မုန်တိုင်းကြောင့်သေဆုံးသူ မြန်မာက ဒုတိယဖြစ်ပြီး ပျောက်ဆုံးသူ အများဆုံးဖြစ်နေ
တောင်တရုတ်ပင်လယ်ပြင်ကနေ ဗီယက်နမ်နိုင်ငံကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ ရာဂီမုန်တိုင်းကြောင့် တရုတ်နိုင်ငံ တောင်ပိုင်းအပြင် ဖိလစ်ပိုင်၊ လာအို၊ ထိုင်းနဲ့ မြန်မာနိုင်ငံမှာ မိုးများပြီး ရေကြီး၊ မြေပြိုမှုဖြစ်ခဲ့ပြီး လူသေဆုံးမှုတွေ များခဲ့ပါတယ်။
RFA က စက်တင်ဘာလ ၁၇ ရက်ဒီနေ့အထိ ပြုစုထားတဲ့စာရင်းအရ တိုင်းနဲ့ ပြည်နယ်ခြောက်ခုက မြို့နယ် ၁၅ ခုမှာ ရေကြီး၊ မြေပြိုမှုကြောင့် လူပေါင်း ၂၆၆ ဦးအထိသေဆုံးခဲ့ပြီး နှစ်ရာထက်မနည်း ပျောက်ဆုံးနေဆဲဖြစ်သလို မြေပြင်မှာ ဒီအရေအတွက်ထက် များနိုင်ပါတယ်။
"ဘယ်လမ်းကြောင်းကလာတဲ့ရေ ဘယ်ကိုထိုးဝင်နိုင်တယ်၊ ဘယ်ကိုသွားနိုင်တယ်ဆိုတဲ့ အဲဒီလိုစီမံခန့်ခွဲမှုတွေ ညံ့ဖျင်းလို့ ပြည်သူတွေတော်တော်များများ သေနေတာ အခုဟာက"
နိုင်ငံတကာသတင်းတွေမှာတော့ မုန်တိုင်းကြောင့် ဗီယက်နမ်မှာ ၂၉၂ ဦးသေဆုံးပြီး ၃၈ ဦး ပျောက်ဆုံးနေသလို အခြားနိုင်ငံတွေကတော့ လူဆယ်ဂဏန်းဝန်းကျင်သာ အသေအပျောက်ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံမှာ လူသေဆုံးမှုဟာ မုန်တိုင်းတိုက်ရိုက်ဝင်ရောက်ခဲ့တဲ့ ဗီယက်နမ်နီးပါးရှိခဲ့ပြီး ပျောက်ဆုံးနေသူတွေပါ ထပ်ပေါင်းရင် ဗီယက်နမ်ထက်တောင် များနေတာပါ။
အမည်မဖော်လိုတဲ့ မန္တလေးတိုင်းထဲက ကူညီကယ်ဆယ်ရေးလုပ်နေသူတစ်ဦးကတော့ ကြိုတင်စီမံခန့်ခွဲမှု အားနည်းတာကြောင့် အခုလို လူအသေအပျောက်များရတာလို့ RFA ကို ပြောပါတယ်။
"လော်စပီကာလေးနဲ့ အော်သွားတာ တချို့မြို့နယ်တွေမှာရှိတယ်။ အော်သွားတာပဲ ရှိတယ်လေ။ ဘာအတွက် အော်သွားတာလဲ။ ဘယ်လိုဖြစ်နိုင်တယ်။ ဘယ်လိုနေရာကို ရှောင်ထားကြပါ။ ဘယ်လိုနေရာတွေမှာ နေထိုင်ကြပါ ဆိုတဲ့ဟာကို တစ်ခွန်းမှမပြောသွားဘူး။ ရေကြီးနိုင်တယ် ဒါပဲပြောပြီး ထွက်သွားတယ်။ ပြည်သူတွေ သတိဝီရိယနဲ့ နေထိုင်ပါပဲ ပြောတယ်။ တကယ်တမ်းကျတော့ ဘယ်လမ်းကြောင်းကလာတဲ့ရေ ဘယ်ကိုထိုးဝင်နိုင်တယ်၊ ဘယ်ကိုသွားနိုင်တယ်ဆိုတဲ့ အဲဒီလိုစီမံခန့်ခွဲမှုတွေ ညံ့ဖျင်းလို့ ပြည်သူတွေတော်တော်များများ သေနေတာ အခုဟာက"
နိုင်ငံတစ်ဝန်းမှာ ကူညီကယ်ဆယ်ပေးနေသူ လေးဦးခန့် အသက်သေဆုံးခဲ့ရပြီး စစ်ကောင်စီဘက်က အရပ်ဘက် ကူညီအဖွဲ့တွေကို ထိထိရောက်ရောက် ထောက်ပံ့ပေးနိုင်မှုမျိုး မရှိတာကြောင့်လည်း လူသေဆုံးမှုများခဲ့တာလို့ ဆိုပါတယ်။
မန္တလေးတိုင်း ရမည်းသင်းမြို့နယ် သပြေပင်၊ အင်တိုင်း၊ ကင်းရွာ၊ ချောင်းဖျား၊ ငါးသဲစု စတဲ့ရွာတွေ ဒေသခံတွေနဲ့ မိုးထိမိုးမိရွှေတွင်းက ရွှေလုပ်သား စုစုပေါင်းတစ်ရာကျော်လည်း ရေကြီးမြေပြိုမှုအတွင်းမှာ ပျောက်ဆုံးနေဆဲပဲ လို့ ကယ်ဆယ်ပေးနေသူတွေက ပြောပါတယ်။
