မြန်မာကျောင်းသားထောင်ချီ ထိုင်းပညာရေးဗီဇာရဖို့ အခက်တွေ့နေ
2024.06.24
ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့က မဟာချူလာလောင်ကွန်း ဗုဒ္ဓတက္ကသိုလ်ရဲ့ English for Teachers Program ကို မြန်မာကျောင်သား ခြောက်ထောင်ကျော် အပ်နှံထားပြီး အဲဒီကျောင်းသားတွေ ဗီဇာရဖို့ ခက်ခဲနေကြပါတယ်။
ဒီကျောင်းက တစ်ယောက်ကို ကျောင်းလခ ဘတ် ၁၃,၀၀၀ နှုန်းနဲ့ ကျောင်းသားပေါင်း ခြောက်ထောင်ကျော်ကို မတ်လကနေ ဧပြီလအတွင်း လက်ခံခဲ့တာပါ။
ဒါပေမဲ့ အဲဒီကျောင်းက တရားဝင်စာရွက်စာတမ်းနဲ့ ထိုင်းနိုင်ငံ လူဝင်မှု ကြီးကြပ်ရေးဌာန (လဝက) မှာ ဗီဇာလျှောက်တဲ့အခါ အခက်တွေ့နေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျောင်းသူတစ်ဦးက ပြောပါတယ်။
"အစကတော့ Immigration (အယုဒ္ဓယ လူဝင်မှုကြီးကြပ်ရေး) က ငါးယောက်လောက် အရင်ဝင်ခဲ့၊ သူတို့ ရ၊ မရ ပြန်ပြောမယ်ပေါ့။ ဒီကျောင်းသားစာရင်းတွေ သူတို့ကို Inform (အသိပေးထားတာ) လုပ်ထားတာ မရှိဘူးပေါ့။ Immigration ဘက်ကလည်း ကျောင်းဘက်ကို ဆက်သွယ်ပါမယ်ဆိုပြီးတော့ ကျောင်းသားတွေအကုန်လုံးကို ပြန်ခိုင်းတယ်။ ချက်ချင်းမှာ ကျောင်းသားတွေက လူစုမကွဲဘူး။ နှစ်ရာကျော်လောက်လူတွေက လူစုမကွဲတဲ့အခါ သူတို့က ရဲခေါ်ပြီး လူစုခွဲမယ်ဆိုတာအထိ ဖြစ်ခဲ့တယ်။ ရဲခေါ်မယ်ဆိုတော့ လူတွေက ပြန်ခဲ့တာပေါ့ကွယ်"
မဟာချူလာလောင်ကွန်း ဗုဒ္ဓတက္ကသိုလ်ဘက်က ကျောင်းသားတွေ ဗီဇာအတွက် လဝကမှာ လျှောက်ထားနိုင်ပြီလို့ ပြောထားတဲ့ ဇွန်လ ၄ ရက်နေ့မှာပဲ ဒီလိုကြုံခဲ့ကြရတာလို့ သူက ဆိုပါတယ်။
အဲဒီနောက်မှာလည်း ကျောင်းက တာဝန်ယူဖြေရှင်းပေးတာမရှိဘဲ ပညာရေးဗီဇာရနိုင်ဖို့အတွက် ထိုင်းနိုင်ငံပြင်ပဖြစ်တဲ့ လာအို၊ ကမ္ဘောဒီးယားနဲ့ မြန်မာအပါအဝင် အိမ်နီးချင်းနိုင်ငံတွေက ထိုင်းသံရုံးနဲ့ ကောင်စစ်ဝန်ရုံးတွေမှာ လျှောက်ထားဖို့သာ တုံ့ပြန်ပြောခဲ့တယ်လို့ သူက ဆိုပါတယ်။
ဒီမတိုင်ခင်ကလည်း ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ကနေ ဒီကျောင်းမှာ အပ်နှံထားတဲ့ ကျောင်းသားတွေကို နိုင်ငံပြင်ပမှာ ဗီဇာလျှောက်ကြဖို့ ကျောင်းဘက်က ပြောခဲ့ဖူးပါတယ်။
ဒီအတွက် ကျောင်းသားအများစုဟာ သွားလာစရိတ် သက်သာနိုင်မဲ့ လာအိုနိုင်ငံ ဗီယမ်ကျင်းမြို့က ထိုင်းသံရုံးနဲ့ ထိုင်းနယ်စပ်နဲ့ နီးတဲ့ စူဗန်နခက်မြို့က ထိုင်းကောင်စစ်ဝန်ရုံးမှာ ပညာရေးဗီဇာလျှောက်ထားဖို့ တန်းစီ လျှောက်ထားနေရတဲ့အကြောင်းကို မေလ ၂၃ ရက်နေ့မှာ RFA က ဓာတ်ပုံနဲ့တကွ သတင်းဖော်ပြခဲ့ဖူးပါတယ်။
