သန်လျင်ရေနံချက်စက်ရုံက CDM ဝန်ထမ်း ၂၀၀ ကျော် စားဝတ်နေရေး ခက်ခဲနေ

ရန်ကုန်တိုင်း သန်လျင်မြို့နယ် အမှတ် (၁) ရေနံချက်စက်ရုံက CDM ဝန်ထမ်း ၂၀၀ ကျော် ကို ဝန်ထမ်းအိမ်ရာတွေကနေ ဧပြီ ၈ ရက်နေ့ နောက်ဆုံးထားပြီး ပြောင်းရွှေ့ပေးဖို့ စစ်ကောင်စီက ဖိအားပေးလာတာကြောင့် အပြီးထွက်ပေးလိုက်ရတယ်လို့ နေရာပြောင်းရွှေ့ လိုက်ရတဲ့ CDM ဝန်ထမ်းတွေက ပြောပါတယ်။

ရေနံချက်စက်ရုံ ဝန်ထမ်းအိမ်ရာဟာ သန်လျင်မြို့ရဲ့ မြို့မတောင်ရပ်ကွက်မှာရှိပြီး ဝန်ထမ်း မိသားစု ၃၀၀ ကျော်၊ လူဦးရေ တစ်ထောင်နီးပါး နေထိုင်ပါတယ်။ အဲဒီအထဲကမှ CDM လုပ်ထားတဲ့ ဝန်ထမ်း ၂၀၀ ကျော်ကိုပဲ အစိုးရလိုင်းခန်းတွေကနေ ပြောင်းရွှေ့ခိုင်းတာလို့ ဆိုပါတယ်။

ရေတပ်ယူနီဖောင်း ဝတ်ထားတဲ့ စစ်သားတွေ မတ်လ ၂၄ ရက်နေ့ကတည်းက CDM ဝန်ထမ်းတွေရဲ့ လိုင်းခန်းကို ရောက်လာပြီး ဧပြီ ၈ ရက် နောက်ဆုံးထား ပြောင်းရွှေ့ပေးဖို့ အမိန့်စာလိုက်ကပ်ခဲ့တဲ့အပြင် အချိန်မီ ထွက်မပေးရင် ပိုင်ဆိုင်မှုအားလုံးကို ချိပ်ပိတ် သိမ်းဆည်းမယ်ဆိုပြီး ခြိမ်းခြောက်ခဲ့တယ်လို့ ကိုယ်တွေ့ကြုံခဲ့ရတဲ့ CDM ဝန်ထမ်းက ပြောပါတယ်။

အခုတော့ လိုင်းခန်းကထွက်ပြီး အပြင်မှာ အိမ်ငှားနေတယ်။ ဈေးရောင်းပြီး စားဝတ်နေရေး ကို ဖြေရှင်းပေမဲ့ အဆင်မပြေဘူးလို့ နေအိမ်ဖယ်ပေးလိုက်ရတဲ့ ရေနံချက်စက်ရုံ ဝန်ထမ်း တစ်ဦးက ပြောပါတယ်။

"CDM လုပ်ထားတော့ စားဝတ်နေရေးက အဆင်မပြေဘူး။ အခုက ဈေးရောင်းနေတယ်။ လိုင်းခန်းကလည်း ဖယ်လိုက်ရတယ်။ အပြင်မှာ အိမ်ခန်းငှားနေတယ်။ ကျမက CDM ပဲ ဆက်လုပ်မှာပါ။ သူတို့က ရုံးပြန်တက်ဖို့ခေါ်တယ်။ ကျမက မလိုက်ဘူး။ CDM ပဲ ဆက်လုပ်မှာ။ လိုင်းခန်းတွေကို ဖယ်ခိုင်းတဲ့နေ့က စစ်သားတွေရော၊ ရဲတွေရောပါတယ်။ CDM မလုပ်တဲ့သူတွေရော ပါတယ်။ သူတို့က ပြောတယ် CDM လုပ်ပြီးတော့ ဒီအိမ်ခန်း တွေကို ဆက်နေရမလားဆိုပြီး ပြောပြီး သူတို့နေမယ်ဆိုပြီးတော့ ဟိုအခန်းကြည့်၊ ဒီအခန်းကြည့်နဲ့ အတင်းပဲ ဖယ်ခိုင်းတယ်။ ကျမတို့လည်း ဖယ်ပေးလိုက်တယ်"

thanlyin-refinery.jpg
ရန်ကုန်တိုင်း သန်လျင်မြို့နယ်က မြန်မာ့ရေနံရပ်ကွက် ဝင်ပေါက်ကို တွေ့ရစဉ် (Photo: RFA)

နောက်ဝန်ထမ်းတစ်ဦးကလည်း စစ်သားတွေကိုယ်တိုင် ရောက်လာပြီး ဖိအားပေးတာ ကြောင့် နောက်ဆုံးရက် မရောက်ခင် ဧပြီ ၁ ရက်ကတည်းက ဝန်ထမ်းလိုင်းခန်းကနေ ထွက်ပေးလိုက်ရတယ်လို့ RFA ကို ပြောပါတယ်။

