ထိုင်းကို အသက်နဲ့ရင်းပြီးသွားနေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ပိုများလာ
2024.09.17
မဇင်မျိုးယုဟာ ထိုင်းနိုင်ငံမှာ လစာကောင်းတဲ့ စက်ရုံအလုပ်တစ်ခုရဖို့ လူပွဲစားကို ငွေပေးပြီး မွန်ပြည်နယ်ကတစ်ဆင့် တရားမဝင်သွားခဲ့ပြီးနောက်မှာတော့ အန္တရာယ်တွေ၊ ဒုက္ခတွေအကြောင်း ကောင်းကောင်းကြီး သိလိုက်ရပါတော့တယ်။
“လူတွေမှာက ပိုက်ဆံတစ်ပြားမှ မရှိဘူး။ ဒီတော့ အလိမ်ခံရတာပဲ။ အကုန်သွားရော။ အဲဒီအချိန်ကစပြီး ဒုက္ခစရောက်တော့တာပဲ” လို့ သူမက ပြောပါတယ်။
လူငယ်တစ်ယောက်ဖြစ်တဲ့ မဇင်မျိုးယုဟာ ထိုင်းနိုင်ငံကိုရောက်ဖို့ အမေရိကန်ဒေါ်လာ ၅၉၀ လောက်နဲ့ ညီမျှတဲ့ ထိုင်းဘတ်ငွေနှစ်သောင်း ပေးခဲ့ရပါတယ်။ ထိုင်းနယ်စပ်ကိုဖြတ်ပြီး ဘေးကင်းစိတ်ချရတဲ့နေရာ မရောက်ခင်အထိ ရက်နဲ့ချီပြီး လမ်းမှာအိပ်ခဲ့ရတာပါ။
ခက်ခဲပြီး အန္တရာယ်အများအပြား ကြုံတွေ့ခဲ့ရပေမဲ့၊ တခြားသူတွေက သူ့ထက်ပိုဆိုးတယ် ဆိုတာကို သိခဲ့ရပါတယ်။
“အရင်တုန်းကတော့ ရဲတွေက ကားတွေပေါ်ပါသမျှ အထုပ်တွေ သေတ္တာတွေကိုပဲ ဖွင့်ရှာတတ်တယ်”
ထိုင်းနိုင်ငံတွင်းကို ခိုးဝင်ဖို့ကြိုးစားတဲ့ မြန်မာနိုင်ငံသားတွေကို လမ်းတစ်လျှောက် စစ်ဆေးရေးဂိတ်တွေမှာ ထိုင်းအာဏာပိုင်တွေက စစ်ဆေးပုံကို သူက ပြောပြပါတယ်။
"သူတို့တွေ့သွားပြီဆိုရင် ပြန်ပို့တယ်။ အခုဆို သူတို့က ကုန်ကားတွေကို သံချွန်တွေနဲ့ ထိုးထိုးပြီးစစ်တာ”လို့ ကုန်တင်ကားတွေရဲ့ နောက်ခန်းတွေထဲမှာ တစ်ခါတလေ လူခြောက်ယောက်လောက်အထိ ငါးပိသိပ်ငါးချဉ်သိပ် ဖွက်ပြီးတင်လာတတ်ပုံကိုလည်း သူက ပြောပါတယ်။
“ကိုယ်ပါလာတဲ့ကား စစ်ဆေးခံရပြီဆိုရင်၊ မတော်တဆ သံချောင်းနဲ့ အထိုးခံရနိုင်တယ်။ ဘုရား ဘုရား၊ စိတ်ထဲတောင် တွေးမကြည့်ရဲဘူး"
တောတောင်တွေဖြတ်ကျော်ရလေ အန္တရာယ်ပိုများလာလေ
