ကုလသမဂ္ဂရဲ့ မြန်မာ့အရေး ဆောင်ရွက်မှုအပေါ် ယုံကြည်မှုကင်းမဲ့လာ
2023.10.20

အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းမှာ လေကြောင်းတိုက်ခိုက်မှုနဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ တိုးလာပေမယ့် ကုလသမဂ္ဂအဖွဲ့ကြီးက လျစ်လျူရှုထားတာကြောင့် ယုံကြည်မှု ကင်းမဲ့လာတယ်လို့ နိုင်ငံရေး အကဲခတ်တွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။
ကုလအရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံအတွက် အထူးအကြံပေးကောင်စီ (SAC-M) က ကုလသမဂ္ဂဟာ မြန်မာပြည်သူတွေအတွက် အရေးယူ ကိုင်တွယ်ဖြေရှင်းရမယ့် တာဝန်ဝတ္တရားတွေ ပျက်ကွက်နေကြောင်း အောက်တိုဘာ ၃ ရက်နေ့က အစီရင်ခံစာထုတ်ပြီး ထောက်ပြဝေဖန်ထားပါတယ်။
နိုင်ငံတကာ အရပ်ဘက် အဖွဲ့အစည်း ၄၄၀ ကလည်း ကုလသမဂ္ဂအနေနဲ့ မြန်မာ့အရေးကိုဖြေရှင်းရာမှာ မအောင်မြင်တဲ့ အာဆီယံ ဘုံသဘောတူညီတွေနောက်မှာ ပုန်းအောင်းမနေဘဲ မြန်မာပြည်သူတွေကို အကာအကွယ်ပေးရမယ်လို့ အောက်တိုဘာ ၁၇ ရက်နေ့က အိတ်ဖွင့်ပေးစာ ပေးပို့ပြီး တောင်းဆိုထားပါတယ်။
“နိုင်ငံတကာ အဖွဲ့အစည်းကြီးတစ်ခုဖြစ်ပေမယ့် မျှတမှုမရှိဘဲ တစ်ဖက်သတ် ဆန်နေတယ်”
လူ့အခွင့်အရေးအဖွဲ့တွေက ဘယ်လောက်ပဲတောင်းဆိုပါစေ ကမ္ဘာ့အခြားနိုင်ငံတွေမှာဖြစ်နေတဲ့ ပြဿနာတွေက ပိုကြီးနေတာကြောင့် ကုလသမဂ္ဂက မြန်မာ့အရေးကို ဘာမှလုပ်ပေးနိုင်မှာ မဟုတ်ဘူးလို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇောက ပြောပါတယ်။
“ကုလသမဂ္ဂက သူက ဒီလိုလေ၊ ဒီလောက်ကိစ္စတွေ တခြားကိစ္စတွေ ရှုပ်ယှက်ခတ်နေတဲ့အချိန်မှာ မြန်မာပြည်အရေးကတော့ ဘာမှ သူသိပ်လုပ်နိုင်မယ် မထင်ဘူး။ အရင်တုန်းကလည်း ဘာမှလုပ်နိုင်တာ မဟုတ်ဘူး။ သူဒီလိုပဲ ပြောနေတာပဲလေ။ ဘာဖြစ်လို့လဲဆိုတော့ ဥပမာ အခုအစ္စရေးနဲ့ ပါလက်စတိုင်းကိစ္စပဲ ကြည့်လေ။ အဲတော့ ဒီကိစ္စတွေနဲ့လည်း သူ့မှာ ရှုပ်ယှက်ခတ်နေတာ။ ကျွန်မကြည့်တယ်၊ ဘာမှ မြန်မာပြည်အရေး လုပ်နိုင်မှာမဟုတ်ပါဘူး။”
ကုလသမဂ္ဂ လူ့အခွင့်အရေး အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ (IIMM) ကလည်း မြန်မာနိုင်ငံမှာ ပြင်းထန်တဲ့ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ မြင့်တက်လာကြောင်း စက်တင်ဘာ ၁၁ ရက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီထံ တင်ပြတဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
မြန်မာစစ်တပ်နဲ့ ဆက်စပ်နေတဲ့ စစ်သွေးကြွအဖွဲ့တွေဟာ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်တဲ့ အကြိမ်အရေအတွက် ပိုများလာရုံတင်မကဘဲ အရှက်အကြောက် ကင်းမဲ့စွာနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လာတယ်လို့လည်း သြဂုတ်လ ၈ ရက်နေ့က ထုတ်ပြန်တဲ့ IIMM ရဲ့ နှစ်ချုပ်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ရုရှားနဲ့ တရုတ်တို့ ဗီတိုအာဏာသုံးနိုင်တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဖွဲ့စည်းပုံကို မပြောင်းသရွေ့ တာဝန်ယူဖြေရှင်းဖို့ ဆက်ပြီးပျက်ကွက်နေဦးမှာပဲလို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ထောက်ပြပါတယ်။
