အာဏာသိမ်းပြီးနောက် ပျော်ရွှင်စရာကင်းမဲ့သွားတဲ့ သင်္ကြန်

RFA Burmese
2023.04.21
အာဏာသိမ်းပြီးနောက် ပျော်ရွှင်စရာကင်းမဲ့သွားတဲ့ သင်္ကြန် ၂၀၁၉ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့နှင့် ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၄ ရက်နေ့က ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့ သင်္ကြန်မဏ္ဍပ် မြင်ကွင်းများကို တွေ့ရစဉ်။
Photo: RFA

မြန်မာနိုင်ငံရဲ့ အကြီးဆုံးနဲ့ ပျော်ရွှင်စရာအကောင်းဆုံး ရိုးရာနှစ်ကူးသင်္ကြန်ဟာ စစ်တပ် အာဏာသိမ်းပြီးနောက်မှာ တိတ်ဆိတ်ခြောက်ကပ်ရုံမက ဗုံးပေါက်ကွဲမှုတွေနဲ့ စိုးရိမ် ထိတ်လန့်ဖွယ်သင်္ကြန် ဖြစ်လာခဲ့တယ်လို့ အရပ်သား ပြည်သူတွေနဲ့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေက ပြောပါတယ်။

စစ်ကောင်စီက သင်္ကြန်ပွဲတော်ကို အစောင့်အကြပ်တွေနဲ့ကျင်းပခဲ့သလို၊ ပြည်သူ အများစုကလည်း စစ်ကောင်စီနဲ့ မပူးပေါင်းတဲ့အနေနဲ့ သာမန်နေ့တွေလိုပဲ သင်္ကြန်ကာလကို ဖြတ်သန်းသွားတာ တွေ့ရပါတယ်။ တစ်ဘက်မှာလည်း အခုနှစ် သင်္ကြန်ကာလအတွင်း ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ ပဲခူး စတဲ့ တိုင်းတွေနဲ့ နေပြည်တော်၊ ကယားနဲ့ ရှမ်းပြည်နယ် တွေမှာ ဗုံးပေါက်ကွဲမှု ၁၀ ကြိမ်ထက်မနည်း ဖြစ်ခဲ့တာပါ။

RFA က သီးသန့်ပြုစုထားတဲ့ စာရင်းအရ ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့ကနေ ဧပြီ ၁၆ ရက် အတက်နေ့ထိ လေးရက်အတွင်း နိုင်ငံတစ်ဝန်းက မဏ္ဍပ်တချို့မှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပြီး လူ ၁၂ ဦးထက်မနည်း သေဆုံးခဲ့သလို ၇၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

ရှမ်းပြည်နယ် လားရှိုး၊ စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် ကြွယ်ပုံရွာ၊ ကယားပြည်နယ် လွိုင်ကော်၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့က မဏ္ဍပ်တွေမှာ သင်္ကြန်အကြိုနေ့ကစလို့ ဗုံးပေါက်ကွဲမှု၊ ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်မှုတွေ ဖြစ်ခဲ့တာပါ။

ဒီတိုက်ခိုက်မှုတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ PDF တွေက လုပ်ဆောင်တာလို့ စစ်ကောင်စီက စွပ်စွဲပါတယ်။

ဒီစွပ်စွဲချက်နဲ့ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော်ကို မေးမြန်းတဲ့အခါ စစ်တပ်က အရပ်သားတွေကိုသတ်ဖြတ်တိုင်း တော်လှန်ရေးအင်အားစုတွေကို အပြစ်ပုံချလေ့ရှိတယ်လို့ တုံ့ပြန်ပါတယ်။

