ထိုင်းရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီနဲ့ မြန်မာ့အရေး
2023.05.30

ထိုင်းနိုင်ငံမှာ စည်းမျဉ်းခံဘုရင်စနစ်နှင့် စစ်တပ်ပြုပြင်ပြောင်းလဲရေး လုပ်မယ်ဆိုတဲ့ ကတိတွေနဲ့ မဲဆွယ်ခဲ့ပြီး ရွေးကောက်ပွဲမှာအနိုင်ရလာတဲ့ Move Forward ပါတီ (MFP) ဟာ ပညာတတ်လူငယ်တွေ ဦးဆောင်ဖွဲ့စည်းထားပြီး အရပ်သားစစ်စစ်အစိုးရဖွဲ့ဖို့ ကြိုးစားနေပါတယ်။ ဒီလိုအရပ်သားတွေအာဏာ ပြန်ရရင် မြန်မာ့နိုင်ငံရေး အကျပ်အတည်းအတွက် အကျိုးသက်ရောက်နိုင်မလားဆိုတာကိုလဲ မြန်မာ့ နိုင်ငံရေးလောကမှာ ဆွေးနွေး ပြောဆိုနေတာတွေ ရှိပါတယ်။
ထိုင်းနဲ့ မြန်မာနိုင်ငံဟာ ကီလိုမီတာ ၁၄၀၀ ကျော်ရှည်လျားတဲ့ နယ်နမိတ်ရှိပြီး နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးတွေမှာ အပြန်အလှန်ဆက်စပ်နေလို့ နှစ်နိုင်ငံဆက်ဆံရေး သမိုင်းကြောင်းတွေလည်း ရှိနေပါတယ်။ အဲဒီအပြင် စစ်အစိုးရအဆက်ဆက်ကို ဆန့်ကျင်ခဲ့ကြတဲ့ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေရဲ့ နိုင်ငံတကာဆက်ဆံရေး လမ်းပေါက်ကြီးလည်းဖြစ်ပါတယ်။
တစ်ဖက်ကကြည့်ရင်လည်း ထိုင်းနဲ့မြန်မာစစ်ခေါင်းဆောင်တွေဟာ ခေတ်အဆက်ဆက် ပြေလည်အောင် ဆက်ဆံ နေခဲ့ကြတာလည်းတွေ့ရပါတယ်။ လတ်တလောမှာတော့ ထိုင်းနိုင်ငံမှာ အာဏာသိမ်းပြီး စစ်ဗိုလ်ချုပ်ကြီးအနေနဲ့ရော အရပ်သားအသွင်နဲ့ပါ ကိုးနှစ်လောက်အုပ်ချုပ်နေတဲ့ ဗိုလ်ချုပ်ကြီး ပရာယွတ်ဟာ အခုရွေးကောက်ပွဲမှာ မဲနည်းနည်းပဲရလို့ သူ့အနေနဲ့ ဝန်ကြီးချုပ် ဆက်ဖြစ်ဖို့ အခက်အခဲတွေ ရှိနေပါတယ်။
Move Forward ပါတီ ဦးဆောင်ပြီး အစိုးရဖွဲ့နိုင်ခဲ့မယ်ဆိုရင် အရပ်သားစစ်စစ် အစိုးရအဖွဲ့အနေနဲ့ မြန်မာ့နိုင်ငံရေးကို တစ်စုံတစ်ရာ အထောက်အကူပြုဖြစ်နိုင်မယ်လို့ ထိုင်းနိုင်ငံအခြေစိုက် ဉာဏ်လင်းသစ်သုတေသနအဖွဲ့ရဲ့ နိုင်ငံရေးနဲ့ သုတေသနအကြံပေး ကိုမိုးထက်နေက မျှော်လင့်ပါတယ်။
