ဦးရဲထွဋ်၊ ဦးလှဆွေနဲ့ ဦးဘိုဘိုကျော်ငြိမ်းတို့ကို သူရဦးရွှေမန်းဘက်က တရားစွဲ

0:00 / 0:00

ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးလှဆွေနဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဘိုဘိုကျော်ငြိမ်းတို့ကို ပြည်ထောင်စုလွှတ်တော်နာယကဟောင်း သူရဦးရွှေမန်းနဲ့ နီးစပ်သူတဦးက နိုင်လွတ်လုံ လို့ခေါ်တဲ့ နိုင်ငံသားများရဲ့ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနဲ့ လုံခြုံမှုကို ကာကွယ်ရေးဆိုင်ရာ ဥပဒေ ပုဒ်မ ၁ဝ နဲ့ အမှုဖွင့် တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က သူ့ကို ခုလို တရားစွဲတာကို မသိရှိရသေးကြောင်း၊ တရားစွဲတယ်ဆိုရင်လည်း သူ့အနေနဲ့ သူရဦးရွှေမန်းရဲ့လုပ်ဆောင်ချက်တွေကို ပြည်သူတွေရှေ့ မေးမြန်းခွင့်ရတယ်လို့ပဲ မြင်ကြောင်း ပြောပါတယ်။

“ မီဒီယာတွေမှာ ပါတာတော့ သူ့ရဲ့ယာဉ်မောင်းက ရဲစခန်းမှာအမှုဖွင့်ထားတယ်ဆိုပြီးပဲ သိရတယ်။ ကျနော့်ကိုလည်းကောင်း၊ ရန်ကုန်မှာရှိတဲ့ ကျနော့်အိမ်ကိုလည်းကောင်း၊ ဆက်သွယ်ပြောကြားတာတော့ မရှိသေးဘူး။ ကျနော်ကတော့ ဦးရွှေမန်းအပါအဝင် လက်ရှိအစိုးရကိုရော ဝေဖန်တာပဲ။ ဝေဖန်တာလုပ်ရင်လဲ မူဝါဒနဲ့ လုပ်ဆောင်ချက်တွေကိုပဲ ဝေဖန်တာပေါ့။ အဲဒါကိုမကျေနပ်လို့ တရားစွဲ ရင်လည်း ကျနော်ကတရားရင်ဆိုင်ဖို့အသင့်ပဲ။ တရားရင်ဆိုင်ခွင့်ရရင်တော့ ဘာပဲပြောပြော ဦးရွှေမန်းရဲ့ အတိတ်နဲ့ ပစ္စုပ္ပန်က လုပ်ဆောင်ချက်တွေအပေါ်မှာ ကျနော့်အနေနဲ့ ပြည်သူတွေရှေ့မှာ မေးခွန်းထုတ်ခွင့်ရတာပေါ့။ ကျနော်ပြောတာ ဘယ်အချက်တွေမှားနေလဲ ဘယ်အချက်က ဂုဏ်သိက္ခာထိခိုက်စေလဲ မေးမှာပေါ့ ”

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးလှဆွေကတော့ ပြီးခဲ့တဲ့ရက်က နေပြည်တော် ပုဗ္ဗသီရိရဲစခန်းက သူ့ဆီလာရောက်ပြီး သူရဦးရွှေမန်းရဲ့ယာဉ်မောင်းက သူ့ကိုတရားစွဲဆိုတဲ့ကိစ္စ အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။

“ ကျနော့်ဆီကို လွန်ခဲ့တဲ့ ၂ ရက် ၃ ရက်က နေပြည်တော် ပုဗ္ဗသီရိရဲစခန်းက ရဲစခန်းမှူးနဲ့ အမှုစစ် အရာရှိနဲ့ ရဲအရာရှိ လေးယောက်လောက်လာပါတယ်။ ဦးရွှေမန်းရဲ့ ကားသမားက တရားစွဲထားတယ် ဆိုတဲ့အကြောင်း နိုင်လွတ်လုံပုဒ်မ ၁ဝ နဲ့ စွဲထားတဲ့အကြောင်း လာအကြောင်းကြားပါတယ်။ လူထု မီဒီယာဆိုတဲ့ အွန်လိုင်းမီဒီယာအဲဒီမှာ ကျနော်တို့ ဖြေထားတာရှိတယ်။ အဲဒီဖြေထားတာမှာ တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေတယ်ဆိုတာရယ် အမျိုးသားရင်ကြားစေ့ရေးကိုထိခိုက်စေတယ် ဆိုပြီးတော့ အဲလိုပြောတယ်ဗျ။ ဘာတွေထိခိုက်စေလဲ ကျနော်လဲမသိဘူး။ နဲနဲကြီးကျယ်တယ် စကားလုံးက။ ကျနော်ကတော့ပြောတယ်။ ကျနော် လူထုမီဒီယာမှာပြောတာ အကုန်မှန်တယ်လို့ ပြောထားတယ်”

သူတို့ သုံးဦးကို နိုင်လွတ်လုံဥပဒေပုဒ်မ ၁ဝ နဲ့ တရားစွဲဆိုထားတာနဲ့ပတ်သက်ပြီး တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်က ...

“အဲဒီဥပဒေက အလွန်ဆိုးတယ်။ ၆၆ (ဃ) ကို အစားထိုးပြီးတော့ နှိပ်စက်သလိုဖြစ်နေတယ်။ အာမခံ မရဘူးဗျ။ အဲဒီပုဒ်မနဲ့ ဖမ်းရင်လေ ထောင်ဒဏ်အနည်းဆုံး ၂ နှစ်ကျနိုင်တယ် ”

ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်အပါအဝင် သုံးဦးကို တရားစွဲဆိုတာနဲ့ ပတ်သက်ပြီး သူရဦးရွှေမန်း ကို RFA က ဆက်သွယ်မေးမြန်းကြည့်တော့ သူ့ရဲ့ ကိုယ်ရေးအရာရှိက သူရဦးရွှေမန်းကို ပြန်ပြောပြပြီးမှ အီးမေးလ်ကနေ အကြောင်းပြန်မယ့်အကြောင်း ဖြေကြားပါတယ်။ ဒါပေမယ့် အမည်မဖော်လိုတဲ့ သူရဦးရွှေမန်းရဲ့မိတ်ဆွေတဦးက ဒီအမှုကို သူရဦးရွှေမန်းကိုယ်တိုင် စွဲဆိုတာမဟုတ်ဘူးလို့ ပြောပါတယ်။

နိုင်ငံသားများရဲ့ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှု နဲ့လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေပုဒ်မ (၁ဝ) အရ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားရင် ထောင်ဒဏ် အနည်းဆုံး ခြောက်လကနေ အများဆုံး သုံးနှစ်အထိ ချမှတ်ခံရနိုင်တဲ့အပြင် ငွေဒဏ် အနည်းဆုံး သုံးသိန်းကနေ အများဆုံး ၁၅ သိန်းအထိ ချမှတ်ခံရနိုင်တယ်လို့ သိရပါတယ်။

( RFA ဝိုင်းတော်သူ မခင်ခင်အိ စုစည်းတင်ပြသည်)