အတွက်  စစ်ရေးပဋိပက္ခတွေ ဆက်လက်ရှိနေဦးမှာလို့ လည်း သူက ပြောပါတယ်။

SSPP ဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) မှာ လက်မှတ်မထိုးထားပေမယ့် စစ်ကောင်စီငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ နေပြည်တော် မှာ မကြာခဏတွေ့ဆုံနေတဲ့ အဖွဲ့တွေထဲမှာ ပါဝင်ပါတယ်။

TNLA ခေါင်းဆောင်ပိုင်းကတော့ လက်ရှိ ဒေသအတွင်းအခြေအနေဟာ စစ်ကောင်စီအပေါ် မှာ မူတည်နေပြီး ထိုးစစ်တွေ ပြင်းထန်လာတာနဲ့အမျှ ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဆက်လက်ပေါ်ပေါက်လာ နိုင်တယ်လို့ ပြောပါတယ်။ 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။