တရုတ်အကျိုးစီးပွားကြောင့် TNLA ကို အပစ်ရပ်ခိုင်းတာလို့ လေ့လာသူတွေသုံးသပ်
2024.09.02
မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေအကြား တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီက အဓိကစစ်တိုင်းတွေ နယ်မြေတွေကို လက်လွှတ်ဆုံးရှုံးခဲ့ရပြီးနောက်မှာ တရုတ်နိုင်ငံက မြန်မာ့အရေးမှာ အရင်ကထက်ပိုပြီး ပါဝင်စွက်ဖက်လာတာ မြင်ရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လလယ်လောက်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ မြန်မာပြည်ကိုလာရောက်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ စစ်ခေါင်းဆောင်ဟောင်း ဦးသန်းရွှေတို့နဲ့တွေ့ဆုံခဲ့ပါတယ်။ မြန်မာစစ်ကောင်စီက လာမယ့်နှစ်ကျင်းပမယ့် ရွေးကောက်ပွဲကို တရုတ်ကကူညီပေးမယ်လို့ ပြောကြားကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။
ထိုင်းနိုင်ငံခရီးစဉ်တစ်ခုမှာလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက တရုတ်ဟာ မြန်မာ့ငြိမ်းချမ်းရေးကိုထောက်ခံကြောင်းနဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို ထိန်းသိမ်းရေးအတွက် ကူညီသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
အဲဒီနောက်ပိုင်း ဩဂုတ် ၂၉ ရက်နေ့မှာ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့လုံခြုံရေးကော်မတီက တအောင်းအမျိုးသားတပ်မတော် TNLA အနေနဲ့ တိုက်ပွဲတွေ ချက်ချင်းရပ်တန့်ဖို့ သတိပေးစာပေးပို့လာပါတယ်။
တရုတ်အစိုးရက အစဉ်တစိုက်ပြောနေတဲ့အချက်တစ်ချက်က နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို တခြားနိုင်ငံက ဝင်ရောက် မစွက်ဖက်ရေးပဲ ဖြစ်ပါတယ်။ မြန်မာ့ပြည်တွင်းရေးကို တခြားနိုင်ငံတွေက ဝင်ရောက်စွက်ဖက်တာကို မလိုလားဘူးလို့လည်း တရုတ်က ပြောခဲ့တာရှိပါတယ်။ ဒါပေမဲ့ လက်ရှိအခြေအနေက တရုတ်ပြည်က မြန်မာ့အရေးကို ထင်ထင်ရှားရှားဝင်ရောက်စွက်ဖက်နေတယ်လို့ ဝေဖန်သုံးသပ်သူတွေက ပြောဆိုနေကြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကတော့ တရုတ်အစိုးရအနေနဲ့ မြန်မာနိုင်ငံ မငြိမ်မသက်ဖြစ်စေတဲ့ အဓိကအကြောင်းအရင်းက ဘာလဲဆိုတာသာ စဉ်းစားဆောင်ရွက်ဖို့ လိုအပ်နေတယ်လို့ ဝေဖန်ပါတယ်။
