သူရဦးတင်ဦးရဲ့ နောက်ဆုံးခရီးကို သံတမန်တွေနဲ့အတူ လူတစ်ထောင်ကျော် လိုက်ပါပို့ဆောင်

RFA Burmese
2024.06.05
သူရဦးတင်ဦးရဲ့ နောက်ဆုံးခရီးကို သံတမန်တွေနဲ့အတူ လူတစ်ထောင်ကျော် လိုက်ပါပို့ဆောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနာယက သူရဦးတင်ဦး၏ ဈာပနကို ၂၀၂၄ ခုနှစ် ဇွန်လ ၅ ရက်နေ့က ရေဝေးသုသာန်တွင် ပြုလုပ်ခဲ့စဉ်။
Photo: RFA

ရန်ကုန်မြို့၊ ရေဝေးသုသာန်မှာ ဒီနေ့ညနေပိုင်းပြုလုပ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနာယကကြီး သူရဦးတင်ဦးရဲ့ နာရေးအခမ်းအနားကို လူတစ်ထောင်ကျော် လိုက်ပါပို့ဆောင်ခဲ့တယ်လို့ နာရေးကျင်းပရေး ကော်မတီဝင်တွေက RFA ကို ပြောပါတယ်။

နေ့လယ် တစ်နာရီမှာ အင်းယားမြိုင် နေအိမ်ကနေ တက္ကသိုလ်ရိပ်သာလမ်းမှာရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံအမှတ် (၅၄) အိမ်ရှေ့ကနေဖြတ်ပြီး ရေဝေးသုသာန်ကို ပို့ဆောင်ခဲ့ပါတယ်။

သံတမန်တွေအပြင် စစ်ကောင်စီအဖွဲ့ဝင် ပဒိုမန်းငြိမ်းမောင်၊ အနုပညာရှင်တွေ၊ NLD ပါတီဝင်တွေနဲ့အတူ ဦးတင်ဦးကို လေးစားတဲ့ပြည်သူတွေ ဂါရဝပြုတက်ရောက်ခဲ့တာပါ။

နာရေးကျင်းပရေး ကော်မတီဝင်ဖြစ်တဲ့ ဒေါက်တာ မျိုးညွန့်ကတော့ ဈာပနအခမ်းအနားကို အစီအစဥ် ခြောက်ခုနဲ့ကျင်းပခဲ့ပြီး ဂူသွင်းသင်္ဂြိုဟ်ခဲ့တယ်လို့ RFA ကိုပြောပါတယ်။

“နေအိမ်ကနေ တစ်နာရီမှာ ထွက်မယ်။ နောက် ရေဝေးမှာ နှစ်နာရီခွဲကနေ လေးနာရီအထိ ဧည့်ခံတဲ့အခမ်းအနားရှိပါမယ်။ လေးနာရီတိတိမှာ ဂူသွင်းသင်္ဂြိုဟ်တဲ့ အခမ်းအနားရှိပါမယ်။ ဘဘကို ကြည်ညိုတဲ့ပြည်သူတွေ၊ နောက်အဖွဲ့ဝင်တွေ သံဃာတော်တွေကအစ အားလုံးဂါရဝပြုနိုင်အောင် အသိအမှတ်ပြုနိုင်အောင် အချိန်တွေကို သေချာလုပ်ထားပါတယ်။ ရေဝေးမှာ အဓိကကတော့ အခမ်းအနား ခြောက်ရပ်နဲ့ လုပ်မှာပါ”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနာယက သူရဦးတင်ဦး၏ ဈာပနကို ၂၀၂၄ ခုနှစ် ဇွန်လ ၅ ရက်နေ့က ရေဝေးသုသာန်တွင် ပြုလုပ်ခဲ့စဉ်။ (Photo: RFA)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနာယက သူရဦးတင်ဦး၏ ဈာပနကို ၂၀၂၄ ခုနှစ် ဇွန်လ ၅ ရက်နေ့က ရေဝေးသုသာန်တွင် ပြုလုပ်ခဲ့စဉ်။ (Photo: RFA)

မသင်္ဂြိုဟ်ခင် သူ့ဘဝဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံ အတ္ထုပတ္တိကို အကျဥ်းချုပ် ဖတ်ပြခဲ့ပြီး ညနေ လေးနာရီမှာတော့ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ရဲ့ အုတ်ဂူအနီးမှာပဲ ဂူသွင်းသင်္ဂြိုဟ်ခဲ့တာလို့ ဆိုပါတယ်။

“ပြည်သူချစ်တဲ့ ကာကွယ်ရေးဦးစီးချုပ်ဟောင်းတစ်ဦး ဆုံးရှုံးလိုက်ရတဲ့အပေါ် ဝမ်းနည်းမိပါတယ်”

အဲဒီနာရေးကို မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာအိချီရော့ မာရုယာမ၊ မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူ သံအမတ်၊ တရုတ်ကောင်စစ်ဝန်နဲ့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်တို့လည်း တက်ရောက်ခဲ့ပါတယ်။