မြန်မာနိုင်ငံသားတွေအနေနဲ့ ထိုင်းနိုင်ငံမှာ ဘဝသစ်စဖို့ သွားနေကြတာ မျိုးဆက်တစ်ခု မကတော့ပါဘူး။ ဒါပေမဲ့ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ဒီမိုကရေစီရေးဆန္ဒပြပွဲတွေ ဖြိုခွင်းခံရမှုတွေနဲ့ ပြည်တွင်းစစ်ကြောင့် ထိုင်းဖက်ကို သွားကြတဲ့သူတွေ ထုနဲ့ထည်နဲ့ ဖြစ်လာခဲ့ပါတယ်။ ဒီလိုနယ်စပ်ဖြတ်ပြီး ထွက်နေတာကို စစ်ကောင်စီနဲ့ ထိုင်းအာဏာပိုင်တွေက တားဆီးဖို့ ဘယ်လိုပဲကြိုးစားကြိုးစား မရခဲ့ပါဘူး။
ထိုင်းနဲ့မြန်မာ နှစ်နိုင်ငံထိစပ်နေတဲ့ နယ်မြေက မိုင် ၁,၅၀၀ ရှည်ပါတယ်။ စစ်ပွဲတွေ၊ စစ်မှုထမ်းဥပဒေနဲ့ စီးပွားရေးကျပ်တည်းမှုတွေက လွတ်ဖို့အတွက် ရှည်လျားတဲ့ နှစ်နိုင်ငံနယ်စပ်ကိုဖြတ်ပြီး ထိုင်းဘက်ကို ဝင်သွားတဲ့သူ ဘယ်လောက်ရှိနေပြီလဲဆိုတာကို ဘယ်သူမှ အတိအကျ မပြောနိုင်ပါဘူး။ အနည်းဆုံး သိန်းနဲ့ချီပြီး ရှိနေပြီလို့ အလုပ်သမားရေးဆောင်ရွက်သူတွေက ပြောပါတယ်။
အခုနောက်ပိုင်းမှာ မြန်မာလူငယ်တွေ ပြည်ပထွက်မှာကို စစ်ကောင်စီက ပိုပြီးတင်းကျပ်လိုက်ပါတယ်။ နယ်စပ်ဖြတ်ကျော်ဂိတ်တွေ ပိတ်ထားသလို ရွှေ့ပြောင်းအလုပ်သမားတွေအတွက် လိုအပ်မယ့် စာရွက်စာတမ်းကိစ္စတွေကိုလည်း တင်းကျပ်ထားပါတယ်။ ဒါကြောင့် နှစ်ဖက်အာဏာပိုင်တွေရဲ့ အုပ်ချုပ်ရေး လက်လှမ်းမမီနိုင်တဲ့ တောတောင်တွေကနေသွားဖို့ ရွေးချယ်လာကြပါတယ်။
မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တစ်လျှောက်က တောတွေတောင်တွေဟာ မြန်မာနိုင်ငံသားတွေအတွက် ထိုင်းနိုင်ငံအနောက်ပိုင်းမှာရှိတဲ့ နယ်စပ်ဒေသတွေဆီကို ကိုယ်ယောင်ဖျောက်သွားလာနိုင်မယ့် လမ်းကြောင်းတွေ ဖြစ်လာပါတယ်။
ကြီးမားတဲ့အရင်းအနှီးနဲ့ မမြင်နိုင်တဲ့ပေးဆပ်ရမှုတွေက ဒီနေရာက စတင်ပါတော့တယ်။
လှေနဲ့သွားသွား၊ ခြေလျင်ပဲသွားသွား၊ ကားနဲ့ပဲသွားသွား မတော်တဆမှုတွေက ပုံမှန်လို ဖြစ်နေပါတယ်။ ခေါင်းပုံဖြတ်ခံရတာတွေ၊ ရာဇဝတ်မှုတွေနဲ့ ရောဂါဘယတွေကလည်း အလားတူပါပဲ။ ဒီဖြစ်ရပ်တွေ လူသိရှင်ကြား ပေါ်ထွက်လာတာမျိုး သိပ်မရှိသလို အာဏာပိုင်တွေကလည်း လျစ်လျူရှုထားလေ့ရှိတယ်လို့ ရွှေ့ပြောင်းနေထိုင်သူများအရေး စောင့်ကြည့်သူတွေက RFA ကို ပြောပါတယ်။
ထိုင်းနိုင်ငံဘက်ကို တရားမဝင် သွားဖို့အတွက် အမေရိကန်ဒေါ်လာ ၉၀၀ နဲ့ညီမျှတဲ့ ထိုင်းဘတ်ငွေသုံးသောင်းလောက်အထိ ကုန်ကျနိုင်ပြီး တချို့ဆိုရင် မိသားစုပိုင် အိမ်ခြံမြေတစ်ခုခုကို ပေါင်ပြီး ငွေပေးချေရတာပါ။
