အထောက်အထားမဲ့ မြန်မာကလေးတိုင်း ကျောင်းတွေမှာလက်ခံဖို့ ထိုင်းအစိုးရညွှန်ကြား

RFA Burmese
2024.03.15
အထောက်အထားမဲ့ မြန်မာကလေးတိုင်း ကျောင်းတွေမှာလက်ခံဖို့ ထိုင်းအစိုးရညွှန်ကြား ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ ကျောင်းတစ်ကျောင်းတွင်တွေ့ရသည့် ကျောင်းသူ ကျောင်းသားများ။
RFA

ထိုင်းနိုင်ငံကိုရောက်နေတဲ့ မြန်မာနိုင်ငံက အထောက်အထားမဲ့ကလေးတွေအပါအဝင် ဘယ်လိုကလေး မဆိုကို လာမယ့်စာသင်နှစ်အတွက် သက်ဆိုင်ရာနယ်မြေက အစိုးရကျောင်းတွေမှာ လက်ခံကြဖို့ ထိုင်းနိုင်ငံအခြေခံပညာရေးကော်မရှင် The Basic Education Commission (OBEC) နဲ့ ထိုင်းပညာရေးဝန်ကြီးဌာန Ministry of Education (MOE) တို့က စာထုတ်ညွှန်ကြားထားပါတယ်။

အထောက်အထားရှိရှိ၊ မရှိရှိ ကလေးတိုင်း အစိုးရကျောင်းတွေမှာ မူလတန်းကနေ ၉ တန်းအထိ ပညာသင်ခွင့်ရှိတယ်ဆိုတဲ့မူဝါဒကို ၂၀၀၅ ခုနှစ် ဇူလိုင် ၅ ရက်ကတည်းက ထိုင်းအစိုးရက အတည်ပြုပြဌာန်းခဲ့တာပါ။

ဒါကလည်း ကျန်းမာရေးနဲ့ လူမှုဖူလုံရေးပိုင်းတွေမှာ ကလေးတွေဟာ လူမျိုးအရဖြစ်ဖြစ်၊ နိုင်ငံအရဖြစ်ဖြစ် ခွဲခြားဆက်ဆံမှုမရှိစေရဆိုတာကို လိုက်နာအကောင်အထည်ဖော်တာဖြစ်ပါတယ်။ ကျောင်းသားတွေအတွက် ကုန်ကျစရိတ်ကို အစိုးရက ပြန်ပေးမယ်လို့ ချမှတ်ထားပါတယ်။

ဒါပေမဲ့ တချို့ကျောင်းတွေက အထောက်အထားမဲ့ကလေးငယ်တွေကို လက်ခံဖို့ ငြင်းဆန်တာတွေရှိပါ တယ်။

ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ်၊ ဩဂုတ်လဆန်းပိုင်းက ထိုင်းနိုင်ငံ၊ အန်ထော်ခရိုင် ထိုင်းရတ်ဝစ်ထယ (Thairath Wittaya) အမှတ် ၆ စာသင်ကျောင်းမှာတက်နေတဲ့ မြန်မာနိုင်ငံက အထောက်အထားမဲ့ကလေး ၁၂၆ ယောက် နေရပ်ပြန်ပို့ခံရတဲ့ကိစ္စဖြစ်ပြီးတဲ့နောက်မှာ ထိုင်းအစိုးရက ထပ်ညွှန်ကြားလာတာလို့ ထိုင်းနိုင်ငံ တောင်ပိုင်းမှာအခြေစိုက်ထားတဲ့ ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) ရဲ့ အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်ကသုံးသပ်ပါတယ်။

