မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတဲ့ အချိန်တစ်နှစ်နီးပါးကာလအတွင်း ချင်းပြည်နယ်က အိမ်ခြေ ၂၅၀၀ ခန့်ရှိတဲ့ ထန်တလန်မြို့ကတော့ အခုဆိုရင် မီးလောင် ကျွမ်းထားတဲ့ ပြာပုံတွေအကြား လူသူတိတ်ဆိတ်နေပါတယ်။
ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ၁၉ ရက်နေ့က စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တို့ရဲ့ မြို့တွင်းတိုက်ပွဲမှာ ပထမဆုံးအကြိမ် လူနေအိမ် ၁၉ လုံး မီးလောင်ကျွမ်းခဲ့ပါတယ်။ အဲဒီ နောက်ပိုင်း မီးရှို့ခံရတဲ့အကြိမ် ၂၀ ကျော်အထိရှိလာခဲ့ပြီး မြို့ပေါ် အိမ်ခြေစုစုပေါင်းရဲ့ သုံးသုံးပုံတစ်ပုံဖြစ်တဲ့ နေအိမ်နဲ့ အဆောက်အအုံ ၈၁၃ လုံး မီးလောင်ဆုံးရှုံးခဲ့ရကြောင်း စာရင်းပြုစုထားတဲ့ ဒေသခံတွေက ပြောပါတယ်။
ဒီကာလအတွင်း မီးရှို့တဲ့ လက်သည်တရားခံတွေကိုလည်း ဗီဒီယိုရုပ်သံနဲ့ မှတ်တမ်း တင်နိုင်ခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ထန်တလန် စစ်ဘေးဒုက္ခသည်အရေး ကူညီနေသူတစ်ဦးက ပြောပါတယ်။
" ၂၀၂၁ တုန်းက ထန်တလန်မှာ မီးလောင်တဲ့ အိမ်က ၁၈ ကြိမ်မှာ ၆၉၀ ရှိသွားပြီ။ ဇန်နဝါရီလမှာလည်း မီးလောင်မှု သုံးကြိမ် လောက်ရှိတယ်။ ကျွန်တော်တို့ မီးလောင် တဲ့အခါကျရင် ထန်တလန်မြို့ပေါ်မှာ ဒရုန်း တွေ လွှတ်ထားတယ်။ အဲဒီမှာ ကျွန်တော်တို့ တွေ့ထားတာ ဘာဖြစ်လဲဆိုတော့ သူတို့ စစ်ကောင်စီ တပ်သားတွေက အိမ်ထဲမှာဝင် တယ်။ သူတို့ပြန်ထွက်တာနဲ့ အဲဒီအိမ် သူတို့ဝင်တဲ့ အိမ်ကနေ တခါထဲ မီးခိုးတွေထွက် သွားတယ် "
မီးလောင်ဆုံးရှုံးခဲ့ရတဲ့ နေအိမ်နဲ့ အဆောက်အအုံ ၈၁၃ လုံးထဲမှာ ပြည်သူပိုင်အဆောက် အအုံ ကိုးခု၊ ခရစ်ယာန် ဘုရားကျောင်း အပါအဝင် ဘာသာရေးအဆောက်အအုံ ၂၈ ခုပါဝင်တယ်လို့ ဆိုပါတယ်။
ထန်တလန်မြို့က နေအိမ်တွေ အခုလို အကြိမ်ကြိမ် မီးရှို့ခံနေရတာက ဘာကြောင့်ပါလဲ။
စစ်ကောင်စီတပ်သားတွေနဲ့ CDF အဖွဲ့တို့အကြား မြို့မှာတိုက်ပွဲဖြစ်တိုင်း နေအိမ်တွေ မီးရှို့ခံနေရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ထန်တလန်ဒေသခံတစ်ဦးက ပြောပါတယ်။
" အဓိကကတော့ CDF ၊ CNF တွေက ကျွန်တော်တို့ သားသမီးတွေပဲ။ ဒီသားသမီးတွေက မိဘတွေရဲ့ အိမ်ကို မီးရှို့ပါ့ မလား။ ဘယ်လိုလုပ်ရှို့မလဲ။ ရှို့တဲ့သူရှိလို့နေမှာပေါ့။ တိုက်ပွဲ ဖြစ်ပြီ၊ ပစ်ခတ်မှုတစ်ခုဖြစ်တယ်။ ရဲဘော် တစ်ယောက်မှန်တယ်။ ရဲဘော်တစ်ယောက် ကျဆုံးသွားတယ်ဆိုရင် သူတို့က မီးရှို့ဖို့ပဲ အားကိုးကြတာ "
