မဲရုံတာဝန်ကျ ဝန်ထမ်းတွေ ရပ်ဝေးမဲရုံကို ရှောင်ရှားလို


2020.09.28

လာမယ့် အထွေထွေရွေးကောက်ပွဲနေ့ မဲရုံတွေမှာ တာဝန်ထမ်းဆောင်ရမယ့် ပညာရေးဝန်ထမ်းတွေ မိမိတို့ တာဝန်ကျတဲ့နေရာတွေကို အောက်တိုဘာ ၁ ရက်နေ့မှာ စုစည်းရောက်ရှိဖို့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တချို့က မြို့နယ် ပညာရေးမှူးတွေက စာထုတ် ညွှန်ကြားလိုက်ပါတယ်။

ပညာရေးဝန်ထမ်းတွေကတော့  သူတို့ လက်ရှိ ရောက်နေတဲ့နေရာက မဲရုံတွေမှာပဲ တာဝန်ထမ်းဆောင်ရမယ်ဆိုရင် ကြပ်မတ်စောင့်ကြည့်တဲ့ အစီအစဉ် မလိုအပ်တော့ဘူးလို့ ထောက်ပြကြပါတယ်။

နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲနေ့မှာ မဲရုံမှူး၊ ဒုမဲရုံမှူးနဲ့ မဲရုံအဖွဲ့ဝင်တွေအဖြစ် တာဝန် ထမ်းဆောင်ရမယ့် ကျောင်းဆရာ၊ ဆရာမတွေဟာ  မဲရုံဆိုင်ရာသင်တန်းတက်ရောက်ဖို့  အောက်တိုဘာလ ၁ ရက်နေ့မှာ သက်ဆိုင်ရာ စာသင်ကျောင်းတွေဆီ အရောက်လာကြဖို့ မြို့နယ်ပညာရေးမှူးတွေက စက်တင်ဘာ ၂၅ ရက်နေ့က ညွှန်ကြားစာ ထုတ်လိုက်တာပါ။

စစ်ကိုင်းတိုင်း ဖောင်းပြင်မြို့နယ်ပညာရေးမှူး လက်မှတ်ရေးထိုး ထုတ်ပြန်ထားတဲ့ စာမှာ အောက်တိုဘာလ ၁ ရက်နေ့အရောက် အားလုံး စုစည်းနေထိုင်ကြဖို့နဲ့ ပျက်ကွက်သူရှိရင် သက်ဆိုင်ရာ ကျောင်းအုပ်ကြီးတွေရဲ့ တာဝန်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါဟာ ပညာရေးဝန်ထမ်းတွေကို ခြိမ်းခြောက်တာလို့ အခြေခံပညာ ပညာရေးလုပ်သားများ သမဂ္ဂ ဗဟိုအကြံပေး ကော်မတီဝင် ကိုအောင်အောင်ကျော်က ဝေဖန်ပါတယ်။

"ခြိမ်းခြောက်တဲ့သဘော သက်ရောက်တာပေါ့။ ဒီမိုကရေစီခေတ် ဒီဘက်ကာလမှာ အဲဒီလို အသုံးအနှုန်းတွေက လက်မခံတော့ဘူး။ နောက်တစ်ခုကလည်း ရခိုင်၊ ချင်း၊ ရှမ်းစတဲ့ သွားလာရေးခက်ခဲတဲ့နေရာတွေ ရန်ကုန် မှာတောင် တစ်နေရာနဲ့တစ်နေရာ သွားလာမှု ကန့်သတ်ထားတော့ အဲဒီလိုကန့်သတ်ထားချိန်မှာ မဲရုံလို့ သတ်မှတ်ထားတဲ့ကျောင်းတွေမှာ ခေါ်ပြီး သင်တန်းပေးမှာဖြစ်တဲ့အတွက် တစ်ယောက်ဖြစ်ရင် အကုန်လုံး သွားမှာ။ အဲဒါကိုတော့ အစိုးရအနေနဲ့ ထိထိရောက်ရောက် စဉ်းစားပေးဖို့ လိုအပ်လိမ့်မယ်။"

မဲရုံတာဝန်ကျသူတွေကို ရွေးကောက်ပွဲမကျင်းပခင်မှာ သင်တန်းပေးရမှာဖြစ်တဲ့အတွက် ကျန်းမာရေးအရ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် သင်တန်းကာလ မတိုင်ခင် ကြပ်မတ်စောင့်ကြည့်ဖို့ ကြိုတင်ခေါ်ယူတာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ မြို့နယ်ပညာရေးမှူးတစ်ဦးက ဆိုပါတယ်။