ဒါပေမဲ့လည်း မကြာခဏဆိုသလို ဒီခရီးက ဘေးဥပဒ်နဲ့အဆုံးသတ်ရတဲ့ခရီး ဖြစ်လာတတ်ပါတယ်။
တရားမဝင်လူကုန်ကူးမှု များလာလေ လူအသေအပျောက် များလာလေ
ကန်ချနပူရီ ကယ်ဆယ်ရေးဖောင်ဒေးရှင်းက စေတနာ့ဝန်ထမ်းတစ်ဦးဖြစ်တဲ့ Kwanchai Teerasilp ဟာ ကန်ချနပူရီခရိုင်က နာမည်ဆိုးနဲ့ကျော်ကြားတဲ့ အမှတ် ၃၂၃ အမြန်လမ်းမကြီးမှာ ရှေးဦးသူနာပြု တစ်ယောက်အဖြစ် ဆောင်ရွက်နေသူပါ။
အဲဒီခရိုင်ဟာ မြန်မာနိုင်ငံနယ်နိမတ်နဲ့ ၁၅၅ မိုင် ထိစပ်နေပြီး၊ အမျိုးသားသဘာဝဥယျာဉ်ပေါင်း ၆ ခုရှိတဲ့ တောတောင်ထူထပ်ရာဒေသ ဖြစ်ပါတယ်။ အဲဒီဒေသမှာ အန္တရာယ်များတဲ့ တောလမ်းတွေရှိပြီး၊ အဲဒီလမ်းတွေဟာ ထိုင်းနိုင်ငံထဲသွားမယ့်သူတွေကြားမှာ ထင်ရှားလာပါတယ်။
ကားမောင်းသမားတွေဟာ လှည့်ကင်းရဲတွေနဲ့ နယ်စပ်စစ်ဆေးရေးဂိတ်တွေကို ရှောင်တိမ်းဖို့အတွက် အကွေ့အကောက်များလှတဲ့ အဝေးပြေးလမ်းမကြီးပေါ်မှာ အရှိန်မြှင့်မောင်းနှင်ရင်း မတော်တဆမှုတွေ ဖြစ်ကုန်တယ်လို့ အဲဒီလမ်းတစ်လျှောက်မှာ နှစ်ပေါင်း ၃၀ လောက် ကယ်ဆယ်ရေးအတွေ့အကြုံရှိတဲ့ Kwanchai က ပြောပြပါတယ်။
လူတွေကို ကုန်ကားတွေထဲပုန်းခိုင်းပြီး ထိုင်းနိုင်ငံထဲရောက်အောင် တောလမ်းတွေကတစ်ဆင့် ခေါ်သွားတဲ့ ပွဲစားတွေလည်း မကြာခဏဆိုသလို မတော်တဆမှုတွေမှာ ပါသွားလေ့ရှိပါတယ်။
၂၀၂၃ ခုနှစ်မှာ ကန်ချနပူရီခရိုင်တစ်ခုတည်းမှာတင် လူမှောင်ခိုယာဉ် မတော်တဆမှုတွေကြောင့် သေဆုံးတဲ့ မြန်မာနိုင်ငံသား တစ်ရာထက်မနည်း ရှိခဲ့တယ်လို့ Kwanchai က ပြောပါတယ်။
“မြန်မာလူမျိုးတွေက များသောအားဖြင့် မိသားစုလိုက် ထိုင်းနိုင်ငံထဲ ဖြတ်ကျော်ဝင်ရောက်ကြပါတယ်။ တစ်ခါတလေဆို တစ်ချိန်တည်းမှာပဲ သေဆုံးတွေရော၊ ဒဏ်ရာရတွေရော အများကြီး ကျွန်တော်တို့ တွေ့ရတယ်။ မတော်တဆမှုတစ်ခုမှာဆို ဖြစ်တဲ့သူတွေထဲက ငါးယောက်က အပိုင်းပိုင်းဖြစ်သွားတာ” လို့ သူက ပြောပါတယ်။
