နှစ်လအတွင်း ထိုင်းမှာ မြန်မာအလုပ်သမား ခုနစ်ရာကျော် အဖမ်းခံထားရ
2024.08.08
ထိုင်းနိုင်ငံအတွင်း တရားမဝင် နိုင်ငံခြားသား အလုပ်သမားဖမ်းဆီးရေး ရက် ၁၂၀ စီမံချက်နဲ့ အာဏာပိုင်တွေက လိုက်လံဖမ်းဆီးနေတာကြောင့် နှစ်လအတွင်း အထောက်အထားမဲ့ မြန်မာအလုပ်သမား တစ်သိန်းကျော် (၁၂၁,၂၈၅) စစ်ဆေးခံခဲ့ရပြီး အဲဒီထဲက ၇၂၄ ဦး အရေးယူခံထားရပါတယ်။
လတ်တလော ဇွန် ၅ ရက်ကနေ သြဂုတ် ၁ ရက်နေ့အထိ ၅၇ ရက်အတွင်း အလုပ်ရုံ၊ စက်ရုံတွေအပါအဝင် လုပ်ငန်းခွင် တစ်သောင်းကျော်မှာ ဝင်ရောက်စစ်ဆေးခဲ့တာ ဖြစ်တယ်လို့ ထိုင်းအလုပ်သမား ဝန်ကြီးဌာနက သြဂုတ် ၃ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
ဒီမြန်မာအလုပ်သမား ခုနစ်ရာကျော်က သက်ဆိုင်ရာ မြို့နယ်အလိုက် ရဲစခန်း၊ လဝက ရုံးတွေမှာ ထိန်းသိမ်းခံထားရတယ်လို့ ဘန်ကောက်မြို့မှာ အလုပ်သမားအရေး ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။
“များသောအားဖြင့် သူ့ဥပဒေအရ နိုင်ငံခိုးဝင်မှုတစ်ခုတည်းဆိုရင် သုံးလ ထောင်ကျခံရမှာ။ တကယ်လို့ အထောက်အထားမရှိဘဲ ခိုးဝင်လာတာကို ဝန်ခံလိုက်ပြီဆိုရင် တစ်ဝက်လျှော့ချပေးပြီး ၄၅ ရက်ပဲချမှာ။ ဒါမှမဟုတ် သူက ငွေဒဏ်ဆိုရင် တစ်ရက် ငါးရာနဲ့ ဆောင်ရမှာ”
မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း တစ်သိန်းခြောက်သောင်းကျော် (၁၆၂,၁၃၀ ) ကို ထိုင်းအာဏာပိုင်တွေ စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။
“ဖမ်းခံရသူအားလုံးဟာ နေရပ်ပြန်ပို့ခံရမှာဖြစ်ပြီး ထိုင်းနိုင်ငံထဲ ပြည်ဝင်ခွင့် နှစ်နှစ်ပိတ်သိမ်းခံရမှာဖြစ်တယ်”
အဲဒီထဲမှာ တရားမဝင် လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား (၇၂၄) ဦး၊ လာအိုနိုင်ငံသား (၁၆၂) ဦး၊ ကမ္ဘောဒီးယားနိုင်ငံသား ၁၉၀ ဦး၊ ဗီယက်နမ်နိုင်ငံသား ၂၂ ဦးနဲ့ အခြားနိုင်ငံက အလုပ်သမား ၈၁ ဦးကို စီမံချက်အရ အရေးယူထားပြီးဖြစ်တယ်လို့ ထိုင်းအလုပ်သမား ဝန်ကြီးဌာနက ထုတ်ပြန်ထားတာပါ။
ဖမ်းခံရသူအားလုံးဟာ နေရပ်ပြန်ပို့ခံရမှာဖြစ်ပြီး ထိုင်းနိုင်ငံထဲ ပြည်ဝင်ခွင့် နှစ်နှစ်ပိတ်သိမ်းခံရမှာဖြစ်တယ်လို့ အလုပ်သမား မဟာမိတ်အဖွဲ့တာဝန်ရှိသူ ကိုမုန်တိုင်းက ပြောပါတယ်။
