TNLA က ကျေးလက်လူထုကို နှိပ်စက်နေတယ်လို့ အရပ်ဘက်အဖွဲ့တွေ ထုတ်ပြန်

ကျော်လွင်ဦး ၊ နေမျိုးထွန်း
2020.08.01

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်နဲ့ မန်တုံမြို့နယ်တွေမှာ တအာင်းလက်နက်ကိုင်အဖွဲ့ TNLA က အရပ်သား တချို့ကို ကိုယ်ထိလက်ရောက် ရိုက်နှက်တာ၊ ခြိမ်းခြောက်ငွေတောင်းခံတာတွေနဲ့ ပတ်သက်ပြီး အရပ်ဘက်အဖွဲ့ ၅၀ နီးပါးက ကန့်ကွက် ရှုံ့ချကြောင်း ထုတ်ပြန်ခဲ့တာပါ။

TNLA အဖွဲ့ဟာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ခေါင်းစဉ်နဲ့ ဒေသခံတွေကို ဖမ်းဆီး စစ်ဆေးချိန်မှာ အဲဒီလို ကျူးလွန်ခဲ့တာလို့ ဒေသခံတွေ၊ အရပ်ဘက်အဖွဲ့တွေက ပြောပါတယ်။

မူးယစ်တိုက်ဖျက်ရေးလုပ်ငန်းကို နှိပ်စက်ညှဉ်းပန်းမှုမပါဘဲ လုပ်စေချင်တယ်လို့ အဲဒီထုတ်ပြန်ချက် ထုတ်ပြန်ထားတဲ့ အရပ်ဘက်အဖွဲ့ ၅၀ တို့ရဲ့ ပြောရေးဆိုခွင့်ရှိသူ မိုင်းမိုင်က ပြောပါတယ်။

"သူတို့ရဲ့ လုပ်ငန်းစဉ်ဖြစ်တဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းစဉ်ကို လွတ်လွတ်လပ်လပ် လုပ်နိုင်တယ်၊ သို့သော်လည်း ကျမတို့ပြောချင်တာက ဒီလိုဖြစ်စဉ် လုပ်လာတဲ့အချိန်မှာ ထိလွယ်ရှလွယ် အုပ်စုတွေကို ကိုယ်ထိလက်ရောက် ကျူးလွန်တဲ့ အပေါ်မှာ လူသားတွေအပေါ်  ရိုက်နှက်ညှဉ်းပန်းနှိပ်စက်တယ်ဆိုတဲ့ လူ့အခွင့်ရေးချိုးဖောက်မှုကို အဓိကထား ပြောခြင်းဖြစ်တယ်၊ နောက်နောင် လူသားမဆန်တဲ့ ကိုယ်ကာယဗလ အားကိုးနဲ့ ညှဉ်းပန်းနှိပ်စက်တဲ့ အပြုအမှုတွေ မလုပ်ခိုင်းစေချင်လို့ အခုလို ထုတ်ပြန်တာပါ"


ဇူလိုင်လအတွင်း ကွတ်ခိုင်မြို့နယ် ကာလိုင်ကျေးရွာ၊ နမ့်ဖက်ကာကျေးရွာနဲ့ မန်တုံမြို့နယ်တွေမှာနေထိုင်တဲ့ မီးဖွားခါနီး ကိုယ်ဝန်ဆောင်သည်တစ်ဦး အပါအဝင် အမျိုးသမီး သုံးဦး၊ ကလေးနှစ်ဦးနဲ့ မသန်စွမ်း အမျိုးသား တစ်ဦး အပါအဝင် အမျိုးသား သုံးဦး စုစုပေါင်း ရှစ်ဦးကို  TNLA အဖွဲ့က မတရား ညှဉ်းပန်းနှိပ်စက်တာ၊ ခြိမ်းခြောက်ငွေတောင်းခံတာတွေ ခံခဲ့ရတယ်လို့ ကြောညာချက်မှာ ရေးသားထား ပါတယ်။

နမ့်ဖက်ကာကျေးရွာက မထန့်ဒင်ကတော့ သူတို့ရွာမှာ TNLA အဖွဲ့က ၂၀၂၀ အတွင်း မတရား ဖမ်းဆီးရိုက်နှက်တာ၊ ငွေတောင်းတာကို ခံရသူ လေးဦးရှိတယ်လို့ ပြောပါတယ်။

"တစ်ယောက်ကတော့ သူတို့လက်ထဲမှာ ဆုံးသွားပြီ၊ ဆုံးသွားတာတော့ နှစ်လပိုင်းကတည်းက ဒီနေ့ဒီအချိန်ထိ အိမ်သူအိမ်သားတွေကို အကြောင်းကြားတာ မရှိဘူး၊ ဘယ်သူကမှ ကျနော်လက်ထဲမှာ ဆုံးသွားတယ်ဆိုတာ အကြောင်းကြားတာ လုံးဝမရှိဘူး၊ ဒါကတော့ လူတစ်ယောက်ကို ဘာမှမထင်တဲ့ပုံလို့ ကျမတို့ခံယူတယ်၊ အသက်ကြီးတဲ့ ဦးလေးကြီးတစ်ယောက်ဆို တောင်ပေါ် ခေါ်သွားတယ်၊ ပြီးရင် ပိုက်ဆံတောင်းတယ်၊ ပိုက်ဆံနဲ့ ပြန်သွားရွေးယူရတယ်၊ အခုဟော့ဖြစ်နေတာက ဦးဂျေနော်ရဲ့ ကိစ္စပေါ့နော်"

