မြန်မာအမျိုးသမီးကို အဓမ္မပြုကျင့်ပြီး မီးရှို့သတ်ခဲ့သူ ထိုင်းနိုင်ငံသား ထောင်ဒဏ် နှစ် ၅၀ ကျခံရ

လုဆိုင်း (ထိုင်းနိုင်ငံ)
2022.08.02
မြန်မာအမျိုးသမီးကို အဓမ္မပြုကျင့်ပြီး မီးရှို့သတ်ခဲ့သူ ထိုင်းနိုင်ငံသား ထောင်ဒဏ် နှစ် ၅၀ ကျခံရ မမြင့်မြင့်ခိုင်အတွက် တရားမျှတမှုရဖို့ ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့တွင် ၂ဝ၂၁ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့က ထိုင်းရောက် မြန်မာအလုပ်သမားများ ဆန္ဒပြတောင်းဆိုခဲ့ကြစဉ်။
Photo: Citizen Journalsit

ထိုင်းနိုင်ငံမှာ အဓမ္မပြုကျင့်ခံရပြီး မီးရှို့အသတ်ခံရတဲ့ မြန်မာအမျိုးသမီး မမြင့်မြင့်ခိုင်အမှုမှာ ပြစ်မှုကျူးလွန်သူ ထိုင်းအမျိုးသားကို သြဂုတ်လ ၂ ရက်နေ့မှာ ကဘင်ဘူရီ တရားရုံးက ထောင်ဒဏ် နှစ် ၅၀ အမိန့်ချမှတ်လိုက်တယ်လို့ အသတ်ခံရသူ မမြင့်မြင့်ခိုင်ရဲ့အစ်မ မမြမြအေးက ပြောပါတယ်။

ညီမဖြစ်သူ မမြင့်မြင့်ခိုင် အသတ်ခံရမှုအပေါ် ပြစ်မှုကျူးလွန်သူကို သေဒဏ် ဒါမှမဟုတ် တစ်သက်တစ်ကျွန်း ချမှတ်စေချင်ပေမယ့် ဘာမှမတတ်နိုင်ဘူးလို့ မမြမြအေးက ပြောပါတယ်။

“ထောင်ဒဏ် နှစ် ၅၀။ ကဘင်ဘူရီတရားရုံးပဲ။ ကျေနပ်တာတော့ မရှိပါဘူး။ ဒါပေမဲ့ ဘာမှ မလုပ်နိုင်ဘူး။ ကျမတို့က သူ့ကို သေဒဏ် ဒါမှမဟုတ် တစ်သက်တစ်ကျွန်း အဲလိုပေါ့နော်။ ကျမတို့ညီမကို သတ်သွားတဲ့သူဆိုတော့ ကျမတို့က ကျေနပ်ပေးလို့ အဆင်မပြေဘူး။ ကျမတို့က ထိုင်းစကားလည်း နားမလည်၊ အခက်အခဲတွေ အများကြီးရှိတယ်။ ကျမတို့ ကျေနပ်တာက တစ်သက်တစ်ကျွန်း နှစ်ခုထဲက တစ်ခုဖြစ်စေချင်တယ်။ ရွှေ့ပြောင်းလုပ်သားတွေလည်း ဖြစ်နေတဲ့အတွက် ကျမတို့အတွက် အခက်အခဲတွေ အများကြီးရှိတယ်”

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့က ထိုင်းနိုင်ငံ၊ ပရာကျင်ဘူရီခရိုင်၊ ကဘင်ဘူရီမြို့နယ် ဘန်းခလောင် ကလန်ကဘွန်ကျေးရွာအုပ်စုမှာ အလုပ်လုပ်ကိုင်နေတဲ့ အသက် ၂၁ နှစ်အရွယ် ကယန်းအမျိုးသမီး မမြင့်မြင့်ခိုင်ကို အသက် ၂၇ နှစ်အရွယ် ထိုင်းအမျိုးသား Boonlai Buarman က အဓမ္မပြုကျင့်ပြီး သတ်ခဲ့တဲ့အမှုအပေါ် အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်။

ကဘင်ဘူရီတရားရုံးမှာ အမိန့်ချချိန်မှာ ပြစ်မှုကျူးလွန်သူ တက်ရောက်လာခြင်းမရှိဘဲ ဗီဒီယိုကတစ်ဆင့် ကြားနာခဲ့တယ်လို့ ဆိုပါတယ်။ မြန်မာသံရုံးက တာဝန်ရှိသူ ဦးလင်းမြတ်၊ ဥပဒေအကြံပေးရှေ့နေ ဦးအောင်မျိုးသန့်နဲ့ ထိုင်းရှေ့နေတို့ တက်ရောက်ခဲ့တယ်လို့ မမြမြအေးက ပြောပါတယ်။

ဒီအမှုက ထင်ရှားနေတာဖြစ်လို့ သေဒဏ်ပေးရမှာဖြစ်ပေမယ့် ထိုင်းနိုင်ငံရဲ့ဥပဒေ ပုဒ်မ ၇၈ အရ တရားခံကလည်း အမှုစစ်ကာလတစ်လျှောက်လုံးမှာ ဝန်ခံတဲ့အတွက် ပြစ်ဒဏ်တစ်ဝက် လျှော့ပေးတာဖြစ်တယ်လို့ ရှုမြင်ကြောင်း မြန်မာသံရုံးက တာဝန်ရှိသူတွေနဲ့အတူ အမှုကို လိုက်ပါကူညီပေးနေတဲ့ ဥပဒေအကြံပေးရှေ့နေ ဦးအောင်မျိုးသန့် က ပြောပါတယ်။