“သူဌေးမတူဘဲနဲ့ အလုပ်သွားလုပ်တဲ့ နယ်ကျော်အလုပ်လုပ်တာတွေက သူတို့ဆိုရင် ဒဏ်ငွေ ဆောင်ရမယ်။ သူဌေးကလည်း အမှုရင်ဆိုင်ရမယ်။ တချို့ကျတော့ မြန်မာပြည်သားတွေ လုပ်လို့မရတဲ့အလုပ်တွေပေ့ါ။ တချို့ကတော့ ဆောက်လုပ်ရေးနဲ့ နာမည်ထည့်ထားတယ်။ ဒါပေမဲ့ လုပ်နေတာက စျေးရောင်းတွေ အဲဒီလိုမျိုးအပိုင်းတွေဆိုရင် သူတို့က အမှုရင်ဆိုင်ရမဲ့အပိုင်းတွေပေါ့။ ပြီးရင် သူတို့ကို ပြည်ဝင်ခွင့် ၂ နှစ် ပိတ်တယ်။ ထိုင်းထဲကို ပြန်ဝင်ခွင့်မရှိဘူး။ တကယ်လို့များ တရားမဝင်တဲ့ အလုပ်သမားက ခိုးလမ်းကနေ ပြန်ထပ်တက်လာပြီး ဘတ်ရိုက်တဲ့အခါ အမှုကျူးလွန်ထားတဲ့သူတွေဖြစ်လို့ နောက်ဆက်တွဲပါ အပြစ်ခံရမယ်။ အဲဒါဆိုရင်တော့ ထိုင်းနိုင်ငံထဲကို ပြည်ဝင်ခွင့် လုံးလုံးပိတ်ခံရမှာ”
ဒီစီမံချက်ကြောင့် ပြန်အပို့ခံရတာမျိုးမဟုတ်ဘဲ အရင်ကတည်းကဖမ်းမိရင် ထိုင်းဥပဒေအရ ပြစ်ဒဏ်ချမှတ်ပြီး မြန်မာပြည် ပြန်ပို့လေ့ရှိတယ်လို့ အလုပ်သမားအရေး ကူညီနေသူတွေက ပြောပါတယ်။
ဖမ်းဆီးခံထားရတဲ့ မြန်မာအလုပ်သမားတွေဟာ ထိုင်းနိုင်ငံ ဘန်ကောက်၊ စမွတ်ဆာခွန်၊ မဟာချိုင်၊ ပထုံဌာနီ၊ ချွန်ဘူရီ စတဲ့နေရာတွေက စက်ရုံ၊ အလုပ်ရုံတွေနဲ့ လုပ်ငန်းခွင်အသီးသီးမှာ လုပ်ကိုင်နေသူတွေ ဖြစ်ပါတယ်။
“ပြစ်ဒဏ်အသီးသီးကျခံပြီးရင် ပြည်တွင်းပြန်ပို့ခံရမဲ့ မြန်မာနိုင်ငံသားတွေအတွက် စိုးရိမ်ရတယ်”
သူတို့ထဲမှာ စာရွက်စာတမ်း အထောက်အထား မပြည့်စုံသူတွေရှိသလို အလုပ်ရှင်အမည်လွဲနေသူတွေ၊ ကိုယ်ပိုင်လုပ်ငန်း လုပ်နေသူတွေနဲ့ မြန်မာနိုင်ငံသားတွေ လုပ်ခွင့်မရှိတဲ့ လုပ်ငန်းခွင်တွေမှာ လုပ်ကိုင်နေကြသူတွေ ပါဝင်တယ်လို့လည်း အလုပ်သမားအရေး ကူညီနေသူတွေက ဆိုပါတယ်။
ဆက်နွှယ်သောသတင်းများ
CI စင်တာတွေပိတ်သိမ်းမှုကြောင့် ထိုင်းရောက် မြန်မာလုပ်သားတွေ အခက်တွေ့
ထိုင်းရောက်မြန်မာတွေအတွက် ပန်းရောင်ကတ်ကို ပုံစံနှစ်မျိုးခွင့်ပြုပေးဖို့ တောင်းဆို
မိသားစုဆီ လစာ ၂၅ ရာခိုင်နှုန်းလွှဲတဲ့အထောက်အထားပြမှ ထိုင်းမှာ အလုပ်လုပ်ခွင့်ရတော့မည်
ပြစ်ဒဏ်အသီးသီးကျခံပြီးရင် ပြည်တွင်းပြန်ပို့ခံရမဲ့ မြန်မာနိုင်ငံသားတွေအတွက် စိုးရိမ်ရတယ်လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။
“သူတို့အတွက် စိုးရိမ်ပူပန်စရာ ကြီးကြီးမားမားရှိတယ်။ အခုဖမ်းဆီးထားတဲ့ တစ်သိန်းကျော်ထဲက ခုနစ်ရာကို စအရေးယူတယ်ဆိုတော့ သူတို့ကို မြန်မာနိုင်ငံနေရပ်ကိုပြန်ပို့ရင် နေရပ်ရောက်တဲ့အခါ သူတို့ ဘယ်လိုဖြစ်သွားမယ်၊ လူ့အခွင့်အရေး ဘယ်လိုချိုးဖောက်ခံရမယ်ဆိုတာ သူတို့ လုံးဝ ထည့်တွက်မှာမဟုတ်ဘူး။ အရေးကြီးတာက သူတို့အတွက် အမျိုးသား လုံခြုံရေးမူဝါဒပေါ့နော်။ အဖမ်းခံရတဲ့ မြန်မာတွေထဲမှာ အရွယ်ကောင်းလူငယ်တွေ ပါနိုင်တယ်။ မြန်မာနိုင်ငံက ကျဥ်းမြောင်းကျပ်တည်းလှတဲ့ စစ်မှုထမ်းဥပဒေရဲ့ စံနှုန်းစံထားထဲမှာ စစ်သားစုဆောင်းတဲ့ ပုံစံထဲမှာ သွားပြီးဘောင်ဝင်နေတဲ့သူ ပါနိုင်တယ်။ အဲဒီအတွက် ဖြစ်ချင်သလို ဖြစ်သွားနိုင်တယ်”