ထိုင်းနိုင်ငံပြင်ပကနေ ပညာရေးဗီဇာလျှောက်ထားရာမှာတော့ သုံးလဗီဇာ ရရှိနိုင်ပြီး နောက်ထပ် တစ်နှစ်စာ ဗီဇာအတွက်တော့ မသေချာနိုင်ဘူးလို့ ကမ္ဘောဒီးယားနိုင်ငံကို ထွက်ပြီး ပညာရေးဗီဇာ လျှောက်နေတဲ့ ကျောင်းသားတစ်ဦးက ပြောပါတယ်။
"ပြည်ပကိုထွက်ပြီး လုပ်မယ်ဆိုရင်ကျတော့ ကျောင်းက Recommendation Letter (ထောက်ခံစာ) ထုတ်ပေးတယ်။ ထုတ်ပေးတော့ ကမ္ဘောဒီးယားမှာ ကျွန်တော်က ED Visa လာလျှောက်လိုက်တာပေါ့ဗျာ၊ လောလောဆယ်မှာ။ လျှောက်လို့ရခဲ့ရင် ကျွန်တော်က သုံးလရမယ်။ သုံးလပြီးရင် ကျောင်းကနေပြီးတော့ အဲဒီလိုထောက်ခံစာ နောက်တစ်စောင် ထပ်ထုတ်ပေးရမယ်။ အဲဒီထောက်ခံစာနဲ့ လူဝင်မှုကြီးကြပ်ရေးကိုသွားပြီး တစ်နှစ်တိုးရမှာကိုး။ အခုအချိန်မှာက သုံးလတောင် မသေချာတော့ တစ်နှစ်တိုးဖို့လည်း မသေချာဘူးဗျ"
ပညာရေးဗီဇာအတွက် ထိုင်းနိုင်ငံပြင်ပ ထွက်ခွာရာမှာ စရိတ်အနည်းဆုံးလို့ ပြောကြတဲ့ လာအိုနိုင်ငံ စူဗန်နခက်မြို့အထိ သွားမယ်ဆိုရင်တောင် တစ်ယောက်ကို လမ်းစရိတ်နဲ့ နေစရိတ်၊ စားစရိတ်အပါအဝင် ဘတ် ခုနစ်ထောင်ဝန်းကျင် ကုန်ကျနိုင်တယ်လို့ စူဗန်နခက်မြို့မှာ ပညာရေးဗီဇာလျှောက်ထားဖူးတဲ့ ကျောင်းသားတွေက ပြောပါတယ်။
ထိုင်းနိုင်ငံပြင်ပထွက်ဖို့ ငွေကြေး မတတ်နိုင်တာကြောင့် သူတို့ရဲ့ ဗီဇာသက်တမ်း အကုန်ခံပြီး တရားဝင်နေထိုင်ခွင့်ရမဲ့ ပန်းရောင်ကတ်လုပ်ပြီး အလုပ်လုပ်ဖို့သာ ရွေးချယ်ကြသူတွေလည်း ရှိနေပါတယ်။ ဒီလိုအခြေအနေတွေကြောင့် ကျောင်းကို သွင်းထားတဲ့ ငွေပြန်ပေးဖို့ စာပို့တောင်းဆိုထားတဲ့ ကျောင်းသားတွေလည်း ရှိပါတယ်။
လုံခြုံရေးအရ အမည်မဖော်လို့ ကျောင်းသားတစ်ဦးက "အကုန်လုံးကလည်း အဆင်ပြေနေတဲ့သူတွေ မဟုတ်ကြဘူးဗျ။ တကယ်တမ်းက စစ်မှုထမ်းဥပဒေကြောင့်မို့ ထွက်လာကြတဲ့သူတွေပဲပေါ့လေ။ တရားဝင်နေထိုင်ခွင့်တစ်ခုရဖို့ ကျောင်းအပ်ကြတယ်။ ကျောင်းတွေအနေနဲ့ လည်း သိပြီးသားပေါ့ ပွင့်ပွင့်လင်းလင်းပြောရရင်။ သူတို့ဘက်ကနေ အာမခံမပေးနိုင်ဘူး။ ပထမပြောတော့ တစ်မျိုး၊ အလယ်မှာတစ်မျိုး နောက်ဆုံးကျတစ်မျိုး အဲဒီလိုဖြစ်တဲ့အခါကျတော့ ဒုက္ခရောက်ကြတာပေါ့နော် လူတွေက။ ကျောင်းသား Group တွေထဲမှာ ပြောကြရင်းနဲ့ပဲ Refund (ငွေပြန်အမ်း) တောင်းဖို့ Complain Letter (တိုင်စာ) သဘောမျိုး တင်ထားတယ် ကျောင်းကိုတော့" လို့ ပြောပါတယ်။