“ပြီးခဲ့တဲ့လက ခေါင်လမ်ရေလှောင်ကန်မှာ စက်လှေတစ်စင်းနစ်ပြီး ရွှေ့ပြောင်း ၆ ယောက် ၇ ယောက်လောက် သေတယ်။ အလောင်းတွေက တစ်ခုပြီးတစ်ခု ပြန်ပေါ်လာတာ”
ဘယ်လိုပဲဖြစ်ဖြစ် အလုပ်အကိုင်ရှာဖွေကြတဲ့ လူစီးကြောင်းကြီးကတော့ လျော့သွားမယ့်လက္ခဏာ မရှိသေးပါဘူး။
“မြန်မာစစ်တပ် အာဏာသိမ်းပြီးကတည်းက ကန်ချနပူရီကတစ်ဆင့် လူမှောင်ခိုကူးမှု နှစ်ဆတိုးလာခဲ့ပြီး၊ ဒီနှစ်မှာတော့ စစ်မှုထမ်းဥပဒေက ထပ်ပြီး မီးထိုးပေးလိုက်တာပါပဲ” လို့ Kwanchai က ဆိုပါတယ်။
“အလုပ်သမားတွေ ထိုင်းနိုင်ငံထဲရောက်တာနဲ့ သူတို့ကို ခြေရာခံဖို့ခက်သွားပြီ” လို့ အလုပ်သမားအရေး ဆောင်ရွက်တဲ့ လုံခြုံရေးအရ အမည်လွှဲထားသူ ကိုစိုးလင်းအောင်က ပြောပါတယ်။ သူကတေ့ နယ်စပ်တစ်လျှောက် ရွှေ့ပြောင်းသူများ လုံလုံခြုံခြုံ ဖြတ်သန်းသွားလာရေးနဲ့ လေ့လာစောင့်ကြည့်ရေး ဆောင်ရွက်နေတဲ့အဖွဲ့ တစ်ဖွဲ့က ဖြစ်ပါတယ်။
ကိုစိုးလင်းအောင်က မကြာသေးခင်က ကြုံရတဲ့ ဖြစ်ရပ်နှစ်ခုအကြောင်း ပြောပြပါတယ်။ ထိုင်းနိုင်ငံထဲရောက်လာတဲ့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ပျောက်သွားပြီး ဆက်သွယ်လို့ မရတော့ဘူးလို့ ဆိုပါတယ်။
“သူတို့ ဘာဖြစ်လို့ ပျောက်နေတယ်ဆိုတာ ကျွန်တော်တို့ မဖော်ထုတ်နိုင်သေးပါဘူး။ သူတို့မှန်းထားတဲ့ နေရာကိုရောက်ဖို့ အဝေးကြီးသွားရမှာ။ အရင်တုန်းကလည်း ဒီလိုပျောက်သွားတဲ့သူ ဘယ်နှစ်ယောက်ရှိလဲဆိုတာ အတိအကျ မပြောနိုင်ဘူး”
တောထဲမှာ တစ်လလောက်ကြာအောင် ဖြတ်သွားရတဲ့သူတွေအတွက် နောက်ထပ် အန္တရာယ်တစ်ခုကတော့ ငှက်ဖျားရောဂါလို ခြင်ကတစ်ဆင့် ကူးစက်တဲ့ ရောဂါတွေပါ။
ကန်ချနပူရီမှာ ငှက်ဖျားရောဂါဖြစ်ပွားမှုနှုန်းဟာ ဆယ်နှစ်အတွင်း မြင့်တက်လာတယ်လို့ ထိုင်းကျန်းမာရေးဌာန အာဏာပိုင်တွေက ပြောပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ အခုနှစ် ရှစ်လအတွင်း ငှက်ဖျားရောဂါဖြစ်တဲ့ နိုင်ငံခြားသား အယောက် ၈၇၀ ကို မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ မနှစ်ကတော့ အယောက် ၇၂၀ ပဲ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အဲဒီကိန်းဂဏန်းတွေဟာ အမှန်တကယ်ဖြစ်နေတဲ့ လူဦးရေနဲ့စာရင် အစွန်အဖျားလောက်ပဲ ဖြစ်ပါတယ်။