“ကုလသမဂ္ဂအနေနဲ့ကတော့ တာဝန်ယူနိုင်စွမ်း မရှိပါဘူးနော်။ ပျက်ကွက်နေပါတယ်။ ခုနက လုံခြုံရေးကောင်စီမှာ ပါဝင်တဲ့ဖွဲ့စည်းမှုကြောင့် ဖြစ်ပါတယ်။ အဲဒီတော့ လုံခြုံရေးကောင်စီရဲ့ ဖွဲ့စည်းမှု၊ တစ်နည်းအားဖြင့် ဖွဲ့စည်းပုံကို မပြောင်းလဲနိုင်သေးသမျှ ဒီလိုပဲ ပြဿနာတွေကို ကုလသမဂ္ဂအနေနဲ့ တာဝန်ယူဖြေရှင်းဖို့ ပျက်ကွက်နေတာတွေ ဆက်ပြီးဖြစ်နေဦးမယ့် သဘောရှိတယ်လို့ ယူဆပါတယ်”
မြန်မာစစ်ကောင်စီဘက်ကနေ ရပ်တည်ကာကွယ်ပေးနေတဲ့ ရုရှားနဲ့ တရုတ် လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်တွေ ဖြစ်နေသရွေ့ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို လက်တွေ့ အကောင်အထည်မဖော်နိုင်ဘဲ အာဆီယံအဖွဲ့အပေါ်ကိုသာ ပုံချထားလိမ့်မယ်လို့လည်း ဦးသန်းစိုးနိုင်က ပြောပါတယ်။
Fortify Rights ရဲ့ လူ့အခွင့်အရေး ကျွမ်းကျင်သူ ဦးဇော်ဝင်းကတော့ တရုတ်နဲ့ ရုရှားတို့ ဗီတိုအာဏာ လွယ်လွယ်မသုံးအောင် စည်းရုံးဖို့လိုအပ်တယ်လို့ ပြောပါတယ်။
“တရုတ်ရယ်၊ ရုရှားရယ် လက်ရှိသူတို့ကို စည်းရုံးရေးလုပ်ရမှာပေါ့နော်။ မြန်မာပြည်သူဘက်က ရပ်တည်နေတဲ့ တခြားအင်အားကြီးနိုင်ငံတွေကိုလည်း စည်းရုံးရေးလုပ်ပြီးတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာပေါ့နော်၊ ဒီလိုမျိုး ဗီတိုတွေ အချမခံရအောင်ပေါ့နော်၊ ဘယ်ဆုံးဖြတ်ချက်မဆို သူတို့က အပေါ်ကဖယ်ရှားပြီးတော့ ပယ်နေတာပေါ့နော်၊ အဲဒီလို ပယ်ချလို့မရအောင် ကျွန်တော်တို့က စည်းရုံးရေးလုပ်ရမှာပေါ့”
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အနေနဲ့ မြန်မာနိုင်ငံတွင်း ချွင်းချက်မရှိ လွတ်လပ်စွာ သွားလာလေ့လာခွင့်ရမှသာ လက်ရှိဖြစ်ပျက်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို သိသာအောင် ဖော်ထုတ်နိုင်ပြီး မြန်မာ့အရေး တိုးတက်လာမှာ ဖြစ်တယ်လို့လည်း ဦးဇော်ဝင်းက ပြောပါတယ်။
လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Türk ကတော့ စက်တင်ဘာ ၂၆ ရက် ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ ကုလလူ့အခွင့်အရေးကောင်စီရဲ့ ၅၄ ကြိမ်မြောက် အစည်းအဝေးမှာ မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေတွေက ပိုဆိုးလာပြီး နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) ကို လွှဲပြောင်းပေးဖို့ လုံခြုံရေးကောင်စီကို တိုက်တွန်းခဲ့ပါတယ်။
စက်တင်ဘာ ၁၁ ရက်ကနေ အောက်တိုဘာ ၁၃ ရက်ထိ တစ်လကျော်ကြာ ကျင်းပခဲ့တဲ့ အဲဒီအစည်းအဝေးအတွင်း မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ တင်ပြချက်တွေကို စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၄ ရက်နေ့မှာ ချက်ချင်း ကြေညာချက်ထုတ်ပြီး ကန့်ကွက်ခဲ့ပါတယ်။ အဲဒီအစည်းအဝေးအတွင်း မြန်မာနဲ့ပတ်သက်တဲ့ ဆွေးနွေးချက်တွေဟာ နိုင်ငံတစ်နိုင်ငံတည်းကိုပဲ ဦးတည်ပစ်မှတ်ထားတဲ့ လက်ခံနိုင်စရာမရှိတဲ့ စွပ်စွဲချက်တွေ ဖြစ်တယ်လို့ စစ်ကောင်စီက ဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။
