ထိုင်းကပြန်ပို့တဲ့ မြန်မာလူငယ်တွေ စစ်မှုထမ်းဖို့ အကျပ်ကိုင်ဖမ်းဆီးခံနေရ

RFA Burmese
2024.10.17
ထိုင်းကပြန်ပို့တဲ့ မြန်မာလူငယ်တွေ စစ်မှုထမ်းဖို့ အကျပ်ကိုင်ဖမ်းဆီးခံနေရ ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံရသည့် မြန်မာရွှေ့ပြောင်းလုပ်သားများအား မြန်မာနိုင်ငံဘက်သို့ လွှဲပြောင်းပေးနေသည်ကို စစ်ကောင်စီ၏ ပြန်ကြားရေးဝန်ကြီးဌာနမှ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့မှာ ထုတ်ပြန်ထားစဉ်။
Ministry of Information

ထိုင်းနိုင်ငံမှာ တရားမဝင်နေထိုင်လို့ အဖမ်းခံ၊ ထောင်ကျပြီး ရနောင်းအကျဉ်းထောင်ကနေ ပြန်လွတ်တဲ့ မြန်မာအလုပ်သမားတွေဟာ ကော့သောင်းဆိပ်ကမ်းမှာပဲ စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်ခံရတာ ငါးကြိမ်လောက်ရှိနေပြီး၊ တချို့က အဲဒီကနေလွတ်အောင် ငွေသိန်းနဲ့ချီ ပေးနေရတယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။

ကာယကံရှင်နဲ့ မိသားစုရဲ့လုံခြုံရေးအရ ကိုမင်းထွန်းလို့ ဒီသတင်းမှာနာမည်လွှဲထားတဲ့ အသက် ၃၀ အရွယ် အမျိုးသားတစ်ယောက်ဟာ ကော့သောင်းကို ပြန်ပို့ခံရတဲ့အချိန်မှာ စစ်မှုထမ်းဖို့ အဖမ်းခံရတဲ့အတွက် သူပြန်လွတ်အောင် ထိုင်းဘတ်ငွေ ခုနစ်သောင်း၊ မြန်မာငွေနဲ့ဆိုရင် သိန်းတစ်ရာလောက် ကုန်လိုက်တယ်လို့ မိသားစုဝင်တစ်ယောက်က ပြောပါတယ်။

“တောမောင်းရုံး (ထိုင်းလဝကရုံး) က ကော့သောင်းကိုပို့တယ်။ ကော့သောင်းမှာ ယူမရလို့ စစ်မှုထမ်းကို ပါသွားတယ်။ စစ်မှုထမ်းကိုပါသွားတဲ့အတွက် အကူအညီတောင်းပြီး ထုတ်ခိုင်းရတယ်။ စုစုပေါင်း ဘတ် ခုနစ် သောင်းကျတယ်။ တကယ်တမ်းတော့ ပိုက်ဆံမရှိဘူး။ ချေးငှားပြီး ထုတ်ရတယ်”


ဆက်နွှယ်သောသတင်းများ

ရနောင်းထောင်က ပြန်ပို့တဲ့ မြန်မာတစ်ရာကျော် စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်ခံရ

ထိုင်းမှာ သုံးလကျော်အတွင်း မြန်မာအလုပ်သမား နှစ်သိန်းနီးပါး အဖမ်းခံရ

စက်တင်ဘာလအတွင်း ဖမ်းဆီးခံရတဲ့ မြန်မာအလုပ်သမား လေးရာကျော် ပြန်ပို့ခံရ


အခုလို စစ်မှုထမ်းအတွက် အဓမ္မလူစုခံရတဲ့ဖြစ်ရပ်တွေ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၆ ရက်နေ့ကလည်း ရှိခဲ့ပါတယ်။ အဲဒီနေ့က ရနောင်းခရိုင်အာဏာပိုင်တွေက မြန်မာအမျိုးသမီး၊ အမျိုးသား ၁၂၇ ယောက် ကို ကော့သောင်းက မြန်မာအာဏာပိုင်တွေဆီ လွှဲပေးလိုက်တဲ့အခါ သူတို့ကို တရားမဝင်နယ်ကျော်မှုနဲ့ အကျပ်ကိုင်ပြီး စစ်ကောင်စီက ခေါ်သွားတယ်လို့ ရနောင်းမြို့အခြေစိုက် မိတ္တသဟာယ နာရေးကူညီမှု အသင်း (SAFWA) ဥက္ကဋ္ဌ ကိုသားကျော်က ပြောပါတယ်။

“နိုင်ငံခိုးကျော်မှုနဲ့ ထောင်ကျခံမလား။ စစ်တပ်၀င်မလား အဲလိုပြောတာ။ စစ်မှုထမ်းရမယ်။ တစ်ယောက်ကို နှစ်နှစ်ကြာမယ်ဆိုပြီးခေါ်တယ်”

သူတို့ကို ကော့သောင်းမြို့အခြေစိုက် ခြေလျင်တပ်ရင်း ခလရ (၂၆၂) ကို ခေါ်သွားတာလို့ပြောပါတယ်။

မန္တလေးတိုင်း၊ ပြည်သူ့စစ်မှုထမ်းအမှတ်စဥ် (၄) သင်တန်းတက်‌ရောက်ရန် လာရောက်ကြသူများအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့က တွေ့ရစဉ်။ (Telegram/ ပြည်သူ့စစ်မှုထမ်းများ စုစည်းရာ)
မန္တလေးတိုင်း၊ ပြည်သူ့စစ်မှုထမ်းအမှတ်စဥ် (၄) သင်တန်းတက်‌ရောက်ရန် လာရောက်ကြသူများအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့က တွေ့ရစဉ်။ (Telegram/ ပြည်သူ့စစ်မှုထမ်းများ စုစည်းရာ)