“ကျွန်တော်တို့ NUG နဲ့ စစ်အုပ်စုနဲ့ ကြားထဲက နိုင်ငံရေးပြဿနာတွေအပေါ်မှာ ထိရောက်မှုကတော့ ခုနကပြောတဲ့ သူတို့ Domestic Agenda (ပြည်တွင်းအရေး) အပေါ်မှာ သူတို့ ဘယ်လောက်ဖြေရှင်းနိုင်လဲ။ ဘယ်လောက်အထိ ကိုင်တွယ်နိုင်မလဲဆိုတဲ့အပေါ်မှာ မူတည်နေမယ်လို့မျှော်လင့်ပါတယ်။ ချုပ်ပြောရရင်တော့ Move Forward ပါတီ ဦးဆောင်ပြီး အစိုးရဖွဲ့နိုင်ခြင်းဟာ ကျွန်တော်တို့ ဒီတော်လှန်ရေးအတွက်တော့ တစ်စုံတစ်ရာ အထောက်အကူ ဖြစ်လိမ့်မယ်လို့ ပြောချင်ပါတယ်ခင်ဗျ”
Move Forward ပါတီခေါင်းဆောင် ပီတ လင်ဂျာရွန်ရတ်ဟာ ထိုင်းမှာ ဘုရင့်အိမ်တော်၊ စစ်တပ်၊ ဗျူရိုကရက် အုပ်စုတွေနဲ့ တွေ့ဆုံညှိနှိုင်းပြီး စိန်ခေါ်မှုတွေ ဖြတ်သန်းရဦးမှာ ဖြစ်သလို မြန်မာနိုင်ငံအတွက်လည်း သူ့သတင်း စကားတွေက အားတက်စရာဖြစ်တယ်လို့ လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။
Move Forward ပါတီခေါင်းဆောင်ပြီး အစိုးရဖွဲ့နိုင်ခဲ့ရင် နယ်စပ်ဒေသမှာ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ပိုရလာနိုင်တယ်လို့ ကိုမိုးထက်နေကပြောပါတယ်။
Move Forward ပါတီအစိုးရဖြစ်လာရင် လူသားချင်းစာနာမှု အကူအညီတွေ ရနိုင်ချေ ရှိပေမယ့် နိုင်ငံရေးမှာတော့ ဘယ်ဘက်က ရပ်တည်မယ်ဆိုတာ မပြောနိုင်သေးဘူးလို့ ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးအောင်သူငြိမ်းက ပြောပါတယ်။
“ရွေးကောက်ပွဲနိုင်တဲ့ပါတီအနေနဲ့ သူတို့က အစိုးရဖြစ်လာမယ်လို့တော့ မျှော်လင့်ရတာပေါ့။ ဒါပေမဲ့ အခက်အခဲတွေ ရှိသေးတယ်ဗျနော်။ တလောကပဲ သူ့ရဲ့တွစ်တာမှာ မြန်မာပြည်နဲ့ ပတ်သက်လို့သူရေးပါတယ်။ သူရေးတာကတော့ ကျွန်တော်တို့ လူသားလုံခြုံရေးကိစ္စကို အခြေပြုပြီးတော့ မြန်မာပြည်နဲ့ ပတ်သက်လို့ သူဆောင်ရွက်သွားမယ်။ နောက်တစ်ခါ စီးပွားရေးအရာရော လူသားလုံခြုံမှုကို အခြေခံတဲ့ လူသားချင်းစာနာမှု လုပ်ငန်းတွေပေါ့ဗျာ။ အဲဒါတွေကို ကူညီ ဆောင်ရွက်မယ်လို့ ရေးပါတယ်။ နိုင်ငံရေးအရတော့ ဘယ်ဘက်ကို ထောက်ခံမယ်။ ဘယ်ဘက်က ရပ်တည်မယ်ဆိုတဲ့သဘောမျိုးတော့ မတွေ့ရသေးပါဘူး”