မြန်မာပြည်တွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ စစ်မှုမထမ်းမနေရ ဥပဒေတွေကြောင့် မြန်မာလူငယ်တွေ ထိုင်းနိုင်ငံထဲကို နည်းလမ်းပေါင်းစုံနဲ့ ထွက်ပြေးခိုလှုံနေကြတာ ဖြစ်ပါတယ်။
ထိုင်းအစိုးရက တရားမဝင် နေထိုင်၊ အလုပ်လုပ်နေသူတွေကို ဆက်တိုက် ဖမ်းဆီးနေတာကြောင့် မြန်မာပြည်ကနေ ခိုလှုံလာသူတွေ အလုပ်လက်မဲ့နဲ့ ခက်ခဲကျပ်တည်းနေကြတယ်လို့ ဘန်ကောက်မြို့မှာနေထိုင်တဲ့ တရားမဝင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦးက ပြောပါတယ်။
“ကျွန်တော် ထိုင်းနိုင်ငံကိုရောက်တော့ ထိုင်းသူဌေးတစ်ယောက်ကနေပြီး စားပွဲထိုးအလုပ်လေး ရတယ်။ အဲဒီအလုပ်မှာ နှစ်လလောက် လုပ်ဖြစ်ပြီး သူဌေးက ရုတ်တရက် ကျွန်တော့်ကို အလုပ်မလာခိုင်းတော့ဘူး။ ကျွန်တော်ကပြန်မေးလိုက်တော့ ကျွန်တော့်မှာ ပတ်စ်ပို့လည်းမရှိ၊ ပန်းရောက်ကတ်လည်း မရှိ။ အခုတလောက အဖမ်းအဆီး အရမ်းများတယ်လေ။ သူဌေးကလည်း သူတစ်ခုခု ပြဿနာဖြစ်မှာကြောက်လို့ ထုတ်လိုက်တယ်ထင်တယ်။ အခု ကျွန်တော့်မှာ အလုပ်လည်းမရှိ နေဖို့ စားဖို့ မနည်းရုန်းကန်နေရတယ်။ ကျွန်တော့်လို တရားမဝင် ရောက်လာတဲ့ မြန်မာနိုင်ငံသား အများကြီးပဲ။ သူတို့လည်း အလုပ်လက်မဲ့ဖြစ်နေတာ သုံး-လေးလလောက်ရှိပြီ။ အခုက ပန်းရောင်ကတ်ကလည်း မဖွင့်တော့ အကုန်လုံး ဒုက္ခရောက်နေကြတယ်”
မြန်မာပြည်ကနေ ရွှေ့ပြောင်းခိုလှုံနေသူ အများစုဟာ တရားဝင် အထောက်အထား မရှိတာကြောင့် ဖမ်းဆီးခံနေရတာ ဖြစ်ပါတယ်။
ထိုင်းအစိုးရအနေနဲ့ အထောက်အထား မရှိသူတွေကို တရားဝင်ဖြစ်အောင် စီစဥ်ပေးသင့်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး အကူအညီပေးနေသူတစ်ဦးက ပြောပါတယ်။
“ထိုင်းနိုင်ငံကို အားကိုးတကြီး တက်လာတဲ့အပေါ်မှာ ထိုင်းအစိုးရအနေနဲ့ ဖမ်းဆီးမှုအပေါ်မှာမူတည်ပြီး တောင်းဆိုချင်တာက အဖမ်းအဆီး လျော့ပေ့ါစေချင်တယ်။ ထိုင်းမှာ ရောက်နေတဲ့ အထောက်အထား မပြည့်စုံတဲ့သူတွေကို အမြန်ဆုံး အထောက်အထား လုပ်ပေးပြီးတော့ ကောင်းကောင်းမွန်မွန် ဖြစ်စေချင်တယ်”
ထိုင်းရောက် မြန်မာနိုင်ငံသားတွေ ကြုံနေရတဲ့ အခက်အခဲတွေနဲ့ပတ်သက်လို့ ရန်ကုန်မြို့မှာရှိတဲ့ ထိုင်းသံရုံးနဲ့ ဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံးတို့ကို သြဂုတ်လ ၈ ရက်နေ့က RFA က အီးမေးလ်ကတစ်ဆင့် ဆက်သွယ်မေးမြန်းထားပေမဲ့ အကြောင်းမပြန်ပါဘူး။
မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်လုပ်ကိုင်နေသူ မြန်မာနိုင်ငံသား ခြောက်သန်းကျော်ရှိနေတယ်လို့ မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ကူညီပေးနေသူတွေက ပြောကြပါတယ်။