သမ္မတဦးဝင်းမြင့်ရဲ့ဇနီး ဒေါ်ချိုချိုကတော့ ဒီနေ့မနက်ပိုင်းမှာ သူရဦးတင်ဦးနေအိမ်ကို လူကိုယ်တိုင် နာရေးသတင်း လာရောက်မေးမြန်းခဲ့ပါတယ်။

နာရေးကို ကိုယ်တိုင်ကြွရောက်ခဲ့တဲ့ ရွှေညဝါဆရာတော်က ဦးတင်ဦးဟာ ဘယ်ဖက်မှမယိမ်းဘဲ ရပ်တည်ခဲ့သူလို့ မိန့်ပါတယ်။

“ဘုန်းကြီးရဲ့ဒကာကြီး ဦးတင်ဦး ကောင်းရာသုဂတိ ဘုံဘဝဘုံဌာန ရောက်ပါစေလို့ ဆုတောင်းစရာ မလိုပါဘူး။ စာရိတ္တသီလ၊ ဝါရိတ္တသီလ ပြည့်စုံပြီးသား ဒကာကြီးတစ်ယောက်ပါ။ မဆုတ်မလျော့ အရောင်မပြောင်း ဘယ်ကိုင်းမှမကူးဘဲ ထာဝရ ရပ်တည်ခဲ့ပါတယ်”

ရေဝေးသုဿာန်ကိုသွားရာ လမ်းတစ်လျှောက်နဲ့ ရေဝေးသုသာန်မှာ စစ်ကောင်စီတပ်က လုံခြုံရေးအင်အား တိုးချထားတာ တွေ့ရတယ်လို့လည်း မိန့်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနာယက သူရဦးတင်ဦး၏ ဈာပနကို ၂၀၂၄ ခုနှစ် ဇွန်လ ၅ ရက်နေ့က ရေဝေးသုသာန်တွင် ပြုလုပ်ခဲ့စဉ်။ (Photo: RFA)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနာယက သူရဦးတင်ဦး၏ ဈာပနကို ၂၀၂၄ ခုနှစ် ဇွန်လ ၅ ရက်နေ့က ရေဝေးသုသာန်တွင် ပြုလုပ်ခဲ့စဉ်။ (Photo: RFA)

ပြည်သူချစ်တဲ့ ကာကွယ်ရေးဦးစီးချုပ်ဟောင်းတစ်ဦး ဆုံးရှုံးလိုက်ရတဲ့အပေါ် ဝမ်းနည်းမိတယ်လို့ နာရေးကိုလိုက်ပါပို့ဆောင်သူ ဒေါ်ညိုညိုသင်းက RFA ကို ပြောပါတယ်။

“ပြည်သူချစ်တဲ့ ကာကွယ်ရေးဦးစီးချုပ်တစ်ယောက် ဆုံးပါးသွားတဲ့အတွက်ကြောင့်မလို့ တစ်တိုင်းပြည်လုံးက ကြေကွဲဝမ်းနည်းရတယ်ပေါ့လေ။ ကာကွယ်ရေး ဦးစီးချုပ်တိုင်းကို ပြည်သူတွေ ချစ်တယ်ဆိုတာ အရမ်းရှားတယ်။ ဒီကာကွယ်ရေးဦးစီးချုပ်ကတော့ ပြည်သူတွေ တကယ်ချစ်တဲ့သူ ဖြစ်တယ်။ အဲဒါကြောင့်မလို့ တိုင်းပြည်မှာ ပြည်သူတွေချစ်တဲ့ နိုင်ငံရေးခေါင်းဆောင်တွေ တစ်နေ့တခြား များလာပါစေလို့ ဆုတောင်းပါတယ်”

အသက် ၉၈ နှစ်အရွယ် သူရဦးတင်ဦးဟာ ဇွန် ၁ ရက်နေ့ မနက် ၈ နာရီကျော်က ရန်ကုန်ဆေးရုံကြီးရဲ့ နှလုံးအထူးကြပ်မတ်ဆောင်မှာ ဆေးကုသမှုခံယူရင်း ကွယ်လွန်ခဲ့တာပါ။

သူရဦးတင်ဦးဟာ ၁၉၇၄ ခုနှစ်ကနေ ၁၉၇၆ ခုနှစ်အထိ ဗိုလ်ချုပ်ကြီးရာထူးနဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တာဝန်ယူခဲ့ဖူးသူဖြစ်သလို ၁၉၈၈ ခုနှစ်မှာ (NLD) ပါတီကို တည်ထောင်ခဲ့ချိန်ကလည်း ပါဝင်ခဲ့သူဖြစ်ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်မိသားစု၊ သမ္မတဟောင်း ဦးထင်ကျော် မိသားစု၊ ဒေါက်တာ ဇော်မြင့်မောင်၊ ဒေါ်နန်းခင်ထွေးမြင့်၊ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ တရုတ်သံရုံး၊ ထိုင်းသံရုံး၊ အိန္ဒိယသံရုံး၊ ဂျပန်သံရုံးနဲ့ အီတလီသံရုံးတို့ကလည်း လွမ်းသူ့ပန်းခြင်းတွေ ပေးပို့ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။