အာဆီယံထဲမှာမြန်မာပြည်နဲ့ပတ်သက်လာရင် ထိုင်းနိုင်ငံဟာရှေ့တန်းကျတဲ့ နိုင်ငံတစ်ခုဖြစ်ပြီး မြန်မာပြည်မှာ ပြဿနာတွေ ပဋိပက္ခဖြစ်ရင် သူ့ဆီကိုပါ ကူးစက်တဲ့သဘောဖြစ်လို့ ထိုင်းနိုင်ငံရဲ့ အခန်းကဏ္ဏဟာအရေးပါတယ်လို့ ဦးအောင်သူငြိမ်းကထောက်ပြပါတယ်။
စစ်တပ်အရာရှိတွေနဲ့ စုဖွဲ့ထားတဲ့ သေနင်္ဂအင်စတီကျူရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကတော့ ပီတ ဦးဆောင်တဲ့အစိုးရဖြစ်လာရင် မြန်မာစစ်တပ်အပေါ်မှာ သဘောထားတင်းမာတဲ့ပုံစံနဲ့ သွားလိမ့်မယ်လို့ ခန့်မှန်းနေပါတယ်။
“ညွန့်ပေါင်းဖွဲ့နိုင်ပြီးတော့ ပီတကိုယ်တိုင် ဝန်ကြီးချုပ်ဖြစ်မယ်ဆိုပါစို့။ အဲဒီလိုပဲ တွက်လိုက်မယ်ဆိုရင် လောလောဆယ် သူပြောထားတဲ့ အကြောင်းအရာတွေအရတော့ ပြောရရင် မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ သူ့သဘောထားက နည်းနည်း တင်းမာတဲ့ ပုံစံ၊ အမာလိုင်းသွားမယ့်ပုံစံမှန်းလို့ ရတယ်ပေါ့။ အကယ်၍ သူဝန်ကြီးချုပ် ဖြစ်လာခဲ့မယ်ဆိုရင်တော့ မြန်မာနဲ့ပတ်သက်ပြီး ဆက်ဆံရေးက ကြိုပြင် ဆင်ရမယ့်ဟာတွေက အများကြီး ရှိမယ်လို့ အကြမ်းဖျဉ်း ပြောလို့ရတယ်”
လက်ရှိမှာ Move Forward ပါတီက အစိုးရအဖြစ်နဲ့ ထိုင်းနိုင်ငံမှာတက်လာမှာကို မြန်မာ စစ်ခေါင်းဆောင်တွေက လိုလားမှာမဟုတ်ဘဲ လက်ရှိ ဝန်ကြီးချုပ် ပရာယွတ်ကိုပဲ ဆက်ဖြစ်စေချင်လိမ့်မယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းကပြောပါတယ်။
“ပရာရွတ် အစိုးရကိုတော့ သူတို့(စစ်ကောင်စီ)က ဖြစ်စေချင်မှာပေါ့နော်။ အခု ပြဿနာလေး နည်းနည်းတက်နေတာက ပီတက ရွေးကောက်ပွဲဥပဒေတွေအရ စီးပွားရေးကုမ္ပဏီတစ်ခုမှာ Member ဝင်ထားတဲ့ကိစ္စ။ သူကတော့ မပါတော့ဘူးလို့ နုတ်နဲ့ ပြောထားတယ်လို့တော့ဆိုတယ်။ အဲဒါကိုလည်း တစ်ခြားပါတီတစ်ခုက တိုင်ထားတာတွေ့ရတယ်။ ဒါက ခုံရုံးကဘယ်လို ဆုံးဖြတ်မလဲဆိုတဲ့အပေါ်တွေမှာ တည်တာပေါ့နော်။ ဆိုတော့ နစက ဗိုလ်ချုပ်တွေ အနေနဲ့ကတော့ အဲဒီဟာကို ကြည့်ပြီးတော့ တစ်ကယ်လို့ ခုံရုံးကလည်း တပ်ကလိုလားတဲ့ လူတွေနဲ့ပဲ ဖွဲ့စည်းထားတာဖြစ်တော့ အဲဒီလိုခုံရုံးရဲ့ ဆုံးဖြတ်ချက်အရ ပီတဟာ ရွေးကောက်ပွဲ ဝင်ရောက်ခွင့် မရှိသူလို့ ဆုံးဖြတ်လိုက်လိမ့်မယ်လို့ မျှော်လင့်နေကြမယ်ထင်တယ်”