အဲဒီလို စစ်မှုထမ်းဖို့စုဆောင်းခံရတဲ့အခါ တချို့က ငွေနဲ့ထုတ်လို့ပြန်လွတ်နိုင်ခဲ့သလို၊ ငွေနဲ့မထုတ်နိုင်တဲ့သူတွေ သင်တန်းအပို့ခံရပါတယ်။ အဲဒီလိုစစ်မှုထမ်းဖို့ ခေါ်ဆောင်ခံသူတွေနဲ့ အဆက်အသွယ်မရတော့လို့ မိသားစုတွေ စိတ်ပူနေကြပါတယ်။

“ဒီဘက် (ထိုင်းနိုင်ငံ) မှာ အထောက်အထားမရှိတော့ ဈေး၀ယ်ထွက်ချိန် အဖမ်းခံရတယ်။ ပြီးတော့ နှစ်လ ထောင်ကျပြီးတော့ ထိုင်းဘက်ကနေပြီး မြန်မာပြည်ပို့လိုက်တဲ့အချိန်မှာ ကော့သောင်းမှာ လာထုတ်တဲ့သူမရှိလို့ ( ၂၆၂ ) ဆိုတဲ့ တပ်ရင်းကို ပို့လိုက်တယ်။ လေယာဉ်နဲ့တင်သွားတယ်လို့လည်း ပြောတယ်။ လှေနဲ့ခေါ်သွား တယ်လို့လည်း ပြောတယ်။ ဘာမှန်းမသိရသေးဘူး”

ပြီးခဲ့တဲ့ ဇူလိုင်လ ၃၀ ရက်နေ့မှာလည်း ရနောင်းထောင်ကနေလွတ်ပြီး ပြန်ပို့လိုက်တဲ့သူ ၁၅၀ ကျော်ထဲ က ၂၃ ယောက်နဲ့ ဩဂုတ်လ ၇ ရက်နေ့မှာပြန်ပို့တဲ့ ၁၂၀ ကျော်ထဲက ၄၈ ယောက်ကို စစ်မှုထမ်းသင်တန်း အတွက် စစ်ကောင်စီက ဖမ်းခေါ်သွားပါတယ်။ သူတို့လိုအဖမ်းခံရတဲ့လူတွေကို အရင်ကတော့ ကော့သောင်းမြို့ခံဆိုတာ အိမ်ထောင်စုစာရင်းပြနိုင်ရင် ပြန်လွှတ်ပေးခဲ့ပေမဲ့ အခုတော့ ပြန်လွှတ်မပေးတော့ဘူးလို့ မြို့ခံတွေက ပြောပါတယ်။

"စစ်မှုထမ်းကိုပါသွားတဲ့အတွက် အကူအညီတောင်းပြီး ထုတ်ခိုင်းရတယ်။ စုစုပေါင်း ဘတ် ခုနစ်သောင်းကျတယ်။ တကယ်တမ်းတော့ ပိုက်ဆံမရှိဘူး။ ချေးငှားပြီး ထုတ်ရတယ်”

ဒါကြောင့် ရနောင်းထောင်ကနေလွတ်ပြီး ပြန်ပို့ခံရတဲ့ မြန်မာလူငယ်တွေကို စစ်မှုထမ်းဖို့ စစ်ကောင်စီက ဖမ်းဆီးတာ အခုဆို ငါးကြိမ်လောက်ရှိနေပြီလို့ ပြောကြပါတယ်။

ဒီလုပ်ရပ်တွေအတွက် စစ်ကောင်စီကို နိုင်ငံတကာက အရေးယူဖို့လိုတယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ထောက်ပြပါတယ်။

“ဥပဒေဘောင်ထဲကကြည့်မယ်ဆိုရင်လည်း ဒါက လုံးဝလက်ခံနိုင်စရာမရှိဘူး။ နိုင်ငံတကာစံချိန် စံညွှန်းနဲ့လည်း မကိုက်ညီဘူး။ အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ စစ်ကောင်စီကို မဆိုင်းမတွ ထိရောက်တဲ့ပိတ်ဆို့မှုတွေလုပ်ဖို့ တောင်းဆိုပါတယ်”

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌရုံးကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတဲ့သူမရှိပါဘူး။

ထိုင်းမှာ အကြောင်းအမျိုးမျိုးနဲ့ အဖမ်းခံရပြီးလွတ်လာတဲ့ မြန်မာအလုပ်သမား ၄၀၅ ယောက်ကို စက်တင်ဘာလထဲမှာ ပြန်ပြီးလက်ခံခဲ့တယ်လို့ စစ်ကောင်စီက အခုအောက်တိုဘာလဆန်းပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။

အထောက်အထားမဲ့ မြန်မာပြည်သူတွေကို ဖမ်းပြီးပြန်ပို့တာဟာ မြန်မာစစ်တပ်အတွက် စစ်မှုထမ်းဖို့ ပို့ပေးနေသလို ဖြစ်နေတယ်လို့ မြန်မာနိုင်ငံသားတွေကို ကူညီကယ်ဆယ်ပေးဖို့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က ထိုင်းအစိုးရကို စက်တင်ဘာ ၂၃ ရက်နေ့မှာ တိုက်တွန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။