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၆ ရက်နေ့က ကွတ်ခိုင်မြို့နယ် ဂါလိုင်ကျေးရွာမှာနေထိုင်တဲ့ ကချင်မိသားစု ဦးဂျေနော်နဲ့ဇနီးကို TNLA တပ်သားနှစ်ဦးက အကြောင်းမဲ့ ရက်စက်စွာ ရိုက်နှက်ခဲ့တာနဲ့ပတ်သက်ပြီး ကျူးလွန်တဲ့သူကို စုံစမ်း စစ်ဆေးပြီး အရေးယူပေးဖို့ ကချင်အမျိုးသား ကွန်ဂရက်ပါတီက ဇူလှိုင်လ ၂၉ ရက်နေ့တုန်းက တောင်းဆို ထားပါတယ်။

အခုလို ကြေညာချက်တွေ ထုတ်ပြန်ထားပြီးတဲ့နောက် TNLA တပ်ဖွဲ့ဝင်တွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တယ် ဆိုတာတွေကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ TNLA ပြန်ကြားရေးအဖွဲ့က ဒီကနေ့ သြဂုတ်လ ၁ ရက် ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်ထားပါတယ်။

ကျူးလွန်ခဲ့သူတွေကို ရာဇသတ်ကြီး ဥပဒေပုဒ်မတွေနဲ့ အရေးယူသွားမှာဖြစ်ပြီး တရားစီရင်ရာမှာလည်း ကျူးလွန် ခံခဲ့ရသူတွေရဲ့မိသားစုဝင်တွေကို ရုံးချိန်းမှာ ဖိတ်ကြားမယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

TNLA အဖွဲ့အပေါ် လူ့အခွင့်ရေး ချိုးဖောက်တယ်၊ အကြောင်းမဲ့ ညှဉ်းပန်းနှိပ်စက်တယ်လို့ စွပ်စွဲတာနဲ့ ပတ်သက်ပြီး ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး မိုင်းအိုက်ကျော်ကို ဒီကနေ့ ဆက်သွယ်မေးမြန်းပေမယ့် ဆက်သွယ်လို့မရပါဘူး။

ပြီးခဲ့တဲ့ ဇူလှိုင်လ ၂၉ ရက်နေ့တုန်းက ဂါလိုင်ကျေးရွာသားနှစ်ဦး ရိုက်နှက်ခဲ့တာနဲ့ပတ်သက်ပြီး မေးမြန်းခဲ့ရာ မှာတော့ TNLA အနေနဲ့ လက်ရှိ စုံစမ်းမေးမြန်းနေပြီး ကျူးလွန်ရင် အပြစ်ပေးအရေးယူသွားမယ်လို့ TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောခဲ့ပါတယ်။

"အဲဒါကို အောက်ခြေကို ပြန်ပြီးမေးကြည့်တုန်းပဲ ရှိသေးတယ်၊ မြေပြင်မှာ ဖြစ်ပွားမှုရှိမရှိတော့ မသိရသေးဘူး၊ ကျူးလွန်မှုရှိရင်တော့ အရင်ကလည်း တပ်သားတွေ ကျူးလွန်ရင် တန်းပြီးအရေးယူပါတယ်၊ အောက်ခြေမှာ ပြဿနာဖြစ်ရင်ပေါ့နော်"

TNLA လူကြီးတွေအနေနဲ့ အောက်ခြေက တင်ပြတာတင်မဟုတ်ဘဲ မြေပြင် အခြေအနေအမှန်သိအောင် ပြည်သူတွေကိုပါ မေးမြန်းဖို့နဲ့ နောက်ထပ်ကျူးလွန်မှုတွေ မရှိအောင် ဆောင်ရွက်စေချင်တယ်လို့ ပြောရေးဆိုခွင့်ရှိသူ မိုင်းမိုင်က ပြောပါတယ်။

လူ့အခွင့်ရေးချိုးဖောက်မှုတွေကို ဘယ်လက်နက်ကိုင်အဖွဲ့က ကျူးလွန်သည်ဖြစ်စေ အရေးယူဖို့ တောင်းဆိုတယ်လို့ လူ့အခွင့်အရေးလှုပ်ရှားတဲ့ ညီမျှခြင်းမြန်မာအဖွဲ့က ဦးအောင်မျိုးမင်းက ပြောပါတယ်။

" TNLA အဖွဲ့ဟာဆိုလို့ရှိရင် အမျိုးသားရေးလုပ်မယ်လို့ ကြွေးကြော်ထားတဲ့အဖွဲ့ ဖြစ်ပါတယ်၊ အမျိုးသားရေး လုပ်ဆောင်တာက လူ့အခွင့်ရေးတစ်ရပ်လို့ ပြောထားသလိုမျိုး ကြွေးကြော်တဲ့ အဖွဲ့ အနေနဲ့ တခြားသော လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လုံးဝမလုပ်ဖို့အတွက် ဒါတွေကို အလေးနက်ထား ရပ်တန့် ဖို့အတွက် ကျူးလွန်မှုတွေ အရေးယူရုံတင်မကဘဲ ကျူးလွန်မှုတွေ နောက်မဖြစ်အောင် တားဆီးဖို့ အတွက် အလေးအနက်ထား တိုက်တွန်းလိုပါတယ်"


ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ ပြည်သူတွေဟာ ၂၀၀၉ ခုနှစ်ကစပြီး ပြန်လည်ဖြစ်ပွားတဲ့ တစ်ကျော့ပြန် ပြည်တွင်းစစ်မှာ အစိုးရတပ်မတော်နဲ့ တိုင်းရင်းသား  လက်နက်ကိုင်အဖွဲ့တွေရဲ့ လူ့အခွင့်ရေးချိုးဖောက်မှုတွေကို မကြာခဏခံရတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။