"NUG အစိုးရရဲ့ မူဝါဒကတော့ အရပ်သားပစ်မှတ်ကို မတိုက်ရဘူး၊ အရပ်သားတွေကို အတတ်နိုင်ဆုံး ကာကွယ်ရမယ်၊ စစ်ဘက်ဆိုင်ရာပစ်မှတ်တွေပဲ‌ ချေမှုန်းရမယ်ဆိုတာ ပြောကြားထားပြီးသားပါ။ ဒါကလည်း ကျနော်တို့ရဲ့ မူဝါဒပါ။ အကြမ်းဖက်စစ်ကောင်စီ က လူသားဒိုင်းသုံးတဲ့လုပ်ရပ်တွေလည်း အများကြီးရှိတာတွေ့ရပါလိမ့်မယ်။ တစ်ခါတစ်ခါကျရင် သူတို့ကိုယ်တိုင် အရပ်သားတွေကို သတ်ဖြတ်တာကို တော်လှန်ရေးအင်အားစုတွေကို အပြစ်ပုံချတဲ့ သာဓကတွေ ရှိခဲ့တာကို တွေ့ရပါလိမ့်မယ်"

အာဏာသိမ်းပြီးနောက် အကြောင်းအမျိုးမျိုးနဲ့ သေဆုံးခဲ့ရတဲ့ အရပ်သားတွေအတွက် ဝမ်းနည်းမိတယ်လို့ ဦးကျော်ဇော်က ပြောပါတယ်။

"အာဏာမသိမ်းခဲ့ရင်တော့ ပုံမှန်လူနေမှုဘဝမှာ ရှိနေမယ်။ ဒီမိုကရေစီစံနှုန်းအပြည့်နဲ့ လည်ပတ်တဲ့၊ အပြည့်အဝ မဟုတ်ရင်တောင် ဒီမိုကရေစီအရသာရရှိနေတဲ့ ပုံစံမျိုးတွေနဲ့ ကျနော်တို့နိုင်ငံ တိုးတက်ထွန်းကားပြီး လည်ပတ်မယ်ပေါ့နော်"

အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံးက အရပ်သားပြည်သူတွေ သေဆုံးထိခိုက်မှု များနေချိန်မှာ စစ်ကောင်စီက ရိုးရာသင်္ကြန်ကို ဝါဒဖြန့်ဖို့သက်သက် ဟန်ပြလုပ်ဆောင် ခဲ့တာကြောင့် ဆန့်ကျင်တိုက်ခိုက်ကြတာလို့ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

"စစ်ကောင်စီက ပုံမှန်ဖြစ်နေသယောင်၊ တိုင်းပြည်က အေးချမ်းနေသယောင်၊ သူတို့အုပ်ချုပ်မှု ပြည်သူလူထုက လိုအပ်နေသယောင် နိုင်ငံတကာကို ဝါဒဖြန့်သွားမှာ စိုးရိမ်တယ်လို့ပဲ ကျနော်တို့ကတော့ ယူဆတယ်။ အာဏာမသိမ်းခဲ့ရင်တော့ ပုံမှန်လူနေမှုဘဝမှာ ရှိနေမယ်။ ဒီမိုကရေစီစံနှုန်းအပြည့်နဲ့ လည်ပတ်တဲ့၊ အပြည့်အဝ မဟုတ်ရင်တောင် ဒီမိုကရေစီအရသာရရှိနေတဲ့ ပုံစံမျိုးတွေနဲ့ ကျနော်တို့နိုင်ငံ တိုးတက်ထွန်းကားပြီး လည်ပတ်မယ်ပေါ့နော်"

ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့က ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က ရန်တိုင်းအောင် သင်္ကြန်မဏ္ဍပ်မှာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး အရပ်သား လေးဦး သေဆုံးခဲ့ပါတယ်။ နောက်ထပ် ၁၁ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒီပေါက်ကွဲမှုနဲ့ ပတ်သက်လို့ ဘယ်အဖွဲ့ကမှ ဝန်ခံပြောဆိုတာ မရှိပါဘူး။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် ကြွယ်ပုံရွာက ရေကစားမဏ္ဍပ်ဟာလည်း သင်္ကြန်အကြိုနေ့ မှာပဲ ဒရုန်းနဲ့ ဗုံးခွဲခံရလို့ လူ ရှစ်ဦး သေဆုံးသလို၊ နောက်ထပ် လူ ၃၀ ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

ကြွယ်ပုံရွာဟာ စစ်ကောင်စီကိုထောက်ခံပြီး စစ်တပ်က လက်နက်တပ်ပေးထားတဲ့ ပျူစောထီးနဲ့ ပြည်သူ့စစ်တွေရဲ့ ရွာဖြစ်လို့ ကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်ခဲ့တာလို့ စစ်ကိုင်းမြို့နယ် ဒေသခံတစ်ဦးက ပြောပါတယ်။