ဒါကြောင့် စစ်တပ်အရာရှိဟောင်းတွေနဲ့ စုဖွဲ့ထားတဲ့ သေနင်္ဂ မဟာဗျူဟာ လေ့လာရေးအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကို ဆက်သွယ်မေးမြန်းတဲ့အခါ ကုလလူ့အခွင့်အရေးကောင်စီဟာ နိုင်ငံတကာ အဖွဲ့အစည်းကြီးတစ်ခုဖြစ်ပေမယ့် မျှတမှုမရှိဘဲ တစ်ဖက်သတ် ဆန်နေတယ်လို့ တုံ့ပြန်ပါတယ်။
“နံပါတ် (၁) က အခုလောလောဆယ် လက်ရှိဖြစ်နေတဲ့ အစ္စရေး-ပါလက်စတိုင်းပေါ့၊ အစ္စရေးနဲ့ ဟားမက်စ် ပြဿနာမှာတောင် ရုရှားကနေပြီးတော့ လူ့အခွင့်အရေး ဖောက်ဖျက်မှုအပိုင်းတွေ၊ အရပ်သား သေကြေပျက်စီးမှုတွေ ဒါတွေကို ရှောင်ရှားဖို့ တင်တဲ့အဆိုကို လုံခြုံရေးကောင်စီမှာ မဲခွဲဆုံးဖြတ်တာမှာ ရှုံးနိမ့်သွားခဲ့တယ်။ လူ့အခွင့်အရေးကောင်စီက အဲဒီလိုကိစ္စတွေကို မကိုင်တွယ်ဘဲနဲ့ ဘာကိစ္စ မြန်မာ့အရေးကို ပိုပြီးဦးစားပေးနေ သလဲဆိုတာ ကျွန်တော်တို့က နံပါတ် (၁) မေးခွန်းထုတ်စရာရှိတယ်။ သူတို့ဟာက နိုင်ငံတကာ အဖွဲ့အစည်းကြီးဖြစ်ပြီးတော့ တစ်ဖက်သတ် ဆန်နေတယ်လို့ပဲ ကျွန်တော်တို့ သုံးသပ်ပါတယ်”
အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇော်ကတော့ စစ်ကောင်စီဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှုတွေ ပိုတိုးလုပ်လာတာကြောင့် မြန်မာ့အရေးကို လုံခြုံရေးကောင်စီကတစ်ဆင့် နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) ထံ အမြန်ဆုံး လွှဲပြောင်းသင့်တယ်လို့ ပြောပါတယ်။
“မြန်မာနိုင်ငံမှာ ဒီအကြမ်းဖက် စစ်ကောင်စီကနေပြီးတော့ အရပ်သား ပြည်သူလူထုအပေါ်မှာ ရက်ရက်စက်စက် ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေ တစ်နေ့တခြား ပိုပိုပြီးတော့ များပြားလာတယ်။ အဲဒီအတွက်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေပြီးတော့ အရေးယူ ဆောင်ရွက်သင့်တယ်။ နောက်ပြီးတော့ ဒီရာဇဝတ်မှု ကျူးလွန်နေတဲ့ ရာဇဝတ်ကောင်တွေကို နိုင်ငံတကာ တရားရုံးမှာ အပြစ်ပေး အရေးယူနိုင်ဖို့အတွက်ကို ICC ကို လွှဲပြောင်းသင့်တယ်ဆိုတာ အစဉ်မပြတ် ပြောနေပါတယ်။”
ကုလသမဂ္ဂ လုံခြုံရေးကောင်စီဟာ ၂ဝ၂၂ ခုနှစ် ဒီဇင်ဘာလမှာ မြန်မာ့အရေးနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်ခဲ့ပါတယ်။ အဲဒီဆုံးဖြတ်ချက်ထဲမှာ စစ်ကောင်စီအနေနဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့၊ အာဆီယံနဲ့ရထားတဲ့ သဘောတူညီချက်တွေကို အမြန်ဆုံး အကောင်အထည်ဖော်ဖို့နဲ့ မြန်မာပြည်သူတွေရဲ့ မဲဆန္ဒကို လေးစားလိုက်နာဖို့ တိုက်တွန်းချက်တွေ ပါဝင်ပါတယ်။
အဲဒီတိုက်တွန်းချက်တွေကို အခု ၁၀ လနီးပါးကြာတဲ့အထိ စစ်ကောင်စီက ဘာတစ်ခုမှမလိုက်နာပေမယ့် ကုလသမဂ္ဂနဲ့ လုံခြုံရေးကောင်စီက ထိထိရောက်ရောက် အရေးမယူနိုင်တဲ့အပေါ် ဝေဖန်မှုတွေ မြင့်တက်ပြီး ယုံကြည်မှုကင်းမဲ့လာတာဖြစ်ပါတယ်။