ရမည်းသင်းမြို့နယ် မြင်းနားရွာခံအများစုကလည်း အိမ်ကအစ အကုန်ရေထဲမျောပါသွားပြီး အဝတ်တစ်ထည် ကိုယ်တစ်ခုပဲ ကျန်နေတာကြောင့် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကြိုတင်မသိလိုက်ရဘဲ ချက်ချင်း ရေကြီးမြေပြိုလာတာကြောင့် အသက်လုပြေးခဲ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြင်းနားရွာခံတစ်ဦးက RFA ကို ပြောပါတယ်။
"ဟိုးတောင်ပေါ်က ရေတွေလာတာ။ ဘယ်ကရေတွေမှန်း မသိဘူး။ တောင်တွေလည်း ပြိုကျကြတယ်။ ဘယ်သူမှ ဘာမှကြိုမသိလိုက်ဘူး။ ညကြီးဖြစ်တာဆိုတော့လေ ဝုန်းခနဲပဲဖြစ်သွားတာ။ လူမနည်းပြေးရတယ်။ အသက် မသေရုံတမည်ပဲ။ သိတဲ့အချိန် ထတဲ့အချိန်က လူကို ရေကထိနေပြီ။ အိမ်အောက်မှာ ကွပ်ပျစ်တွေထိုးပြီး နေကြတာများတော့ အိမ်ပေါ်တက်ပြေးရတာမနည်း ဘာမှကို ယူချိန်မရှိဘူး"
အရပ်ဘက်အဖွဲ့တွေနဲ့ အလှူရှင်တွေ လာရောက်ကူညီနေတာကြောင့် လတ်တလော စားဝတ်နေရေးကို ဖြေရှင်းနေရပေမဲ့ ဘဝတစ်ခုပြန်စဖို့ အစစအရာရာခက်ခဲသွားပြီလို့ ဒေသခံတွေက ပြောပါတယ်။
ပဲခူးတိုင်း၊ တောင်ငူမြို့နယ်မှာလည်း ရေအနည်းငယ်ပြန်ကျသွားပေမဲ့ ရွာပေါင်းတစ်ရာကျော် ရေနစ်မြုပ်နေဆဲပဲလို့ ကူညီပေးနေသူတွေက ပြောပါတယ်။
ဆက်နွှယ်သောသတင်းများ
ရေဘေးကြောင့် သေဆုံးသူ ၂၂၆ ဦး ရှိကြောင်း စစ်ကောင်စီပြော
နိုင်ငံတစ်ဝန်း သီးနှံစိုက်ဧက ခြောက်သိန်းခွဲနီးပါး ရေနစ်မြုပ်
နိုင်ငံတစ်ဝန်း လူ ခြောက်သိန်းကျော် ရေဘေးသင့်ကြောင်း UNOCHA ပြော
လက်ရှိ ရေဘေးဒုက္ခသည်တွေအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ တောင်ငူမြို့နယ်မှာ ကူညီပေးနေသူ ကိုကျော်သူရက RFA ကို ပြောပါတယ်။
"ဘာအကူအညီလိုအပ်နေလဲဆို ရေကြီးတုန်းကတော့ ကယ်ဆယ်ရေးလုပ်တော့ ကယ်ဆယ်ရေးနဲ့ ပတ်သက်တဲ့ ပစ္စည်းတွေဘာတွေ လိုတာပေါ့နော်။ အခုရေတွေလည်း ပြန်ကျတော့ ထောက်ပံ့ရေးအတွက် အိုးအိမ်တွေအတွက် ပြင်ဆင်ရမှာပေါ့။ အိုးခွက်ပန်းကန်၊ စောင်၊ ခြင်ထောင်တို့၊ သွပ်တို့ သစ်တို့၊ ဝါးတို့လိုတာ။ ထမင်းထုပ်တွေ ဘာတွေတော့ နောက်ပိုင်းအဆင်ပြေသွားမှာပါ"
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးကန်မှာလည်း ရွာပေါင်း ၁၇၃ ရွာ ရေနစ်မြုပ်နေပြီး ဒေသခံ နှစ်သောင်းကျော် ရေဘေးကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရေဘေးကူညီရေးနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ဒုတိယအတွင်းဝန် ဒေါ်ခင်မေနုနဲ့ ညွှန်ကြားရေးမှူး ဦးကျော်မျိုးသန့်တို့ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ အစည်းဝေးလုပ်နေတာကြောင့် ဖြေဆိုလို့မရသေးဘူးလို့သာ အကြောင်းပြန်ပါတယ်။
စစ်ကောင်စီကတော့ စက်တင်ဘာလ ၁၆ ရက် မနေ့ညနေပိုင်းအထိ နိုင်ငံတစ်ဝန်းမှာ ရေဘေးကြောင့်သေဆုံးသူ ၂၂၆ ဦးနဲ့ ပျောက်ဆုံးနေသူ ၇၇ ဦးရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ကတော့ တိုင်းနဲ့ပြည်နယ်ကိုးခုက ၅၉ မြို့နယ်မှာ မိုးကြီးရေလွှမ်းမိုးမှုကြောင့် ရေဘေးသင့်သူ ခြောက်သိန်းကျော် (၆၃၁,၀၀၀) ရှိနိုင်ကြောင်း စက်တင်ဘာ ၁၆ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။