အဲဒီလူနာတွေဟာ ဘယ်နိုင်ငံသားတွေ ဖြစ်တယ်ဆိုတာကိုတော့ ထိုင်းကျန်းမာရေးဝန်ကြီးဌာနက အတိအကျ မဖော်ပြပါဘူး။
ဒါပေမဲ့ လူနာအများစုဟာ မြန်မာနိုင်ငံသားတွေဖြစ်တယ်လို့ ဘုရားသုံးဆူနယ်စပ်အနီးမှာ ဆေးခန်းဖွင့်ထားတဲ့ ဆရာဝန်တစ်ဦးက ပြောပါတယ်။ ငှက်ဖျားရောဂါ ဖြစ်နေကြတာလို့ ဆိုပါတယ်။ ဒါပေမဲ့ တော်တော်များများက ဆရာဝန်မပြကြဘူးလို့ ပြောပါတယ်။
“ဖြစ်နေတဲ့သူ တော်တော်များများရှိတယ်လို့ ထင်တယ်။ တချို့က ကိုယ့်ဘာသာကိုယ် အပြင်ဆိုင်ကနေ ဆေးဝယ်ပြီးသောက်နေကြပုံပဲ” လို့ ဒေါက်တာ Sakda Netek က ပြောပြပါတယ်။
နယ်စပ်ကိုလုံလုံခြုံခြုံဖြတ်နိုင်ဖို့ တောင်ပိုင်းမှာ လူများလာ
ယာဉ်မတော်တဆမှုတွေနဲ့ တခြားအကြောင်းတွေကြောင့် သေဆုံးသူများနေပေမယ့် ရွှေ့ပြောင်းအလုပ်သမားတွေဟာ အဲဒီနေရာကနေ ပိုဝေးတဲ့ တောင်ပိုင်းဘက်ကနေ ဘယ်သူမှမလာကြဘူးလို့ ထိုင်းရဲတွေက ပြောပါတယ်။
“ကျွန်တော်တို့မှာ ဘာပြဿနာမှ မရှိပါဘူး။ ဒီလောက်ဝေးဝေးသွားတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ မရှိသေးပါဘူး၊ ဒီနေရာက ဆန်ခလဘူရီနဲ့ တော်တော်ဝေးတယ်” လို့ ဆန်ခလဘူရီမြို့နယ်ရဲ့ တောင်ဖက် ဆိုင်ရော့မြို့နယ်က အရာရှိတစ်ဦးက ပြောပါတယ်။
အခုနှစ်အတွင်း ကရင်ပြည်နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေအကြား တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ထိုင်းနိုင်ငံကို တရားဝင်သွားခွင့်ရှိတဲ့ နယ်စပ်ဂိတ်တွေကနေ သွားမယ့်အစား၊ ကန်ချနပူရီခရိုင်နဲ့ ထိစပ်နေတဲ့ တရားမဝင်လမ်းကြောင်းတွေကနေ ဖြတ်ဖို့ ဖြစ်လာရတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေသူ ကိုစိုးလင်းအောင်က ပြောပြပါတယ်။
ကိုစိုးလင်းအောင်တို့အဖွဲ့ဟာ မြန်မာဘက်ခြမ်းက လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်စပ်မှာ တရားဝင်မဟုတ်တဲ့ ဂိတ်တစ်ခုဖွင့်ပြီး အလုပ်သမားတွေကို အကူအညီပေးနေတာပါ။