မဲရုံတွေမှာ ဒေသခံ ပညာရေးဝန်ထမ်းတွေကိုသာ ဦးစားပေး တာဝန်ချတာဖြစ်ပေမယ့် မလုံလောက်တဲ့အခါ နီးစပ်ရာဒေသက ဆရာ၊ ဆရာမတွေကို ခေါ်ယူတာဖြစ်ကြောင်း၊ မလုံလောက်တဲ့နေရာတွေ များတာကြောင့် တခြားနေရာတွေက ပညာရေးဝန်ထမ်းတွေကို ထပ်မံ ခေါ်ယူရတာဖြစ်ကြောင်း သူက ဆက်ပြောပါတယ်။

ရပ်ဝေးကနေ သွားရောက် တာဝန်ထမ်းဆောင်ရမယ့်သူ အရေအတွက် ဘယ်လောက် ရှိမလဲ ဆိုတာတော့ မသိရသေးပါဘူး။

သင်တန်းကာလက ဘယ်ရက်ကနေ ဘယ်ရက်အထိဆိုတာမျိုးကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မပြောကြားသေးသလို ဆရာ၊ ဆရာမတွေအနေနဲ့လည်း သိရှိတာမျိုး မရှိသေးပါဘူး။

စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှုး ဦးဖြိုးဝေကျော်ကတော့ - ကော်မရှင်အနေနဲ့ သင်တန်းပေးမယ့်အကြောင်း ပြောဆိုထားတာမရှိဘဲ မဲရုံ တာဝန်ကျတဲ့ ဆရာ၊ ဆရာမ စာရင်းသာ တောင်းခံထားတာလို့ ပြောပါတယ်။

"သင်တန်း ဘယ်နေ့လုပ်ရမယ်ဆိုတာ ညွှန်ကြားချက် မရှိသေးဘူး။ မဲရုံမှူး မဲရုံတာဝန်ကျသူတွေ ခန့်ထားဖို့တော့ ညွှန်ကြားချက်ရှိတယ်။ နိုဝင်ဘာ ၈ ရက်နေ့မှာ လုပ်မယ်ဆိုတော့ အဲထက်စောတဲ့ရက်မှာ သင်တန်းပေးရမှာပေါ့။ ကိုဗစ်အခြေအနေကြောင့် သူတို့တာဝန်ထမ်းဆောင်ရင် ကွာရန်တင်း ဘာညာလဲရှိတော့ အဲဒီအချိန်လွတ်အောင် ဆောင်ရွက်တယ်လို့ ထင်ပါတယ်။"

လက်ရှိကာလမှာ ကိုရိုနာဗိုင်းရပ်စ် သံသယလူနာတွေကို စောင့်ကြည့်ကြပ်မတ်တဲ့စခန်းတွေ အဖြစ် စာသင်ကျောင်းတွေကို အများဆုံး အသုံးပြုနေတာပါ။ ဒါကြောင့် စာသင်ကျောင်းတွေမှာ ပညာရေး ဝန်ထမ်းတွေအနေနဲ့ ကြပ်မတ်စောင့်ကြည့်ခံရမှာ မလိုလားကြပါဘူး။

"ကွာရန်တင်းထားရင် အဆင်မပြေလောက်ဘူး။ ဘာလို့လဲဆိုတော့ လူများတာကိုး နေတာထိုင်တာတွေရော အဲလောက်လူဦးရေနဲ့ ထားမယ်ဆိုရင် အဆင်မပြေဘူးဆိုတာ ကျောင်းတွေမှာ ကွာရန်တင်း ထားတဲ့ သူတွေလည်း ရှိနေတာကိုး။ ဒီလောက်အင်အားနဲ့ ကျောင်းတွေမှာ ကွာရန်တင်းထားမယ်ဆိုရင် စီစဉ်ရတာတွေပါ အခက်အခဲဖြစ်လာမယ်။"

မဲရုံမှာ တာဝန် ထမ်းဆောင်ရမယ့် စစ်ကိုင်းတိုင်းဒေသကြီးက အမည်မဖော်လိုတဲ့ အထက်တန်းပြ ကျောင်းဆရာ တစ်ဦး ပြောသွားတာပါ။

ဆရာ၊ ဆရာမတွေ ဘယ်နေရာမှာ စောင့်ကြည့်စခန်းဝင်ရမယ်ဆိုတာ တိတိကျကျ မသိရသေးပါဘူး။

ပညာရေးဝန်ထမ်း အများအပြားရဲ့ သဘောထားကတော့ ကြပ်မတ်စောင့်ကြည့်ခံရဖို့ ကြိုတင်ခေါ်ယူတာမျိုးကို လက်မခံလိုကြဘဲ သူတို့ လက်ရှိ ရောက်နေတဲ့နေရာက မဲရုံတွေမှာပဲ တာဝန်ထမ်းဆောင်ဖို့ လိုလားနေကြပါတယ်။