“မြန်မာနိုင်ငံငြိမ်းချမ်းရေးလိုလားတယ်ဆိုတာကလည်း တရုတ်ရဲ့အမျိုးသား အကျိုးစီးပွားနဲ့ တိုက်ရိုက်အချိုးကျနေတာကိုး၊ မြန်မာနိုင်ငံမှာ တည်ငြိမ်အေးချမ်းမှုတွေ မရှိရင် ရင်းနှီးမြှုပ်နှံမှုတွေ လည်ပတ်နိုင်မှာမဟုတ်ဘူး စီမံကိန်းတွေလည်း လည်ပတ်နိုင်မှာမဟုတ်လို့ ဒါ ငြိမ်းချမ်းရေးကို လိုလားတယ်ဆိုတာ မေးခွန်းထုတ်စရာမရှိပါဘူး၊ ဒါပေမယ့် ရွေးကောက်ပွဲကိုကူညီမယ်ဆိုတာတော့ မေးခွန်းထုတ်စရာအများကြီးရှိပါတယ်။ ဒီရွေးကောက်ပွဲဟာ ဒီစစ်အာဏာသိမ်းမှုဟာ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲလို့ စောင့်ကြည့်လေ့လာအဖွဲ့ကရော နိုင်ငံတကာကပါ အသိအမှတ်ပြုထားတဲ့ ရွေးကောက်ပွဲရလဒ်ကိုဆန့်ကျင်ပြီးတော့ စစ်ကောင်စီက အာဏာသိမ်းပြီးတော့ စစ်ရာဇဝတ်မှုတွေ ဆက်တိုက်ကျူးလွန်တယ်။ တိုင်းပြည်မငြိမ်မသက်မှုကို ဖြစ်စေတဲ့အဓိက အကြောင်းအရင်းဖြစ်ပါတယ်။ ဒီအကြောင်းအရင်းဖြစ်စေတဲ့ အရင်းအမြစ်ကို မကုစားဘဲနဲ့ ရွေးကောက်ပွဲကို ကူညီမယ် ရွေးကောက်ပွဲကနေ မြန်မာနိုင်ငံငြိမ်းချမ်းရေးကို သွားမယ်ဆိုတဲ့ စဉ်းစားချက်က အနာနဲ့ဆေးမတည့်တဲ့ စဉ်းစားချက်လို့ မြင်တယ်၊ မြန်မာပြည်သူလူထုရဲ့ သဘောထားကိုလည်း ထင်ဟပ်နိုင်မှာမဟုတ်ဘူးလို့ မှတ်ချက်ပြုချင်ပါတယ်”
တရုတ်-မြန်မာအရေးကျွမ်းကျင်သူ ဒေါက်တာလှကျော်ဇော ကတော့ တရုတ်အစိုးရဟာ မြန်မာ့အရေးကြောင့် သူ့ရဲ့အကျိုးစီးပွားတွေ ထိခိုက်လာမှာစိုးရိမ်နေတယ်လို့ ပြောပါတယ်။
“ဟို ဦးသိန်းစိန်လာတက်တဲ့ပွဲမှာကတည်းက ရှီကျင့်ဖျင်ပြောလိုက်တဲ့စကားတစ်ခုရှိတယ်။ သူတို့က ကုလသမဂ္ဂရဲ့ ကြီးငါးကြီးထဲမှာပါတာဖြစ်လို့ သူတို့အနေနဲ့ ကမ္ဘာပေါ်က ပဋိပက္ခတွေကို ငြိမ်းသတ်ပေးတဲ့ ဝတ္တရားရှိတယ်လို့ ပြောခဲ့တယ်။ ဒီအချိန်မှာ တရုတ်အနေနဲ့ မြန်မာ့အရေးကို တော်တော့်ကို သွက်သွက်လက်လက်လုပ်လာတာ အကြောင်းတွေရှိတယ်။ အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေက မြန်မာပြည့်အရေးကို သိပ်အလေးမထားနိုင်ဘူး။ သူတို့ကိစ္စတွေနဲ့ ရှုပ်နေတာ အမေရိကဆိုရင်လည်း သူတို့ရွေးကောက်ပွဲကိစ္စနဲ့ ဥရောပဆိုရင်လည်း ယူကရိန်းစစ်ပွဲကိစ္စရော သူတို့နိုင်ငံစီးပွားရေးကျတဲ့ကိစ္စရော အဲလိုရှုပ်ယှက်ခတ်နေတုန်း အာဆီယံဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု RCEP အာဆီယံ ၁ဝ နိုင်ငံနဲ့ပူးပေါင်းပြီး လွတ်လပ်တဲ့စျေးကွက်ကြီးဖြစ်အောင်ကြိုးစားနေတော့ မြန်မာပြည့်အရေးကို မြန်မြန်ထက်ထက် ပြီးစေချင်ပုံရတယ်”