ငွေပြန်အမ်းဖို့ တောင်းဆိုထားတဲ့ ကျောင်းသားအယောက် ၂၄၀ အထိရှိပြီး ဒီကျောင်းသားတွေအတွက် ကျောင်းဘက်က စုစုပေါင်း ဘတ် သုံးသန်းကျော် ငွေပြန်ပေးရမှာပါ။
ဒါပေမဲ့ ဇွန်လ ၁၇ ရက်နေ့မှာ ကျောင်းတာဝန်ရှိဘုန်းကြီးတစ်ပါးက … အယုဒ္ဓယ မဟာချူလာလောင်ကွန်း ဗုဒ္ဓတက္ကသိုလ်ဟာ ဗီဇာလုပ်ပေးတာ မဟုတ်တဲ့အတွက် ငွေပြန်အမ်းပေးမှာ မဟုတ်ဘူးလို့ ကျောင်းသူတစ်ဦးကို ခေါ်ပြောခဲ့ကြောင်း ငွေပြန်ရဖို့ တောင်းဆိုထားသူတစ်ဦးက ပြောပါတယ်။
"အကုန်လုံးကလည်း အဆင်ပြေနေတဲ့သူတွေ မဟုတ်ကြဘူးဗျ။ တကယ်တမ်းက စစ်မှုထမ်းဥပဒေကြောင့်မို့ ထွက်လာကြတဲ့သူတွေပဲပေါ့လေ။ တရားဝင်နေထိုင်ခွင့်တစ်ခုရဖို့ ကျောင်းအပ်ကြတယ်"
ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး အယုဒ္ဓယမြို့က မဟာချူလာလောင်ကွန်း ဗုဒ္ဓတက္ကသိုလ်ကို RFA က ဖုန်းနဲ့ဆက်သွယ်ရာမှာလည်း လက်ခံဖြေဆိုတာ မရှိသလို အီးမေးလ်နဲ့ မေးမြန်းထားပေမဲ့လည်း အကြောင်း မပြန်ခဲ့ပါဘူး။
ဒီကျောင်းမှာတက်ရောက်မဲ့ မြန်မာကျောင်းသားတွေကို ဘာကြောင့်လက်မခံလဲဆိုတာနဲ့ပတ်သက်လို့ အယုဒ္ဓယ လူဝင်မှုကြီးကြပ်ရေးဌာန၊ ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးဌာန၊ လာအိုနိုင်ငံ စူဗန်နခပ်မြို့က ထိုင်းကောင်စစ်ဝန်ရုံးတို့ကို RFA က ဇွန်လ ၁၄ ရက်နေ့ကတည်းက အီးမေးလ်ပို့ပြီး မေးမြန်းခဲ့ပေမဲ့လည်း အကြောင်းမပြန်ပါဘူး။
အယုဒ္ဓယမြို့က မဟာချူလာလောင်ကွန်း ဗုဒ္ဓတက္ကသိုလ်ဟာ English for Teachers Program ကို ကြော်ငြာခဲ့စဉ်က ဘတ် ၁၃,၀၀၀ သာ ကုန်ကျမှာဖြစ်ပြီး စနေ၊ တနင်္ဂနွေရက်တွေမှာ အွန်လိုင်းကနေ သင်ယူနိုင်တဲ့ တစ်နှစ်စာ Program အဖြစ် ဖော်ပြခဲ့တာဖြစ်ပါတယ်။ လျှောက်ထားလိုသူတွေဟာ မေလ ၂၀ ရက်နေ့အထိ ဗီဇာသက်တမ်းရှိဖို့ လိုအပ်တယ်လို့လည်း ဖော်ပြခဲ့ပါတယ်။
ဒါပေမဲ့ ဗီဇာလျှောက်ထားဖို့ ထောက်ခံစာကိုတော့ မေလ ၂၇ ရက်နေ့မှာ ထုတ်ပေးခဲ့တဲ့အတွက် တစ်လဗီဇာ သက်တမ်းတိုးခဲ့ရသူတွေလည်း ရှိခဲ့တယ်လို့ ကျောင်းသားတွေက ပြောပါတယ်။ လက်ရှိမှာတော့ အဲဒီကျောင်းမှာ ကျောင်းအပ်ထားတဲ့ မြန်မာကျောင်းသားတွေဟာ ပညာရေးဗီဇာ သုံးလရဖို့အတွက် ထိုင်းနိုင်ငံ ပြင်ပထွက်ပြီး ကြိုးစားနေကြသလို ရှိနေတဲ့ ဗီဇာသက်တမ်းအကုန်ခံပြီး ကျောင်းက ပြန်အမ်းလာမဲ့ ငွေကိုမျှော်လင့်ရင်း အလုပ်သမားကတ် ခေါ် ပန်းရောင်ကတ် လျှောက်ဖို့ပဲ စောင့်ဆိုင်းနေသူတွေလည်း ရှိနေပါတယ်။