“စစ်ကောင်စီတပ်က အိမ်မီးရှို့ခံခဲ့ရတဲ့သူတွေ၊ ဒါမှမဟုတ် မိသားစုတကွဲတပြားနဲ့ အသိုက်အမြုံ ပျက်စီးခဲ့ရသူတွေ စသဖြင့် အခက်အခဲအမျိုးမျိုးနဲ့ ကြုံတွေ့ခဲ့ရတဲ့သူတွေကြောင့် ဒီဂိတ်ကို ကျွန်တော်တို့ ဖွင့်ဖြစ်ခဲ့တာပါ” လို့ ကိုစိုးလင်းအောင်က ပြောပါတယ်။
သူတို့ဆီရောက်လာသူတွေကို မှတ်တမ်းတင်ပြီးတဲ့နောက် စစ်ဆေးရေးဂိတ်က တက်ကြွလှုပ်ရှားသူတွေက လုံခြုံရေးဆိုင်ရာ အကြံဉာဏ်တွေ ပေးကြပါတယ်။
“ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် သူတို့က နယ်စပ်ကို ဖြတ်ကျော်တော့မယ့်သူတွေမို့ ကျွန်တော်တို့က သူတို့ကို ကူညီပြီး ထွက်ခွာသွားနိုင်အောင် ဂိတ်ဖွင့်ပေးတာပါ”
ဆက်နွှယ်သောသတင်းများ
ပြည်ပရောက် အလုပ်သမားတွေရဲ့ ပြန်ပို့ငွေစာရင်း မပြနိုင်တဲ့ အေဂျင်စီတွေကို အရေးယူ
ပြည်ပထွက်လုပ်ကိုင်သူတွေကို စစ်ကောင်စီ ပိုတင်းကျပ်လာ
အချိန်တို ကျောင်းတက်ရောက်သူများ Passport သက်တမ်းတိုးပေးမှာ မဟုတ်လို့ မြန်မာသံရုံး ထုတ်ပြန်
ထိုင်းနိုင်ငံကို ရောက်တာနဲ့ စက်ရုံတွေ၊ ဟိုတယ်လုပ်ငန်းနဲ့ ငါးဖမ်းလုပ်ငန်းတွေမှာ အလုပ်အကိုင်တွေ ရှာဖွေဖို့အတွက် ဘန်ကောက်နဲ့ စမွတ်စခွန်မြို့တို့လို အလုပ်ပေါတဲ့နေရာတွေဆီရောက်အောင် နောက်ထပ် မိုင် ၂၂၀ ကျော် သွားရပါတယ်။
ပြီးခဲ့တဲ့လေးလအတွင်း သူတို့ရဲ့ စစ်ဆေးရေးဂိတ်တစ်ခုတည်းကတင် လူခြောက်သောင်းနီးပါး ထိုင်းနိုင်ငံဘက်ကို ရောက်သွားတယ်လို့ ကိုစိုးလင်းအောင်က ပြောပါတယ်။ ကိုစိုးလင်းအောင်နဲ့အဖွဲ့ဟာ ဖြတ်သွားတဲ့သူတွေရဲ့ အချက်အလက်တွေ ကောက်ယူစုဆောင်းထားတဲ့အတွက် အထိန်းအကွပ်မဲ့ ရွေ့လျားနေတဲ့ လူအုပ်ကြီးအတွက် အစီအစဉ် ကျကျနနနဲ့ လုံခြုံဘေးကင်းမှု နည်းနည်းပါးပါးလောက်ဖြစ်ဖြစ် လုပ်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။
“လမ်းခရီးမှာ အခက်အခဲတွေရှိတယ်။ အထူးသဖြင့် အမျိုးသမီးတွေပေါ့။ အမျိုးသမီးတွေကို ပွဲစားတွေက ပြန်ပေးဆွဲတာ၊ အဓမ္မပြုကျင့်တာတွေ ရှိတယ်။ ပွဲစားတွေက လူတွေကို လိမ်ပြီး စိတ်ကြိုက်ခြယ်လှယ်နေတယ်” လို့ သူက ပြောပါတယ်။ လမ်းမှာ ယာဉ်မတော်တဆ ဖြစ်ပြီဆိုရင် ပွဲစားတွေက သူတို့ကို အမှုပတ်မှာစိုးတဲ့အတွက် သူတို့ခေါ်လာသူတွေကို ပစ်ထားခဲ့တတ်ကြတယ်လို့လည်း ပြောပါတယ်။
