အကျဥ်းကျ NLD ထိပ်ပိုင်းခေါင်းဆောင်တွေ နှစ်ထပ်ကွမ်း ဖိနှိပ်ခံနေရ

RFA Burmese
2024.05.02
အကျဥ်းကျ NLD ထိပ်ပိုင်းခေါင်းဆောင်တွေ နှစ်ထပ်ကွမ်း ဖိနှိပ်ခံနေရ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးနေကြသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝန်းရံသူများအား ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့က တွေ့ရစဉ်။
AFP

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ ထိပ်ပိုင်းတာဝန်ရှိသူတွေကို စစ်ကောင်စီက နှစ်ရှည်ထောင်ဒဏ်တွေ ချထားပေမယ့် မိသားစုနဲ့ တွေ့ခွင့်ပါမပေးတာ နှစ်နဲ့ချီရှိလာပြီဖြစ်လို့ နှစ်ထပ်ကွမ်း ဖိနှိပ်ခံနေရတယ်လို့ မိသားစုနဲ့နီးစပ်သူတွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ထောက်ပြကြပါတယ်။

အကျဥ်းထောင် လက်စွဲဥပဒေအရ အကျဥ်းသားတိုင်းကို နှစ်ပတ်ကို တစ်ကြိမ်၊ တစ်ကြိမ်ကို ၂၅ မိနစ် မိသားစုဝင်တွေနဲ့ ထောင်ဝင်စာ တွေ့ခွင့်ပေးရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။

“နိုင်ငံရေး ခေါင်းဆောင်ပိုင်းတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ထပ်လုပ်မှာကိုလည်း စိုးရိမ်စရာ ဖြစ်နေပါတယ်”

လက်ရှိမှာ တခြားအကျဥ်းသားတွေက ဒီအခွင့်အရေးရနေပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ခေါင်းဆောင်တွေ ဒီအခွင့်အရေး မရတာဟာ ဥပဒေနဲ့မညီဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တရားလွှတ်တော်ရှေ့နေက RFA ကို ပြောပါတယ်။

“အကျဥ်းထောင် ဥပဒေအရကတော့ ရာဇဝတ်မှုနဲ့ပဲကျကျ၊ နိုင်ငံရေးနဲ့ဆက်နွယ်တဲ့ ပြစ်မှုတွေနဲ့ပဲကျကျ၊ အကျဥ်းသားရဲ့ အခွင့်အရေးအရ သူ့မိသားစုနဲ့ တွေ့ဆုံတဲ့အခွင့်အရေး အင်တာဗျူး (interview)လို့ ခေါ်တာပေါ့နော်။ ထောင်ဝင်စာ တွေ့ခွင့်ဆိုတာ ရှိရမယ်။ တွေ့ဆုံခွင့် မပေးဘူးဆိုရင် ဥပဒေနဲ့အညီ ဆောင်ရွက်တာမဟုတ်ဘူး။ ဥပဒေနဲ့ ဆန့်ကျင်ဆောင်ရွက်တာ ဖြစ်တဲ့အတွက် ဥပဒေအမြင်အရ သင့်တော်တဲ့ ကိစ္စမဟုတ်ဘူးလို့ပဲ မှတ်ချက်ပြုရမှာ ဖြစ်ပါတယ်”

ကိုဗစ်ကပ်ရောဂါကာလကတည်းက သုံးနှစ်နီးပါး ပိတ်ပင်ထားတဲ့ ထောင်ဝင်စာ လူတွေ့ခွင့်ကို တစ်လတစ်ကြိမ်ပေးမယ်လို့ ၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ စစ်ကောင်စီက ပြန်ပြီးခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

အခုလို အကျဥ်းသားအခွင့်အရေး ဆုံးရှုံးတာတွေအပြင် နိုင်ငံရေး ခေါင်းဆောင်ပိုင်းတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ထပ်လုပ်မှာကိုလည်း စိုးရိမ်စရာ ဖြစ်နေတယ်လို့ မြန်မာ့လူ့အခွင့်အရေးအဖွဲ့ (BHRN) ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးကျော်ဝင်းက ဆိုပါတယ်။

“ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ နိုင်ငံရေးခေါင်းဆောင်တွေကို အမျိုးမျိုးသော စိတ်ဖိစီးမှုတွေဖြစ်အောင် မိသားစုနဲ့ ပေးမတွေ့တာတွေရှိတယ်။ စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ နိုင်ငံတကာ ရာဇဝတ်မှု ကျူးလွန်မှု စံချိန်စံနှုန်းကတော့ တော်တော်လေးကို စံချိန်ချိုးနေတာ တစ်ခုပြီးတစ်ခုပေါ့။ သူတို့ရဲ့လုပ်ရပ်က ဒီလောက်နဲ့ရပ်တန့်နေမှာ မဟုတ်ဘူး။ ဒီထက်ပိုပြီး နိုင်ငံရေးခေါင်းဆောင်တွေအပေါ်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ နောက်ထပ် ပြုလုပ်လာနိုင်တာကို စိုးရိမ်မိတယ်”

ထောင်ချခံရပြီးကတည်းက မိသားစုနဲ့ တွေ့ခွင့်မရတဲ့သူတွေထဲမှာ NLD နာယက ဦးဝင်းထိန်၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်၊ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ နေပြည်တော် ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦး၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီဝင် (၂) ဦးမင်းသူ၊ မန္တလေးတိုင်း လျှပ်စစ်စွမ်းအင်နဲ့ ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်နဲ့ တခြားဝန်ကြီးတွေလည်းပါတယ်လို့ မိသားစုတွေနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။

