ကျောင်းသားသမဂ္ဂတွေနဲ့ ပညာရေးဝန်ကြီးဌာန ဆက်ဆံရေး

0:00 / 0:00

ကျောင်းသားတွေ ဆန္ဒထုတ်ဖော်မယ်ဆိုရင် ဖော်ထုတ်မယ့် အကြောင်းအရာ၊နေရာ၊ နေ့ရက်၊ အချိန်၊ ခန့်မှန်း ကျောင်းသား ကျောင်းသူဦးရေတို့ကို သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရ၊ လူမှုရေးဝန်ကြီး၊ ခရိုင်/ မြို့နယ် ထွေအုပ်တွေ နဲ့ အဆင့်မြင့်ပညာဦးစီးဌာနကို တင်ပြရမှာဖြစ်ကြောင်း၊ လုပ်ထုံးလုပ်နည်းနဲ့ အညီမလုပ်ရင် အမှုဖွင့်တရားစွဲခံရမှာဖြစ်ကြောင်းကို တက္ကသိုလ်ကောလိပ်ကျောင်းအုပ်တွေ၊ ပါမောက္ခချုပ်တွေက ကျောင်းသားတွေကို အသိပေးပြောကြားထားဖို့ ပညာရေးဝန်ကြီးဌာနက သြဂုတ်လ ၁၃ ရက်နေ့က ညွှန်ကြားချက်ထုတ်ပြန်လိုက်ပါတယ်။

ဒီထုတ်ပြန်ချက်ကြောင့် ကျောင်းသားသမဂ္ဂတွေနဲ့ ပညာရေးဝန်ကြီးဌာနကြား ဆက်ဆံရေး အဆင်မပြေဖြစ်လာနိုင်တယ်လို့ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်ဟောင်းတဦးဖြစ်တဲ့ ကိုနန်းလင်းက ပြောပါတယ်။

“ ကျောင်းသားသမဂ္ဂတွေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာကို သေချာမသိတာလား သိရက်နဲ့ ရည်ရွယ်ချက်ရှိရှိလုပ်သလားမသိဘူး။ ဒါက ကျောင်းသားတွေလက်ခံမှာမဟုတ်ဘူး။ လက်ရှိ ငြိမ်းစုစီဥပဒေကိုယ်တိုင်က နိုင်ငံသားအခွင့်အရေးကိုပိတ်ပင်ထားတယ်။ သက်ဆိုင်ရာရဲစခန်းကို အသိပေးတင်ပြရုံဘဲ ပြီးရင် ဆန္ဒပြလို့ရတယ်ဆိုပေမယ့် တကယ့်တကယ် ကျန်ခဲ့တဲ့နှစ်တွေကို ပြန်ကြည့်ရင် - ခွင့်ပြုချက်တင်တယ်။ နေရာအကြောင်းပြချက်နဲ့ မြို့နယ်စခန်းမှူးက ငြင်းတယ်။ ငြင်းလို့ ဆန္ဒပြရင် ပုဒ်မ ၂ဝ နဲ့စွဲတယ်။ ခွင့်ပြုချက်ပေးတဲ့ပွဲမှာဆိုရင်လည်း ဟောပြောတာတွေ သူတို့မကြိုက်ရင် ငြိမ်းစုစီနဲ့စွဲတယ်။ တရားလွန်လာရင် ပုဒ်မ ၅ဝ၅ က/ခ နဲ့ စွဲတယ်။ ဒီဥပဒေက ပြဿနာရှိလို့ ကျောင်းသားသမဂ္ဂတွေက လက်မခံတာ။ အခုလုပ်တာ ပိုဆိုးသွားသေးတယ်။ ဒါရည်ရွယ်ချက်ရှိရှိ လုပ်တာဆိုရင် နောက်ထပ် ပညာရေးဝန်ကြီးဌာနနဲ့ ကျောင်းသားသမဂ္ဂတွေကြား ဆက်ဆံရေးမှာ အဖုအထစ်တွေရှိလာနိုင်တယ် ”