ရပ်ကွက်၊ ကျေးရွာအုပ်စုတစ်ခုမှာ မဲရုံတာဝန်ကျတဲ့ ဆရာ၊ ဆရာမ အရေအတွက်ဟာ ရာဂဏန်းဝန်းကျင် ရှိနိုင်ပြီး ဒီဝန်ထမ်းတွေအားလုံး တစ်နေရာထဲမှာ ကြပ်မတ်စောင့်ကြည့်ခံရမယ်ဆိုတာ အန္တရာယ်များတဲ့ စီမံမှုလို့ ရှုမြင်နေကြပါတယ်။

မဲရုံတာဝန်ကျမယ့် ပညာရေးဝန်ထမ်းတွေကို ကျောင်းတွေမှာ စုစည်းကြဖို့ မြို့နယ်အသီးသီးက ပြန်လည် ခေါ်ယူနေတာဟာ ပညာရေးမှူးတွေရဲ့ အခွင့်အာဏာအရ လုပ်ဆောင်တာသာဖြစ်တယ်လို့ စစ်ကိုင်းတိုင်း ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှုး ဦးအောင်မျိုးလွင်က ပြောပါတယ်။

"ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က သင်တန်းအစီအစဉ် ညွှန်ကြားထားတာမရှိသေးဘူး။ အောက်တိုဘာလ ၁ ရက်နေ့မှာ မဲရုံမှူး မဲရုံတာဝန်ကျသူတွေကိုအပြီး တာဝန်ပေးအပ်ရမယ်။ သင်တန်းပေးဖို့ စုစည်းတာက သက်ဆိုင်ရာ ပညာရေးရေးမှူးတွေက သူတို့ စီမံခန့်ခွဲမှုအရ ဆောင်ရွက်တာ ဖြစ်ပါလိမ့်မယ်။"

လက်ရှိမှာတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သင်တန်းပေးဖို့ ညွှန်ကြားထားတာမျိုး မရှိသေးဘူး လို့လည်း ဆိုပါတယ်။

မန္တလေးတိုင်းမှာလည်း ရွေးကောက်ပွဲအမီ သင်တန်းပေးဖို့ ခေါ်ယူနေတာမျိုး မရှိဘူးလို့ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဦးကျော်ကျော်စိုးက ပြောပါတယ်။

"UEC က ဘယ်နေ့ပေးပါဆိုမှပေးမှာ ဘာညွှန်ကြားချက်မှ မလာသေးဘူး။ ကျွန်တော်တို့ စချင်တိုင်း စလို့မရဘူး။ UEC က ညွှန်ကြားချက်ပေးမှ စလို့ရမှာ ။ သင်တန်းတွေက ပေးချင်တိုင်း ပေးလို့မရဘူး။ အမျိုးသားအဆင့် ကိုဗစ်ကော်မတီကို တင်ပြပြီး ခွင့်ပြုချက်နဲ့မှ လုပ်လို့ရမှာ မဟုတ်ရင် ဘယ်ရမလဲ ။ ကျွန်တော်တို့ မန္တလေးမှာလည်း လော့ဒေါင်းတွေရှိတယ်။ သင်တန်းတွေ တရုန်းရုန်းပေးလို့ ဘယ်ရမလဲ။"

ပိုးတွေ့ရှိသူ များပြားနေတာကြောင့် ရန်ကုန်တိုင်းက မြို့နယ် ၄၄ မြို့နယ်နဲ့ ရခိုင်ပြည်နယ်တစ်ခုလုံးအပြင် မန္တလေး၊ မွန်၊ ပဲခူး၊ ဧရာဝတီတို့က မြို့နယ်စုစုပေါင်း ၇၂ မြို့နယ်ကို အသွားအလာ ကန့်သတ်ထားပြီး နေအိမ်တွေမှာပဲ နေထိုင်ဖို့ အမိန့်ထုတ်ထားတာပါ။

တစ်ပြည်နယ်လုံး နေအိမ်မှာပဲ နေထိုင်ရေးအစီအစဉ်မှာ အကျုံးဝင်တဲ့ ရခိုင်ပြည်နယ်က မြို့နယ်တွေမှာလည်း သက်ဆိုင်ရာကျောင်းတွေဆီ အောက်တိုဘာ ၁ ရက်နေ့မှာ မဲရုံတာဝန်ကျသူတွေ စုစည်းရောက်ရှိကြဖို့ ညွှန်ကြားထားပါတယ်။