“နှစ် ၅ဝ။ အမှန်ကတော့ အမှုတွဲမှာ အမိန့်ချတာကတော့ သေဒဏ်ပါတယ်။ သေဒဏ်ပါပေမယ့် အမှုစစ်တဲ့ တောက်လျှောက်လုံးမှာ တရားခံက သူမှားကြောင်း ဝန်ခံတယ်လေ။ ဝန်ခံတဲ့အတွက်ကြောင့်မို့လို့ ထိုင်းနိုင်ငံ ဥပဒေပုဒ်မ ၇၈ အရ သူက သေဒဏ်ကို တရားသူကြီးစီရင်ထုံးအရ အနည်းဆုံး ထက်ဝက်ထက် မများတဲ့ ပြစ်ဒဏ်လျှော့လို့ ရတယ်။ အဲ့ဒီအခါမှာ ထောင်ဒဏ် နှစ် ၅၀ ဖြစ်သွားတာ”

မမြင့်မြင့်ခိုင်သေဆုံးမှုနဲ့ ပတ်သက်လို့ နစ်နာကြေးရဖို့ နောက်ထပ် ၁၅ ရက်လောက်အကြာမှာ အမိန့်စာနဲ့အတူ နစ်စာကြေး စာရွက်စာတမ်းတွေ ပူးတွဲတင်မှာ ဖြစ်တယ်လို့ ဦးအောင်မျိုးသန့်က ပြောပါတယ်။

သေဆုံးသူ မမြင့်မြင့်ခိုင်အတွက် နစ်နာကြေးအဖြစ် တစ်လ ဘတ်ငွေ ၅ဝဝဝ ကို နှစ်ပေါင်း ၄ဝ စာ တောင်းခံသွားဖို့ မြန်မာသံရုံးတာဝန်ရှိသူတွေ၊ မြန်မာရှေ့နေ၊ ထိုင်းရှေ့နေတွေ ပါဝင်တဲ့အဖွဲ့က စီစဉ်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

image.jpg
၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့က ထိုင်းနိုင်ငံ၊ ပရာကျင်ဘူရီခရိုင်၊ ကဘင်ဘူရီမြို့နယ်တွင် အသတ်ခံခဲ့ရသူ ကယန်းအမျိုးသမီး မမြင့်မြင့်ခိုင်။ (Photo: Citizen Journalist)

ပြစ်မှုကျူးလွန်သူ တရားခံ ထိုင်းအမျိုးသားကို လူသတ်မှု၊ မုဒိမ်းမှုအပါအဝင် ပုဒ်မ ၆ ခုနဲ့ တရားစွဲဆိုခဲ့တာပါ။ သူ့ကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ အမှုတွဲတင်ခဲ့ပြီး သြဂုတ်လ ၂ ရက်နေ့မှာ အပြီးသတ်အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့က ထိုင်းနိုင်ငံ ပရာကျင်ဘူရီခရိုင်မှာ အလုပ်လုပ်ကိုင်နေတဲ့ မမြင့်မြင့်ခိုင် ကို ထိုင်းအမျိုးသား Boonlai Buarman က အတင်းအဓမ္မ ခေါ်ဆောင်သွားပြီး ၅ ရက်အကြာ နိုဝင်ဘာလ ၁၈ ရက်နေ့မှာ မမြင့်မြင့်ခိုင်ရဲ့ အလောင်းကို ပြန်တွေ့ခဲ့သလို ထိုင်းအမျိုးသားကိုလည်း ပုန်းရှောင်နေရာကနေ ဖမ်းဆီးမိခဲ့တာ ဖြစ်ပါတယ်။

မမြင့်မြင့်ခိုင်ရဲ့ မီးရှို့ခံရပြီးကျန်ခဲ့တဲ့အရိုးကို DNA စစ်ဆေးခဲ့ပါတယ်။ ကျန်နေတဲ့အရိုးကို သဂြိုဟ်ခဲ့ပြီးတဲ့နောက် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့မှာ မမြင့်မြင့်ခိုင်အတွက် တရားမျှတမှု ရရှိဖို့ ထိုင်းရောက်မြန်မာအလုပ်သမားတွေ ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့မှာ ဆန္ဒပြခဲ့ပါတယ်။

မမြင့်မြင့်ခိုင်ဟာ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် မိုးဗြဲနယ်က ကယန်းတိုင်းရင်းသူဖြစ်ပြီး တရားခံ ထိုင်းအမျိုးသားဟာ မမြင့်မြင့်ခိုင်နဲ့အတူ ငါးဖမ်းပိုက်ကွန်စက်ရုံမှာ မီးပြင်ဆရာအဖြစ် လုပ်ကိုင်သူ ဖြစ်ပါတယ်။ သူ့ကိုဖမ်းဆီးရခဲ့ပြီးနောက် ကဘင်ဘူရီ အချုပ်ခန်းမှာ ထိန်းသိမ်းချုပ်နှောင်ထားခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။