ဆရာများသမဂ္ဂက ဒေါက်တာစိုင်းခိုင်မျိုးထွန်းကလည်း ပညာရေးဝန်ကြီးဌာနရဲ့ ဒီထုတ်ပြန်ချက်ကြောင့် ကျောင်းသားတွေရဲ့လွတ်လပ်စွာထုတ်ဖော်မှုတွေကို ဖိနှိပ်ချုပ်ခြယ်လာမှာ စိုးရိမ်ကြောင်းနဲ့ ဒီအမိန့်စာပေါ်မှာ အလွဲသုံးစားလုပ်လာမှာကို စိုးရိမ်ကြောင်း ပြောပါတယ်။

“ ဒီဟာက ကျောင်းသားတွေလှုပ်ရှားခဲ့တဲ့သမိုင်းကို နည်းနည်း မေ့နေသလားလို့။ မြန်မာ့နိုင်ငံရေးသမိုင်းမှာ တောက်လျှောက်က ကျောင်းသားတွေက ကိုယ့်ရဲ့ နိုင်ငံရဲ့ လိုအပ်ချက်အရ လုပ်ခဲ့ရတဲ့ အကြောင်းအရာတွေ ရှိတယ်။ ခေတ်အဆက်ဆက်အစိုးရတွေက ကျောင်းသားတွေကို ပုဒ်မတွေ တပ်ပြီး ဖမ်းတာတွေရှိတယ်- အဲလိုမဖြစ်စေချင်ဘူး အခုအစိုးရလက်ထက်မှာ။

နောက်တခုက တရားဥပဒေစိုးမိုးရေးလို့ ပြောရင် ကျောင်းသားတွေ ဥပမာ- ကျောင်းထဲမှာ ကျောင်းရဲ့လိုအပ်ချက်တွေကို ဆန္ဒထုတ်ဖော်ရင် ဆွေးနွေးလို့မရရင် အဲဒီအပေါ်မှာ ပုဒ်မတွေတပ်ပြီး ဖမ်းရင် ကျောင်းသားတွေရဲ့လွတ်လပ်တဲ့ဆန္ဒကို ပိတ်ဆို့ရာကျတယ်။ နောက်တခုက အရင်တုန်းကလိုဘဲ ကျောင်းတွေမှာ ဆန္ဒထုတ်ဖော်တာကို ဖိနှိပ်ချုပ်ချယ်လာမှာလည်း စိုးရိမ်တယ်၊ ဒီအမိန့်ပေါ်မှာ အလွဲသုံးစားလုပ်လာနိုင်တဲ့သဘောတွေရှိလာမှာ စိုးရိမ်တယ်”

မြန်မာနိုင်ငံမှာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ စီတန်းလှည့်လည်ခြင်းတွေကို ငြိမ်းစုစီဥပဒေနဲ့ တရားစွဲဆိုတာတွေရှိနေပါတယ်။ ဒီငြိမ်းစုစီဥပဒေကို အရင်သမ္မတဦးသိန်းစိန်လက်ထက် ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာ ၂ ရက်နေ့က ပြဌာန်းခဲ့တာဖြစ်ပြီး အခုအစိုးရလက်ထက်မှာ ၂ ကြိမ်ပြင်ဆင်ပြီးလည်း ဖြစ်ပါတယ်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုအဖွဲ့တခုဖြစ်တဲ့ အသံအဖွဲ့ရဲ့ စာရင်းတွေအရ လက်ရှိအစိုးရလက်ထက် သက်တမ်း နှစ်နှစ်ခွဲအတွင်း ငြိမ်းစုစီဥပဒေနဲ့ တရားစွဲဆိုခံထားရတဲ့အမှုပေါင်း ၃၉ မှုရှိနေပြီး တက်ကြွလှုပ်ရှားသူ ၁၄၂ဦး တရားစွဲဆိုခံနေရတယ်လို့ သိရပါတယ်။

(RFA ဝိုင်းတော်သူ မခင်ခင်အိ စုစည်းတင်ပြသည်)