ဆက်နွှယ်သောသတင်းများ
တိုက်ပွဲတွေ ချက်ချင်းရပ်ဖို့ TNLA ကို တရုတ် သတိပေး
တရုတ်နဲ့ စစ်ခေါင်းဆောင်တွေ့ဆုံမှု တိုက်ပွဲတွေအပေါ် သက်ရောက်နိုင်မလား
မြန်မာနယ်စပ်မှာ တရုတ်စစ်ရေးလေ့ကျင့်မှုစတင်
စစ်ရေးနိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင် ကတော့ တရုတ်အစိုးရဟာ ဘယ်အစိုးရတက်တက် သူ့ရဲ့အကျိုးစီးပွားအတွက်ကိုသာ အဓိကထားတဲ့ နိုင်ငံဖြစ်တယ်လို့ ပြောပါတယ်။
“တရုတ်က မြန်မာပြည်သူလူထုရဲ့ဆန္ဒနဲ့ သဘောထားတွေကို ဘယ်တုန်းကမှ လေးလေးနက်နက်နားထောင်တာ လက်ခံစဉ်းစားတာမရှိပါဘူး။ အခုမြန်မာပြည်မှာဖြစ်နေတဲ့ ပဋိပက္ခဟာ ပြည်သူနဲ့တိုင်းရင်းသားတွေက ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ထူထောင်လိုကြတယ် စစ်ကောင်စီက ဒါကိုအကြမ်းဖက်ဖြိုခွင်းတယ်။ တရုတ်ရဲ့ပြည်သူတစ်ရပ်လုံးကို မျက်နှာမူတယ်ဆိုတာဟာ တကယ်ကတော့ အပေါ်ယံစကားဖြစ်တယ် တကယ်က ဘယ်သူအာဏာရနေလဲ အာဏာရသူကို ထောက်ခံမှာပဲ။ အရင်က ဒေါ်အောင်ဆန်းစုကြည်အာဏာရစဉ်ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးပေါင်းဆောင်ရွက်တယ် ထောက်ခံတယ်။ အခုမင်းအောင်လှိုင်အာဏာရတော့လည်း ထောက်ခံတယ်။ ပူးပေါင်းဆောင်ရွက်တယ်။ အခုမင်းအောင်လှိုင် အာဏာရဖို့ လုပ်ချင်နေတဲ့ ရွေးကောက်ပွဲကိုလည်း သူက အသိအမှတ်ပြုတယ်။ လိုအပ်သမျှ အကူအညီပေးမယ်လို့ပြောဆိုတာက ပြည်သူတွေရဲ့ ဆန္ဒကို မထောက်ထားဘူးဆိုတဲ့ အဓိပ္ပါယ်ပဲ ဖြစ်ပါတယ်”
မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးကတော့ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မှုလုပ်ငန်းစဉ် အတွက် အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ဆက်လက်ပါဝင်မှာဖြစ်ပြီး မြန်မာနိုင်ငံမြောက်ပိုင်းက အခြေအနေတွေအတွက် ဆွေးနွေးဖို့နဲ့ ပဋိပက္ခတွေ အရှိန်လျော့ရေးအတွက် တရုတ်နိုင်ငံကဆက်လက်ပါဝင်မယ်လို့ ဩဂုတ်လ ၃၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
ရွှေလီမြို့ကောင်စီရဲ့ပေးစာနဲ့ပတ်သက်ပြီး တရုတ်ပြည်ရဲ့ မြန်မာ့အရေးကို ဝင်ရောက်စွက်ဖက်မှုအဖြစ် ပြည်တွင်းပြည်ပက မြန်မာ့ဒီမိုကရေစီရေးမှာပါဝင်နေတဲ့အဖွဲ့တွေက ပြင်းပြင်းထန်ထန်ကန့်ကွက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။