စစ်ဖြစ်နေတဲ့ ဒေသတွင်း ကျေးရွာခေါင်းဆောင်အချို့ သေဆုံးမှု

0:00 / 0:00

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်အတွင်း လားဟူနဲ့ ကိုးကန့်တိုင်းရင်းသားတွေ နေထိုင်တဲ့ မန်ကောင်းရွာက ရာအိမ်ခွဲမှူး၊ သူကြီး ဦးမာကူး မနေ့က မနက်က အသတ်ခံရပါတယ်။ ရရှိတဲ့သတင်းတွေအရ သူကြီးကို သတ်သွားတာ မောင်းပြန်သေနတ်နဲ့ဖြစ်ပြီး MNDAA ကိုးကန့်အဖွဲ့ဝင်ဟောင်း တယောက်ဖြစ်တယ်လု့ိ ဒေသခံတွေကပြောပါတယ်။ လာသတ်တဲ့ အကြောင်းရင်းကို မသိရသေးပေမယ့် ဝေဖန်မှုတွေကတော့ အမျိုးမျိုးထွက်ပေါ်နေပါတယ်။

ခုလိုကျေးရွာ တာဝန်ရှိသူ ရှမ်းပြည်မြောက်ပိုင်းမှာ လုပ်ကြံခံရတာ အရင်ကရှိခဲ့ဖူးပေမယ့် အခုနှစ်ပိုင်းတွေ တလအတွင်းမှာတော့ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ ဒါပေမယ့် ကျေးရွာတာဝန်ခံတွေ အရေးယူခံရတာလည်း ရှိခဲ့ဖူးပါတယ်။ ဒါဟာလည်း ဒေသတွင်းဖြစ်နေတဲ့ စစ်ပွဲတွေနဲ့ ပတ်သက်နေပါတယ်။ အခုနှစ် မတ်လအတွင်းက ကျောက်မဲမြို့နယ် နန်းဟူတောင်ရွာအုပ်ချုပ်ရေးမှူးဟာ ရှမ်းလက်နက်ကိုင်တပ်ဖွဲ့တွေကို ကူညီတယ်ဆိုပြီး အရေးယူခံရတာပါ။

ဒီအရေးယူမှုဖြစ်လာချိန်မှာ ကျောက်မဲမြို့နယ်ထဲက အုပ်ချုပ်ရေးမှူး ၁ဝ ဦး လောက် နှုတ်ထွက်စာတင်ကြပါတယ်။ အုပ်ချုပ်ရေးမှူးတွေက သူတို့ဟာ ဆန့်ကျင်ဘက် လက်နက်ကိုင်အဖွဲ့တွေကြားက သားကောင်တွေ ဖြစ်နေရပါတယ်။ ခတ်နေတဲ့ ကျွဲနှစ်ကောင်ကြားက မြေစာပင်ဖြစ်ရပါတယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာလည်း ရခိုင့်တပ်တော် AA အဖွဲ့နဲ့ အစိုးရ တပ်မတော်ရဲ့ တိုက်ပွဲတွေဟာ ၂ဝ၁၉ ခုနှစ် နှစ်ဦးပိုင်းမှာ စတင်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ ကျေးရွာတာဝန်ရှိသူတွေ လုပ်ကြံသတ်ဖြတ်ခံရတာတွေစပြီး မြင်တွေ့လာရပါတယ်။

ဒီလိုသတ်ဖြတ်ခံရတာတွေဟာ ၂ဝ၁၈ခုနှစ် ဖေဖော်ဝါရီလအတွင်းက မြောက်ဦးမြို့နယ်ကနေ စစ်တွေကို ပြောင်းလာတဲ့ အုပ်ချုပ်ရေးမှူး အသတ်ခံခဲ့ရသလို ၂၀၁၉ခုနှစ် မတ်လမှာ ကျောက်တော်မြို့နယ် သရက်တပင်က အုပ်ချုပ်ရေးမှူးဟောင်း အသတ်ခံရပြီး ဇွန်လမှာ မင်းပြား ကျောက်ခုတ်ရွာက အုပ်ချုပ်ရေးမှူးအသတ်ခံရပါတယ်။ ကျောက်တော်မြို့နယ် တောင်ကုလားရွာက အုပ်ချုပ်ရေးမှူးကတော့ ၂ဝ၁၉ နှစ်ဆန်းပိုင်းကတည်းက ပျောက်ဆုံးနေတာ ဒီနေ့အထိ ရှာမတွေ့သေးပါဘူး။

ခုလို ရခိုင်ပြည်နယ်အတွင်းက အုပ်ချုပ်ရေးတာဝန်ရှိသူတွေ အသတ်ခံရတာဟာ ဖြစ်ပွားနေတဲ့ စစ်ပွဲနဲ့ တိုက်ရိုက်ပတ်သက်တယ်လို့ သုံးသပ်ကြပါတယ်။ တကယ်တော့ ကျေးရွာတာဝန်ရှိသူတွေကို အစိုးရတပ်မတော်ဘက်က ခေါ်ယူပြီး တာဝန်ပေးတာတွေ သတင်းရယူတာတွေ ရှိခဲ့ပါတယ်။ ဒါကိုလည်း AA အဖွဲ့က သတိပေးချက်တွေ ထုတ်ပြန်တာတွေ့ရပါတယ်။ တခြား တဖက်မှာလည်း AA ကို သတင်းပေးလို့ဆိုပြီး ကျေးရွာတာဝန်ခံတွေ အရေးယူခံရတာတွေလည်း မြင်ရပါတယ်။ ဒါကြောင့် မြောက်ဦး၊ ရသေ့တောင်၊ ကျောက်တော် မြို့နယ်တွေက ရာနဲ့ ချီတဲ့ တာဝန်ခံတွေ နှုတ်ထွက် စာတင်တာလည်း ကြုံခဲ့ရပါတယ်။

ဒီအခြေအနေတွေကြောင့် ရှမ်းပြည်မြောက်ပိုင်းက ရွာသူကြီး အသတ်ခံရတာ၊ နှုတ်ထွက်တာတွေဟာ ရခိုင်ပြည်နယ်က အခြေအနေနဲ့မျိုးလားဆိုတဲ့ စိုးရိမ်မှုတွေ တက်လာနေစေပါတယ်။ နှိုင်းယှဉ်ပြောရရင် ရှမ်းပြည်မောက်ပိုင်းမှာလည်း ရခိုင်ပြည်နယ်အတွင်းမှာလို သေနတ်သံ၊ အမြောက်သံနဲ့ မြေမြှုပ်မိုင်း ပေါက်ကွဲသံတွေ မစဲနိုင်ဖြစ်နေတာကြောင့် မဟုတ်ပါလား။

( RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် စုစည်းတင်ပြသည်)