လက်ရှိမှာ မြန်မာစစ်တပ်နဲ့ ထိုင်းစစ်တပ်တို့ ကြားမှာလည်း ဆက်ဆံရေး ကောင်းကောင်းတည်ဆောက်ထားပြီး အကျိုးစီးပွားတွေလည်း အပြန်အလှန် ဆက်နွယ်နေကြတယ်လို့ ဆိုကြပါတယ်။
ထိုင်းနိုင်ငံမှာ Move Forward Party ခေါင်းဆောင် မစ္စတာ ပီတ လင်ဂျာရွန်ရတ် အနိုင်ရတဲ့အတွက်ကြောင့် စစ်ကောင်စီကို တော်လှန်နေတဲ့သူတွေ အများဆုံးနေထိုင်တဲ့ ထိုင်း-မြန်မာနယ်စပ်ကို သေချာစောင့်ကြည့်ဖို့ မြန်မာစစ်ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ညွှန်ကြားထားတယ်လို့ မေလ ၂၃ ရက်နေ့က ဧရာဝတီ သတင်းဌာနမှာ ဖော်ပြထားပါတယ်။
"ရွေးကောက်ပွဲနိုင်တဲ့ပါတီအနေနဲ့ သူတို့က အစိုးရဖြစ်လာမယ်လို့တော့ မျှော်လင့်ရတာပေါ့"
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ကတော့ လက်ရှိ ထိုင်းအစိုးရနဲ့လည်း ဆက်ဆံခွင့်ရဖို့ ကြိုးစားခဲ့သလို တက်လာမယ့်အစိုးရသစ်နဲ့လည်း ဆက်ဆံခွင့်ရအောင် ကြိုးစားသွားမယ်လို့ NUG ဝန်ကြီးချုပ်ရုံးပြောခွင့်ရသူ ဦးနေဘုန်းလတ်က RFA ကို ပြောပါတယ်။
“ကျွန်တော်တို့ NUG အနေနဲ့ကတော့ အရင် ထိုင်းအစိုးရနဲ့လည်း တွေ့ဆုံခွင့်ရဖို့ ကြိုးစားခဲ့တာတွေ ရှိတယ်။ ထိုင်းနိုင်ငံမှာ အစိုးရသစ်တက်လာရင်လည်း ဒီတက်လာတဲ့ အစိုးရနဲ့တွေ့ဆုံခွင့်ရဖို့။ တွေ့ဆုံပြီးတော့ မြန်မာနိုင်ငံအရေးကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိတယ်ပေါ့နော်။ ဒီလောက်ပဲ ကျွန်တော်တို့ ပြောလို့ရမယ်ဗျနော်”
Move Forward Party ခေါင်းဆောင် မစ္စတာ ပီတ လင်ဂျာရွန်ရတ်ဟာ နိုင်ငံရေးပါတီ ရှစ်ပါတီက ကိုယ်စားလှယ် ၃၁၀ ကျော် ပါဝင်တဲ့ ညွန့်ပေါင်းအစိုးရဖွဲ့ပြီး သူကိုယ်တိုင်ဝန်ကြီးချုပ်လုပ်မယ့် အစီအစဉ်တစ်ခုကို ပြီးခဲ့တဲ့ မေလ ၁၉ ရက်နေ့မှာ တိုင်းပြည်ကို တရားဝင်ကြေညာခဲ့ပါတယ်။