အခုလို အကြိမ်ကြိမ် မီးရှို့ခံရတဲ့ဖြစ်စဉ်တွေ စတင်ခဲ့တဲ့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလထဲမှာပဲ လူဦးရေ တစ်သောင်းဝန်းကျင်ရှိတဲ့ မြို့သူမြို့သားအားလုံးဟာ မြို့ကိုစွန့်ခွာထွက်ပြေးခဲ့ကြရ ပါတယ်။
အချို့က နီးစပ်ရာမြို့နယ်တွေကို ထွက်ပြေးကြပေမယ့် အများစုကတော့ အိန္ဒိယနယ်စပ် ကျေးရွာတွေနဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲကို ထွက်ပြေးတိမ်းရှောင်သွားကြတာလို့ မြို့ခံတွေက ပြောပါတယ်။
ထန်တလန်မြို့ကို ဒေသခံတွေ မစွန့်ခွာခင် လူသေဆုံးမှုတွေလည်း ဆက်တိုက်ဖြစ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ် ဩဂုတ်လ ၂၅ ရက်နေ့က ထန်တလန်က စစ်ကောင်စီတပ်နဲ့ CDF တပ်ဖွဲ့တို့ အကြား တိုက်ပွဲမှာ လက်နက်ကြီးကြောင့် နေအိမ်မှာပုန်းနေတဲ့ အသက် ၁၀ နှစ်အရွယ် မောင်ဗန်ဘွေထန် လက်နက်ကြီးအစ ထိမှန်သေဆုံးခဲ့ရပါတယ်။
အလားတူ ဩဂုတ်လ ၂၇ ရက်နေ့ကလည်း နေအိမ်ပေါ် ရောက်လာတဲ့ မပေါက်ကွဲသေးတဲ့ ဗုံးကို အိမ်ပြင်ထုတ်ကြည့်ရာကနေ အသက် ၄၀ အရွယ် ဦးဟရဲဘိခ့် သေဆုံးခဲ့ရပါတယ်။
စက်တင်ဘာလ ၁၈ ရက်နေ့ကလည်း ထန်တလန်မြို့ပေါ်မှာ မီးလောင်နေတဲ့အိမ်တွေကို မီးငြိမ်းဖို့သွားတဲ့ ဓမ္မဆရာတစ်ဦး ပစ်သတ်ခံရပါတယ်။
ဒီအဖြစ်အပျက်တွေ အပါအဝင် ထန်တလန်မြို့မှာ စစ်ကောင်စီတပ်သားတွေရဲ့ လက်ချက် ကြောင့် သေဆုံးခဲ့ရတဲ့ ဒေသခံ ခြောက်ဦးရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
"စစ်ကောင်စီတပ်သားတွေအိမ်ထဲမှာဝင်တယ်။သူတို့ပြန်ထွက်တာနဲ့အဲဒီသူတို့ဝင်တဲ့အိမ်ကနေ တခါထဲမီးခိုးတွေထွက်သွားတယ်"
စစ်ကောင်စီပြောခွင့်ရသူ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကတော့ ထန်တလန်မှာ ဖြစ်ခဲ့တာတွေဟာ သူတို့လက်ချက်မဟုတ်ဘူးလို့ ငြင်းဆိုပါတယ်။
" ကျွန်တော်တို့ပြောချင်တာကတော့ အဲဒီမှာ ထန်တလန်မှာရှိနေတာ ပဲ ကျွန်တော်တို့ရဲ့ စခန်းတွေမှာပဲရှိနေတာ ဖြစ်တယ်။ မြို့ထဲမှာတော့ ကျွန်တော်တို့က မြို့ထဲမှာ ကင်းလှည့် နေတယ်ဆိုရင် ကင်းလှည့်တဲ့ အဖွဲ့တွေကိုတောင် လိုက်ပစ်တာဖြစ်ပါတယ်။ အရပ်ဝတ် နဲ့ပဲ ချောင်းပစ်နေတာဖြစ်ပါတယ်။ တကယ်ပြန် တုံ့ပြန်ပြီ ပစ်တယ်ဆိုရင် အရပ်သား တွေ သတ်ပါတယ်ဆိုတ လာဦးမယ် ။ အခု သူတို့က နောက်ဆုံးလုပ်နေတာက ဒရုန်းပေါ် ကနေ မီးလောင်တတ်တဲ့ဟာပစ်ချပြီးတော့ မီးရှို့တဲ့ဟာမျိုးရှိပါတယ်။ ပြောရမယ်ဆိုရင် နိုင်ငံတကာမှာ အထင်မြင် လွဲမှားလောက်အောင် လုပ်ဆောင်နေခြင်းဖြစ်တယ်"