"အိမ်ကတော့ ပြောင်းသွားပါပြီ။ ဧပြီ ၁ ရက်နေ့ထဲက ပြောင်းတာ။ အများစုကလည်း CDM လုပ်နေတယ်ဆိုတော့ ကိုယ်တွေကလည်း နိုင်ငံ့သားကောင်းပီပီ CDM လုပ်တာပေါ့၊ CDM လုပ်တဲ့အခါမှာလည်း အများကြီး အခက်အခဲတွေ တွေ့ခဲ့ပါတယ်။ အပြင်မှာက အများကြီး အခက်အခဲရှိတာပေါ့။ လိုင်းထဲမှာဆိုရင် မိသားစုတွေလိုပဲဖြစ်နေတော့ တစ်ယောက်နဲ့ တစ်ယောက် အ​ရေးကြုံရင် ကူညီကြတယ်။ အခု အပြင်ကို ရောက်သွား တော့ အိမ်လခ၊ ငွေရေး ကြေးရေး၊ စားဝတ်နေရေး အခက်အခဲတွေ အများကြီးရှိတယ်"

အကြမ်းမဖက် အာဏာဖီဆန်ရေး (CDM) လှုပ်ရှားမှုမှာ ပါဝင်နေတဲ့ သန်လျင်ရေနံချက် စက်ရုံ ဝန်ထမ်းတွေဟာ ပြီးခဲ့တဲ့နှစ် အလုပ်ပြုတ်ကတည်းက လစဥ် ပုံမှန်ဝင်ငွေ မရတော့တဲ့အပြင် အခု နေစရာပါ မရှိတော့တာကြောင့် ဘက်ပေါင်းစုံကနေ အခက်အခဲ ဖြစ်နေတယ်လို့ သူက ဆိုပါတယ်။

"CDM လုပ်ထားပြီးမှတော့ ဘာမှ ကြောက်မနေတော့ဘူး။ လာမယ့်ဘေး ပြေးတွေ့လိုက်ရုံပဲ ရှိတော့တာ။ CDM လုပ်လိုက်တဲ့အတွက်လည်း နောင်တမရပါဘူး"

ဒီဝန်ထမ်းအိမ်ရာမှာ နေထိုင်လာတာ နှစ် ၂၀ နီးပါးရှိပြီမို့ မပြောင်းချင်ပေမဲ့လည်း နောက်ဆုံးသတ်မှတ်ရက်ဖြစ်တဲ့ ဧပြီ ၈ ရက်နေ့က အပြီးထွက်ပေးခဲ့ရတယ်လို့ ရေနံချက်စက်ရုံ CDM ဝန်ထမ်းတစ်ဦးက RFA ကို ပြောပါတယ်။

"လုပ်သက်က အနှစ် ၂၀ ကျော်နေပြီ။ ဝန်ထမ်းလိုင်းခန်းကနေ မဖယ်ပေးချင်ဘူး။ ဒါပေမဲ့ စစ်ကောင်စီဘက်က ဖယ်ခိုင်းတော့ မဖယ်ချင်လည်း ဖယ်လိုက်ရတယ်။ ဦးတို့က အနီလည်း မဟုတ်ဘူး၊ အစိမ်းလည်း မဟုတ်ဘူး၊ စကစကို မကြိုက်လို့ CDM ဝင်လိုက်တာ။ အပြင်မှာ အခက်အခဲတွေရှိတယ်ဆိုတာ ကြိုတင်တွေးထားပြီးသားပဲ။ လုပ်သင့်လုပ်ထိုက်တာတွေလည်း လုပ်ထားပြီးပြီ။ CDM လုပ်ထားပြီးမှတော့ ဘာမှ ကြောက်မနေတော့ဘူး။ လာမယ့်ဘေး ပြေးတွေ့လိုက်ရုံပဲ ရှိတော့တာ။ CDM လုပ်လိုက်တဲ့အတွက်လည်း နောင်တမရပါဘူး"

သန်လျင်ရေနံချက်စက်ရုံမှာ ဌာနကြီး ၂၀ နဲ့ ဌာနငယ်ပေါင်းများစွာရှိနေပြီး စလည်ပတ် ကာစက ဝန်ထမ်းပေါင်း သုံးထောင်လောက် ရှိခဲ့ပေမဲ့ အခုနောက်ပိုင်းမှာတော့ ဝန်ထမ်း ၃၀၀ လောက်သာ ကျန်ရှိပါတယ်။ အဲဒီအထဲကမှ CDM လုပ်တဲ့ ဝန်ထမ်း ၂၀၀ ရဲ့ မိသားစုတွေကို စစ်ကောင်စီက နေအိမ်လိုင်းခန်းတွေကနေ အဓမ္မပြောင်းရွှေ့ခိုင်းခဲ့တာလို့ CDM ဝန်ထမ်းတွေက ပြောပါတယ်။

သန်လျင်ရေနံချက်စက်ရုံဟာ ကုန်ကြမ်းပြတ်လပ်မှုတွေကြောင့် ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်ထဲက မလည်ပတ်နိုင်တော့ဘဲ ပိတ်ထားတာ ခုနစ်နှစ်နီးပါး ရှိနေပြီလို့လည်း သန်လျင်ရေနံချက် စက်ရုံ အငြိမ်းစားဝန်ထမ်းတွေက ပြောပါတယ်။