သူတို့ဆီကို မိသားစုက အကန့်အသတ်နဲ့ ပစ္စည်းပေးခွင့်၊ သူတို့က မိသားစုဆီ စာပေးခွင့်ပဲရှိပြီး လူချင်း တွေ့ခွင့်မပေးတာပါ။

အဲဒီထဲမှာ ထူးခြားမှုကတော့ သမ္မတဦးဝင်းမြင့်၊ နေပြည်တော် မြို့တော်ဝန် ဒေါက်တာ မျိုးအောင်၊ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်တို့ကိုတော့ မိသားစုနဲ့ ပေးတွေ့တာရှိတယ်လို့ သိရပေမယ့် ပုံမှန် ပေးတွေ့တာလား၊ ရံဖန်ရံခါ ပေးတွေ့တာလားဆိုတာတော့ တိတိကျကျ မသိရသေးပါဘူး။

သမ္မတ ဦးဝင်းမြင့်ကို ဇနီးသည် ဒေါ်ချိုချိုက တစ်ကြိမ်သွားတွေ့ခဲ့ပြီး နောက်ပိုင်းမှာတော့ တခြားမိသားစုဝင် တစ်ယောက်ကပဲ သွားတွေ့တယ်လို့ သိထားတဲ့အကြောင်း နီးစပ်သူတစ်ယောက်က ပြောပါတယ်။

ဒေါက်တာ မျိုးအောင်ကိုတော့ ကျန်းမာရေး မကောင်းတဲ့အတွက် မိသားစုနဲ့ပေးတွေ့တာလို့ နီးစပ်သူက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့သား ကိုထိန်လင်း ခေါ် ကင်မ်အဲရစ်ဟာလည်း မိခင်ဖမ်းဆီးခံရထားရတဲ့ သုံးနှစ်ကျော်အတွင်းမှာ စာတစ်စောင်ပဲ လက်ခံရရှိခဲ့ပါတယ်။

သူ့မိခင်ရဲ့အခြေအနေနဲ့ ပတ်သက်တဲ့အကြောင်းတွေပြောပြဖို့ စစ်ကောင်စီကို ထပ်ခါတလဲလဲ တောင်းဆိုခဲ့ပေမယ့်လည်း စစ်ကောင်စီက လျစ်လျူရှုခဲ့ကြောင်း ကင်မ်အဲရစ်က RFA ကို ပြောထားပါတယ်။

ရန်ကုန်မြို့မှ အမျိုးသားဒီမိုကရေစီရုံးချုပ်အား ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်စီးနင်းခဲ့စဉ်။ (Photo: RFA)
ရန်ကုန်မြို့မှ အမျိုးသားဒီမိုကရေစီရုံးချုပ်အား ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်စီးနင်းခဲ့စဉ်။ (Photo: RFA)

အခုလို မိသားစုနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပေးမတွေ့တာဟာ နိုင်ငံရေးအရ ဓားစာခံလုပ်ထားတာလို့ နိုင်ငံရေး အကျဥ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က သုံးသပ်ပါတယ်။

“နှစ်ရှည်လည်း ထောင်ချထားတယ်။ မိသားစုနဲ့ပါ Family Interview မပေးတဲ့ ရည်ရွယ်ချက်ကိုက ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ အာဃာတ တော်တော်ကြီးတာ။ နောက်တစ်ခုက နိုင်ငံရေးအရ ပြန်ပေးဆွဲပြီးတော့ ဓားစာခံလုပ်ထားတဲ့ပုံစံမျိုး တွေ့ရတယ်”

ဒေါက်တာ ဇော်မြင့်မောင်၊ ဦးဝင်းထိန်၊ ဦးဇာနည်အောင်၊ ဦးရဲမင်းဦး၊ ဦးမင်းသူတို့က မန္တလေး အိုးဘိုထောင်မှာရှိနေပြီး ဒေါက်တာမြင့်နိုင်က မြင်းခြံထောင်၊ ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းက သာယာဝတီထောင်နဲ့ ဒေါက်တာမျိုးအောင်က ရမည်းသင်းထောင်မှာ ရှိနေပါတယ်။ ဦးဝင်းထိန်ဟာ ပြီးခဲ့တဲ့ သင်္ကြန်ကာလက အပြင်ဆေးရုံ နှစ်ရက်တက်လိုက်ရပြီး ထောင်ကို ပြန်ပို့ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်တွေမှာတော့ နွေအပူဒဏ်ကြောင့်ဆိုပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို ထောင်တွေကနေ ရွှေ့ပြောင်းလိုက်တယ်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းဌာနတချို့ကို ပြောထားပေမယ့် ဘယ်နေရာကို ပြောင်းလိုက်တယ်ဆိုတာတော့ မပြောပါဘူး။

ဒါဟာ စစ်ကောင်စီက လူသားဒိုင်းအဖြစ် အသုံးချတာလို့ ကင်မ်အဲရစ်က ဗြိတိန်အခြေစိုက် Independent သတင်းဌာနနဲ့ မေးမြန်းချက်မှာ ပြောပါတယ်။

NLD အစိုးရ ထိပ်ပိုင်းတာဝန်ရှိသူတွေကို မိသားစုနဲ့ ပေးမတွေ့ရတဲ့ အကြောင်းအရာနဲ့ပတ်သက်ပြီး မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

စစ်တပ်က အာဏာသိမ်းထားတဲ့ သုံးနှစ်ကျော်အတွင်း နိုင်ငံရေးအကျဥ်းသား နှစ်သောင်းခြောက်ထောင်ကျော် (၂၆,၅၇၈) ရှိပြီး အဲဒီအထဲက (၂၀,၃၆၅) ဦးဟာ ထိန်းသိမ်းခံနေရဆဲဖြစ်တယ်လို့ နိုင်ငံရေး အကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းရဲ့ ဧပြီ ၂၉ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။