"အဲဒီရွာ (ကြွယ်ပုံရွာ) က ဘယ်လိုရွာလို့ ပြောရမလဲဆိုရင် ပျူရွာဗျ။ သူတို့ပိုင်နက်ပေါ့၊ အကျော်မခံဘူး။ သူတို့နား နီးကပ်တဲ့နေရာတောင်မှ တောင်သူလုပ်တဲ့ မြေယာရှိလို့ သွားလုပ်ရင် သူတို့က (သေနတ်နဲ့) ပစ်လွှတ်တာ"

အဲဒီရွာက ထိခိုက်သေဆုံးသူတွေကို စစ်ကောင်စီတပ်က စစ်ထရပ်ကားကြီးတွေနဲ့ မြို့ပေါ် ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့လည်း သူကပြောပါတယ်။

ဧပြီ ၁၅ ရက် သင်္ကြန်အတက်နေ့ကလည်း ကယားပြည်နယ်၊ လွိုင်ကော်မြို့က စစ်ကောင်စီ ပြည်နယ်ရုံး ဗဟိုမဏ္ဍပ်ကို Falcon Wings ဒရုန်းတပ်ဖွဲ့က ဗုံးနဲ့တိုက်ခိုက်ခဲ့ပါတယ်။ ဒါဟာ လူအစုအလိုက်အပြုံလိုက် သေဆုံးခဲ့တဲ့ ကယားပြည်နယ် မိုဆိုရွာ၊ ကချင်ပြည်နယ် အနန့်ပါရွာ၊ စစ်ကိုင်းတိုင်းက လက်ယက်ကုန်းနဲ့ ပဇီကြီးရွာ ဖြစ်ရပ်တွေအတွက် လက်စားချေတာလို့ Falcon Wings ဒရုန်းတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

အဲဒီအဖွဲ့ကိုလည်း RFA က ကြိုးစားဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

စစ်ကောင်စီဘက်ကတော့ လွိုင်ကော်ဗဟိုမဏ္ဍပ်တိုက်ခိုက်ခံရမှုမှာ စစ်ကောင်စီ ပြည်နယ်အရာရှိတွေနဲ့ ဝန်ထမ်းတွေအပါအဝင် အမျိုးသား ၁၅ ဦး၊ အမျိုးသမီး ၁၃ ဦး၊ စုစုပေါင်း ၂၈ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ပြည်သူ့ကာကွယ်ရေးအင်အားစုတွေဘက်က တိုက်ခိုက်တာတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က ပိုပိုသာသာ ထုတ်ပြန်လေ့ရှိတာကြောင့် အဲဒီအချက်အလက်တွေကို အတည်ပြုလို့ မရသေးဘူးလို့ လွိုင်ကော်မြို့ခံတစ်ဦးက ပြောပါတယ်။

"သယ်တာလည်း သူတို့အစီအစဉ်နဲ့ သယ်တာဆိုတော့လေ၊ အတွင်းသတင်း ဖြစ်သွားတော့ ကောလဟလတွေပဲ ကြားရတယ်။ ဟိုလိုလို ဒီလိုလိုနဲ့။ အတိအကျတော့ မကြားရဘူးဗျ"

စစ်ကောင်စီကိုထောက်ခံရေးသားတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ မြစ်ကြီးနားမြို့က ဗဟိုမဏ္ဍပ်ဟာလည်း ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီး နှစ်ဦး ဒဏ်ရာရတယ်လို့ ရေးသားခဲ့ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးအား ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့က ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင် ရေကစားမဏ္ဍပ်များအနီးတွင် တွေ့ရစဉ်။ (Photo: RFA)
စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးအား ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့က ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင် ရေကစားမဏ္ဍပ်များအနီးတွင် တွေ့ရစဉ်။ (Photo: RFA)

ဒီဖြစ်ရပ်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တုံ့ပြန်ချက်ရဖို့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့ပေမယ့် မရတဲ့အတွက် စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ရဲ့ အမှုဆောင်ညွန်ကြားရေးမှူး ဦးသိန်းထွန်းဦးကို မေးမြန်းတဲ့အခါမှာတော့ အကြမ်းဖက်တာတွေလုပ်လာရင် အကြမ်းဖက်နှိမ်နင်းခံရမယ်လို့ ပြောပါတယ်။