ဒီကာလမှာ မလိုအပ်ဘဲ အိမ်ပြင်မထွက်ဖို့ အစိုးရက တိုက်တွန်းထားသလို၊ မြို့နယ်တော်တော်များများမှာ အသွားအလာ ကန့်သတ်ထားတာပါ။

တချို့ကျေးရွာတွေက အဝင်မခံတဲ့ ပြဿနာတွေရှိတာကြောင့် တစ်နေရာထဲမှာ စုစည်းဖို့ဆိုတာ ပညာရေး ဝန်ထမ်းတွေအတွက် မလွယ်ကူဘူးလို့ ရခိုင်ပြည်နယ် အခြေခံပညာ ပညာရေးလုပ်သားများသမဂ္ဂ တာဝန်ခံ ဦးစောလင်းက ထောက်ပြပါတယ်။

"ဆရာမတွေကို သူတို့တာဝန်ကျတဲ့ဆီမှာ စုစည်းဖို့ အော်ဒါထုတ်ထားပြီးပြီ၊ တချို့ရွာတွေမြို့တွေက လော့ဒေါင်းချထားတယ်။ သွားရလာရ အဆင်မပြေကြဘူး။ လူတွေက ကွာရန်တင်းမဝင်ချင်ကြဘူး။ လက်ရှိတာဝန်ကျတဲ့နေရာမဟုတ်ဘဲ နေထိုင်နေတဲ့နေရာမှာပဲ တာဝန်ထမ်းဆောင်ချင်ကြတယ်။ ရွေးကောက်ပွဲကလည်း မလုပ်လို့မဖြစ်ဘူး။ ပြန်ခေါ်တဲ့အခါ သွားရေးလာရေးကအဆင်မပြေတော့ အဲ့ဒါကိုပဲ အရင်ညှိရမယ်ထင်တယ်။"

မဲရုံတာဝန်ထမ်းဆောင်ရမယ့် ဆရာ၊ ဆရာမတွေအတွက် အစိုးရက ဘယ်လိုကျန်းမာရေး စောင့်ရှောက်မှုတွေ ပြင်ဆင်ထားတယ်ဆိုတာကိုလည်း တိတိကျကျ ရှင်းရှင်းလင်းလင်း သိချင်နေကြပါတယ်။

ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ PACE ရဲ့ အမှုဆောင်ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့်က - မဲရုံမှာ တာဝန်ထမ်းဆောင်ရမယ့်သူတွေကို ပညာရေးဝန်ထမ်းတွေကိုပဲ မစဉ်းစားသင့်ဘူးလို့ ထောက်ပြပါတယ်။

"မဲရုံဝန်ထမ်း အလုံအလောက်ရဖို့ဆိုတာ ကော်မရှင်အတွက် ကြီးမားတဲ့ စိန်ခေါ်မှုပဲ ကျွန်တော်တို့လည်း အမြဲပြောနေပါတယ်။ ဆရာဆရာမတွေကိုပဲ အမြဲတမ်းသုံးနေမယ့်အစား ရပ်ကွက်ထဲက သာမန် နိုင်ငံသားတွေကိုလည်း အသုံးပြုလို့ရတယ်။ ဒါကြောင့် အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ စကားပြောဖို့ လိုတယ်ဆိုတာ အဲဒါကိုပြောတာ ရပ်ကွက်ထဲက သာမာန်နိုင်ငံသားတွေကို အသုံးပြုမယ်ဆိုရင် ရပ်ကွက် ထဲကနေ ဘယ်မှ သွားစရာမလိုတော့ဘူး။ ဒီလိုအခွင့်အရေးကိုသုံးပြီး နိုင်ငံသားတွေ ရွေးကောက်ပွဲမှာ ပါဝင်ဖို့ အခွင့်အရေးမြင့်လာအောင် လုပ်ဖို့လိုတာပါ။"

ရွေးကောက်ပွဲတိုင်းမှာ မဲရုံဝန်ထမ်းတွေအဖြစ် ပညာရေးဝန်ထမ်းတွေကိုပဲ တာဝန်ပေးခဲ့ကြတာပါ။ လာမယ့် ရွေးကောက်ပွဲမှာ မဲရုံပေါင်း လေးသောင်းကျော် လျာထားပါတယ်။

အခြေခံပညာကျောင်းတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာ၊ ဆရာမအင်အား လေးသိန်း ကိုးသောင်းကျော် ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။