“မကြာသေးခင်က ထုတ်ပြန်တဲ့ကျောင်းအပ်လက်ခံပေးပါဆိုတဲ့ ထုတ်ပြန်ချက်ဟာ အသစ်တော့မဟုတ်ဘူး။ ၂၀၀၅ ခုနှစ် ကတည်းက Education for All ပညာရေးသည်အားလုံးအတွက်ဖြစ်ရမယ်ဆိုတဲ့ ပေါ်လစီပါ။ အဲတာကို လွှတ်တော်ကလည်း အတည်ပြုပြဌာန်းထားပြီး ဖြစ်ပါတယ်။ အဲဒီကတည်းက အတည်ပြုခဲ့တဲ့ ပေါ်လစီပဲ။ ဒါပေမယ့် ပြဿနာက ထိုင်းနိုင်ငံထဲမှာရှိတဲ့ တချို့ပြည်နယ်၊ မြို့ရွာတွေမှာရှိတဲ့ အစိုးရ ကျောင်းတွေက ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ကလေးငယ်တွေကို (ကျောင်းတက်ဖို့/ ကျောင်းအပ် လက်ခံဖို့) ငြင်းဆိုမှုတွေရှိခဲ့တယ်”

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ ကျောင်းတစ်ကျောင်းတွင်တွေ့ရသည့် ကျောင်းသူ ကျောင်းသားများ။
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ ကျောင်းတစ်ကျောင်းတွင်တွေ့ရသည့် ကျောင်းသူ ကျောင်းသားများ။

ရွှေ့ပြောင်းကလေးတွေမှာ ထိုင်းမွေးစာရင်းမရှိလို့ အထောက်အထားမဲ့နေရင် ကိုယ်ရောက်နေတဲ့ဒေသက အုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံစာယူပြီး ထိုင်းကျောင်းတွေမှာ ကျောင်းအပ်နိုင်တယ်လို့လည်းတိုက်တွန်း ထားပါတယ်။

အထောက်အထားမဲ့ မြန်မာကလေးတွေကို ထိုင်းကျောင်းအပ်တဲ့အခါမှာ အသက် ၇ နှစ်အောက် ကလေးငယ်တွေပဲအဆင်ပြေပေမဲ့ အဲဒီအသက်ထက်ကြီးသွားတဲ့ ကလေးတွေအတွက်တော့ အသက်အရွယ် ကွာဟမှု၊ ဘာသာစကားအခက်အခဲနဲ့ ကျောင်းသားဦးရေ များနေတာတွေကြောင့် လက်မခံတာတွေရှိတယ်လို့ မဲဆောက်မြို့က ကျောင်းသားမိဘတစ်ယောက်ဖြစ်တဲ့ မမော်လေးက RFA ကိုပြောပါတယ်။

“နောက်တစ်ခုက ကလေးတွေကို မင်းတို့က လောလောဆယ်မှာ အခြေခံထိုင်းစာ၊ ထိုင်းစကားမရတဲ့အတွက် အခုတော့လက်မခံသေးဘူး။ Placement Test ဖြေပြီးတော့ မင်းတို့နဲ့ကိုက်ညီတဲ့အတန်းမှာ ထားလို့ရတယ်ဆိုတဲ့ လမ်းဖွင့်ပေးထားတာတော့ရှိတယ်။ အဲဒီလမ်းကြောင်းကိုတော့ ဟိုးအရင်ကတည်းကရှိနေတဲ့ ရွှေပြောင်းအလုပ်သမားတွေရော၊ အခုနိုင်ငံရေးကြောင့်ပြောင်းရွှေ့လာရတဲ့သူတွေရောက ဒီအခြေအနေကို လက်လှမ်းမမှီကြဘူး။ မိဘတွေကိုယ်တိုင်က ကျောင်းရဲ့အခြေအနေကို သေချာသိဖို့၊ ဘာသာစကားအခက်အခဲတွေနဲ့ တရားမဝင်နေထိုင်ရတဲ့အတွက် ဒီလိုအခက်အခဲတွေရှိတယ်”

ထိုင်းပညာရေးဝန်ကြီးဌာနက အထောက်အထားမရှိတဲ့ ကလေးတွေပညာရေးအတွက် လမ်းဖွင့်ပေးတာ ကို ကျေးဇူးတင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုး (NUG) ရဲ့ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်ဂျာထွယ်ပန်က RFA ကိုပြောပါတယ်။

“လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေကတည်းက ထိုင်းနယ်စပ်မှာရှိတဲ့ တိုင်းရင်းသားတွေက ဒီလိုမျိုးနယ်စပ် ကျောင်းတွေမှာပဲတက်ပြီးမှ ထိုင်းရဲ့ပညာရေးစနစ်ကို တက်ရောက်ခဲ့ကြတဲ့သူတွေရှိတယ်၊ တက်ရောက်ဖို့ ကြိုးစားခဲ့ကြသူတွေရှိတယ်။အခု အာဏာသိမ်းပြီးနောက်ပိုင်းကျတော့ ပိုပြီးမှ နယ်စပ်ရောက် ကလေးသူငယ်တွေ၊ ထိုင်းရောက်ရွှေ့ပြောင်းကလေးသူငယ်တွေအတွက်ရော တာဝန်ယူပေးဖို့၊ အခွင့်အရေးတွေလမ်းဖွင့်ပေးဖို့လိုအပ်လာတာဖြစ်ပါတယ်။ ခုလိုလမ်းဖွင့်ပေးဖို့ ပိုပြီးတိုက်တိုက်တွန်းတွန်းလုပ်ပေးတဲ့အတွက် ကျေးဇူးတင်တယ်လို့ ရှေးဦးစွာပြောချင်ပါတယ်”

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ ကျောင်းတစ်ကျောင်းတွင် တက်ရောက်နေကြသည့် မြန်မာကလေးငယ်များအား ၂၀၂၂ ခုနှစ် ဇွန်လ ၁ ရက်နေ့က တွေ့ရစဉ်။ (Photo : Suntorn Chongcharoen/BenarNews)
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ ကျောင်းတစ်ကျောင်းတွင် တက်ရောက်နေကြသည့် မြန်မာကလေးငယ်များအား ၂၀၂၂ ခုနှစ် ဇွန်လ ၁ ရက်နေ့က တွေ့ရစဉ်။ (Photo : Suntorn Chongcharoen/BenarNews)

ဒါ့အပြင် မြန်မာရွှေ့ပြောင်းကျောင်းသူ၊ ကျောင်းသားတွေနဲ့ ပတ်သက်ပြီး ပိုပြီးကောင်းမွန်တဲ့ အစီအမံတွေလုပ်နိုင်အောင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အနေနဲ့ ထိုင်းပညာရေးဝန်ကြီးဌာန၊ ထိုင်းအစိုးရနဲ့ ပူပေါင်းဆောင်ရွက်ဖို့ အဆင်သင့်ရှိတယ်လို့ဆိုပါတယ်။

ထိုင်းနိုင်ငံတစ်ဝန်းမှာ ပညာသင်နေတဲ့ မြန်မာနိုင်ငံကရွှေ့ပြောင်းကလေးငယ် အရေအတွက် လေးသိန်းလောက် ရှိနိုင်တယ်လို့လည်း ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) ကပြောပါတယ်။

ထိုင်းနိုင်ငံမှာ အသက် ၆ နှစ်ကနေ ၁၂ နှစ်အထိ တစ်တန်းကနေ ခြောက်တန်းသင်ရမှာဖြစ်ပြီး မူလတန်းအဆင့် ဖြစ်ပါတယ်။ အသက် ၁၃ နှစ်ကနေ ၁၅ နှစ်အထိကို ခုနှစ်တန်းကနေ ကိုးတန်းအထိသင်ရမှာ ဖြစ်ပြီး အလယ်တန်းအဆင့်ဖြစ်ပါတယ်။ အသက် ၁၆ နှစ်ကနေ ၁၈ နှစ်အထိကို ဆယ်တန်းကနေ ဆယ့်နှစ်တန်းအထိသင်ရပြီး အထက်တန်းအဆင့်ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။