ထန်တလန်မြို့က နေအိမ်တွေကို မီးရှို့ဖျက်စီးတာဟာ CDF အဖွဲ့ရဲ့ လုပ်ရပ်ဖြစ်တယ် လို့လည်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
ဒေသကာကွယ်ရေးအဖွဲ့ ထန်တလန် CDF ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ CDF အဖွဲ့ဟာ နိုင်ငံတကာဥပဒေကို လိုက်နာကျင့်သုံးတဲ့အဖွဲ့ဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။
" စစ်တပ်ဘက်က CDF တွေက နေအိမ်တွေကို မီးရှို့တယ်လို့ ပြောလာတာတွေ တွေ့ရ တယ်ပေါ့။ အဲကိစ္စက လုံးလုံးမှားတယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ CDF ထန်တလန်က စစ်ဘက်ဆိုင်ရာလမ်း ညွှန်မှု ဥပဒေကို ကောင်းကောင်းလိုက်နာတဲ့ လက်နက်ကိုင်ပေါ့နော်။ အဲမှာ ပြည်သူတွေရဲ့ နေအိမ်တွေကို ကာကွယ်ရ မယ် မီးရှို့ဖို့ ဆိုတာ ဝေးတာပေါ့နော် "
ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO ကလည်း အာဏာသိမ်းစစ်ကောင်စီအနေနဲ့ ထန်တလန်မြို့ ကို ပစ်မှတ်ထားလုပ်ဆောင်နေတာလို့မြင်ကြောင်း ပြောပါတယ်။

စစ်ကောင်စီရဲ့လုပ်ရပ်ကြောင့် ထန်တလန် အပါအဝင် ချင်းပြည်နယ်ရဲ့ လူဦးရေ ၂၀ ရာခိုင်နှုန်းဟာ သူတို့ရဲ့ နေအိမ်တွေကို စွန့်ခွာထွက်ပြေးနေကြရတယ်လို့လည်း ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO ရဲ့ အမှုဆောင်ဒါရိုက်တာ ဆလိုင်းဇအုပ်လိန်းက ပြောပါတယ်။
" ဒီလုပ်ရပ်တွေ အားလုံးဟာဆိုရင် ကျွန်တော်တို့ရဲ့ ချင်းပြည်နယ် ချင်းပြည်သူလူထုတွေ ကျွန်တော်တို့ မြို့၊ ရွာမှာ မနေနိုင်အောင် တမင်တကာမောင်းထုတ်ချင်လို့၊ ချင်းတော်လှန်ရေးကို သူတို့ ဖြိုခွင်းချင်လို့၊ ကျွန်တော်တို့ ချင်းတွေကို အဓိက ပစ်မှတ်ထားပြီး ချင်းပြည်နယ်ကနေ ထွက်သွားအောင် လုပ်နေတာဖြစ်ပါတယ်။ လူ ငါးသိန်းလောက်ပဲရှိတဲ့ ချင်းပြည်နယ်မှာဆိုရင် ၂၀ ရာခိုင်နှုန်းလောက် က သူတို့နေရပ်စွန့်ခွာပြီးတော့ IDP အနေနဲ့၊ စစ်ဘေးဒုက္ခသည်အနေနဲ့ နေနေရပါတယ် "
‘မချမ်းသာပေမဲ့ ပျော်ပါတယ်’ ဆိုတဲ့ မြို့ရဲ့ ဆောင်ပုဒ်နဲ့အညီ ယခင်က အေးချမ်းသာယာခဲ့တဲ့ ထန်တလန်မြို့ဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း သုသာန်တစ်စပြင်လို လူသူကင်းမဲ့နေခဲ့တာ အခုဆိုရင် အချိန် လေးလပြည့်ခဲ့ပြီလည်း ဖြစ်ပါတယ်။