"ပြည်သူတွေအနေနဲ့ မပျော်သင့်ဘူး၊ ဒီလိုပျော်လို့ရှိရင် တော်လှန်ရေးကို ဆုတ်ယုတ်အောင်လုပ်တယ်လို့ အော်တာလည်း PDF နဲ့ NUG အသိုင်းအဝိုင်းက လူတွေချည်းပဲ။ နောက်တစ်ခါ မဏ္ဍပ်တွေမှာ သွားကဲလို့ရှိရင် အန္တရာယ်ရှိနိုင်တယ်လို့ အော်နေကြတာလည်း အဲဒီဘက်ကပဲ။ ဘယ်သူလုပ်တယ်ဆိုတာတော့ သူတို့ကိုယ်တိုင် က ပြောပြီးသားမို့ လက်သည်တော့ အထူးအထွေ ရှာစရာအကြောင်း မရှိပါဘူး။ အဲဒါက ဘာဖြစ်လဲဆိုတော့ အကြမ်းဖက်လမ်းကြောင်းပေါ်ကို တဖြည်းဖြည်းနဲ့ ရောက်လာတာပဲ။ အခုဆို ဒါ တော်တော်လေး ပုံပေါ်သွားပြီ။ အကြမ်းဖက်ပုံစံမျိုး လမ်းကြောင်းကို ရွေးခဲ့တယ်ဆိုရင်တော့ အကြမ်းဖက်ပုံစံ နှိမ်နင်းတာ တုံ့ပြန်တာမျိုး ခံရမှာပဲလေ"

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ သင်္ကြန်ကာလ သေဆုံးထိခိုက်မှုတွေဟာ စစ်တပ်ထောက်ခံသူတွေ၊ စစ်ကောင်စီနဲ့ ဆက်စပ်နေသူတွေသာ ဖြစ်တာကြောင့် ထူးထူးခြားခြား ဝမ်းနည်းစရာမရှိဘူးလို့ ပြောပါတယ်။

"တိုင်းပြည်တစ်ခုလုံး သာယာတယ်လို့၊ တည်ငြိမ်အေးချမ်းနေတယ်လို့ ကမ္ဘာကို လိမ်ညာ နေတဲ့ ဒီစစ်အစိုးရရဲ့ လုပ်ငန်းစဉ်တွေကို ဆန့်ကျင်ဖို့ ကျနော်တို့က မေတ္တာရပ်ခံထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူ ၉၀ ရာခိုင်နှုန်းက မသွားကြပါဘူး။ အခါခါ သတိ ပေးထားလျက်နဲ့ စစ်ကောင်စီရဲ့ အစီအစဉ်တွေမှာ ပါဝင်ပျော်ပါးကြတဲ့ အင်အားစုတွေ ဒီလိုဖြစ်တာနဲ့ပတ်သက်လို့ ဘာမှ ကျနော်တို့ ဝမ်းနည်းနောင်တရစရာမရှိဘူးလို့ မြင်မိတဲ့အကြောင်း ပြောချင်ပါတယ်"

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဧပြီ ၂၀ ရက် ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်း နှစ်နှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်းမှာ အရပ်သား ပြည်သူ ၃,၄၂၂ ဦး သေဆုံးပြီး၊ ၁၇,၅၆၃ ဦး ဖမ်းဆီးခံထားရဆဲ ဖြစ်ပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ NUG နဲ့ PDF တွေရဲ့ တိုက်ခိုက်မှုကြောင့် နိုင်ငံတစ်ဝန်း ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍက ဝန်ထမ်းတွေ၊ ရဟန်းသံဃာနဲ့ သီလရှင်တွေ အပါအဝင် လူ ၄,၆၄၅ ဦး သေဆုံးခဲ့ကြောင်း ကြံ့ခိုင်ဖွံ့ဖြိုးရေး မီဒီယာဖြစ်တဲ့ People Media ကို ပြီးခဲ့တဲ့ မတ်လက ပြန်လည်ဖြေဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။