ကိုစိုးလင်းအောင်တို့ကတော့ ရောက်လာသူတိုင်းရဲ့ နာမည်၊ ဆက်သွယ်ဖို့ အချက်အလက်တွေနဲ့ ပွဲစားနာမည်တွေကို မှတ်တမ်းတင်ထားပါတယ်။ မြန်မာနဲ့ လာအိုမှာရှိနေတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေဆီ အပို့ခံရမယ့် လူ ၃၅၀ ကျော်ကို လူကုန်ကူးသမားတွေဆီကနေ သူတို့အဖွဲ့က ကယ်တင်နိုင်ခဲ့ပါတယ်။ မိသားစုတွေနဲ့ အဆက်အသွယ်ပြတ်နေတဲ့ ထိုင်းနိုင်ငံထဲကသူတွေကိုလည်း အဆက်အသွယ်ပြန် ရနိုင်အောင် ကူညီပေးခဲ့တယ်လို့ သူက ပြောပါတယ်။
မဇင်မျိုးယုအတွက် ထိုင်းနိုင်ငံကို လာရတဲ့ခရီးက ပင်ပန်းလွန်းတဲ့အတွက် အရှုံးပေးပြီး အိမ်ပြန်တော့မလို တစ်ကြိမ်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ကြောင်းပြန်လှည့်ရမယ့် ခရီးက ရှေ့ဆက်ရမယ့်ခရီးလိုပဲ ခက်ခဲလိမ့်မယ် ဆိုတဲ့အတွေးကြောင့် ဆက်လျှောက်ဖြစ်ခဲ့တာပါ။
အခုတော့ ရောက်လာခဲ့ပြီဖြစ်လို့ သူအတော်လေး ဝမ်းသာနေပါတယ်။ သူ့ခင်ပွန်းက အပင်အလှစိုက်ပြီး ပြုပြင်ထိန်းသိမ်းတဲ့အလုပ်နဲ့ ဆောက်လုပ်ရေးမှာ အလုပ်ရခဲ့ပါတယ်။ အလုပ်ရှင်ဖြစ်သူကလည်း သဘောထားပြည့်ဝသူပါ။ မဇင်မျိုးယုအတွက် အရေးအကြီးဆုံးကတော့ မွေးကင်းစ သူတို့ရဲ့သမီးလေး ထိုင်းနိုင်ငံမှာ အခွင့်အရေးရှိရှိနဲ့ ကြီးပြင်းလာတော့မယ့်ကိစ္စ ဖြစ်ပါတယ်။
“သမီးလေးကို ဒီမှာမွေးတာဆိုတော့ သူက ထိုင်းနိုင်ငံသားဖြစ်ပြီ။ ကျွန်မတို့ကတော့ ထိုင်းနိုင်ငံသား မဟုတ်ဘူးပေါ့။ ဒါပေမဲ့ သမီးလေးအတွက်တော့ အရမ်းကောင်းတယ်။ ဒီနိုင်ငံမှာ အခွင့်အလမ်းတွေ ရှိတယ်။ ဟိုမှာတော့ မရှိတော့ဘူးပေါ့” လို့ မွေးရပ်မြေကို ရည်ညွှန်းပြောပါတယ်။
"သမီးလေးအဆင်ပြေတယ်ဆို ကျွန်မတို့လည်း အဆင်ပြေပါတယ်။ ဆိုတော့… ကျွန်မတို့ဆက်နေကြမှာပေါ့"
(RFA သတင်းထောက် Kiana Duncan နှင့် Pimuk Rakkanam စုံစမ်းရေးသားတင်ပြသည့်ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။)