အကူအညီပေးရေး ပိတ်ဆို့ထားတာ စစ်ရာဇဝတ်မှုမြောက်

စောဖိုးခွား (ဝါရှင်တန်ဒီစီ)
2023.07.02
အကူအညီပေးရေး ပိတ်ဆို့ထားတာ စစ်ရာဇဝတ်မှုမြောက် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့က တွေ့ရစဉ်။
အညာပစ်တိုင်းထောင်လေးများ

စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေဟာ စိုးရိမ်ဖွယ်အဆင့်ကို ရောက်နေပြီး၊ အကူအညီလိုအပ်နေတဲ့ ဒုက္ခသည်တွေဆီ သွားလို့မရအောင် အာဏာသိမ်း စစ်ကောင်စီက ပိတ်ပင်ထားတာကြောင့် ပိုဆိုးလာနေပြီး ဒါဟာ စစ်ရာဇဝတ်မှုမြောက်တယ်လို့ ကုလသမဂ္ဂက သတိပေးလိုက်ပါတယ်။

အကူအညီပေးလို့မရအောင်ပိတ်ထားတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်တဲ့လုပ်ရပ်ဖြစ်ပြီး၊ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်တွေပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်တယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ အခုနောက်ဆုံးထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြလိုက်ပါတယ်။

"အစီရင်ခံစာမှာ ရှင်းရှင်းလင်းလင်းဖော်ပြထားတဲ့အတိုင်း လူသားချင်းစာနာမှုအကူအညီတွေကို ရည်ရွယ်ချက်ရှိရှိ ငြင်းပယ်တာ ဒါမှမဟုတ် ပိတ်ပင်ထားတာဟာ နိုင်ငံတကာ ဥပဒေတွေကို ပြင်းပြင်းထန်ထန် ချိုးဖောက်ရာရောက်ပါတယ်။ လက်နက်ကိုင် ပဋိပက္ခအတွင်းမှာ အခုလို အကူအညီပေးခွင့် ရည်ရွယ်ချက်ရှိရှိ ပိတ်ထားတာဟာလည်း လူတွေကို သတ်ဖြတ်တာ၊ ညှဉ်းပန်းနှိပ်စက်တာ၊ ငတ်ပြတ်အောင်လုပ်တာ၊ ပြစ်ဒဏ်စုပေါင်းချတာတွေလိုပဲ စစ်ရာဇဝတ်မှု မြောက်နိုင်ပါတယ်၊ လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်နိုင်ပါတယ်"

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး ပြောခွင့်ရှိသူ Ravina Shamdasani က ဇွန်လ ၃ဝ ရက်နေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အဲလိုပြောခဲ့တာပါ။

စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင်း နေရာဒေသ တော်တော်များများမှာ လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေပါတယ်။ မြန်မာ့လူဦးရေရဲ့ သုံးပုံတစ်ပုံဖြစ်တဲ့ ၁၇.၆ သန်းက အကူအညီတွေ လိုနေတယ်လို့လည်း ကုလသမဂ္ဂက ပြောပါတယ်။

လတ်တလော မိုခါမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ရခိုင်ပြည်နယ်မှာ အကူအညီ အများဆုံးလိုအပ်နေပေမဲ့ စစ်ကောင်စီကတော့ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေ ဝင်ခွင့်မပေးဘဲ ပိတ်ပင်ထားပါတယ်။

ဒါ့အပြင် တိုက်ပွဲတွေပြင်းထန်နေတဲ့ တခြားဒေသတွေမှာလည်း အကူအညီပေးရေးအဖွဲ့တွေ သွားလာခွင့်မရဖြစ်နေပြီး စစ်ကောင်စီဟာ ဖြတ်လေးဖြတ်စနစ်ကို ကျင့်သုံးနေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ မြန်မာ့အရေး အဖွဲ့ခေါင်းဆောင် James Rodehaver ကလည်း ပြောပါတယ်။

"မြန်မာစစ်တပ်ဟာ သူတို့နယ်မြေထိန်းချုပ်မှု အသာစီးရဖို့အတွက် စစ်သုံးလက်နက်တွေ ပိုသုံးပြီး အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်နေပါတယ်။ စစ်တပ်ဟာ ဖြတ်လေးဖြတ် ဗျူဟာကို အဓိက ကျင့်သုံးပါတယ်။ ရိက္ခာတွေမရောက်အောင် ဖြတ်တောက်တာ၊ ငွေကြေးနဲ့ သတင်းအချက်အလက်ဖြတ်တောက်တာ စစ်တပ် ဆန့်ကျင်သူတွေ လူသစ်မစုဆောင်းနိုင်အောင် ဖြတ်တောက်တာတွေကို အဓိကလုပ်ပါတယ်"

"အရပ်သားတွေနေတဲ့ နေရာတွေကို လက်နက်ကြီးတွေနဲ့ ပစ်တယ်၊ လေကြောင်းသုံးပြီး တိုက်ခိုက်တယ်။ ရွာတွေကို မီးရှို့တယ်။ ကိုယ့်ရွာတွေကို ပစ်ပြီးပြေးကြတဲ့ ဒုက္ခသည်တွေရွာကို ပြန်မလာရဲအောင် မြေမြှုပ်မိုင်းတွေ ထောင်တယ်။ တကယ်ပဲ မြန်မာစစ်တပ်ဟာ ဒီလိုနည်းတွေသုံးပြီး ပြည်သူတွေကို အကြောက်တရား သွတ်သွင်းနေတယ်"

လူသားချင်းစာနာမှု အကူအညီပေးသူတွေကို စစ်တပ်က ရန်သူသဖွယ်ဆက်ဆံပြီး သတ်ဖြတ်နေတယ်လို့လည်း သူကပြောပါတယ်။

"အကူအညီပေးဖို့သွားတဲ့သူတွေဟာ တရားမဝင်အဖွဲ့နဲ့ ဆက်သွယ်တယ်ဆိုပြီး စွပ်စွဲခံရတယ်။ အကူအညီပေးဖို့သွားရုံနဲ့ ဖမ်းဆီးအပြစ်ပေးခံနေရတယ်လို့ ကျွန်တော်တို့ကြားရပါတယ်။ အကူအညီပေးရေးအလုပ်တွေ လုပ်နေတုန်း၊ ပစ္စည်းတွေသွားပို့နေတုန်း စစ်ကောင်စီရဲ့ ဖမ်းဆီးသတ်ဖြတ်ခံရမှုကြောင့် သေဆုံးရတဲ့သူ အနည်းဆုံး အယောက် ၄ဝ ရှိနေပါပြီ"

မြန်မာစစ်ကောင်စီဟာ ကလေးငယ်တွေ၊ အကူအညီပေးရေး လုပ်ကိုင်နေသူတွေအပါအဝင် အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်မှာထုတ်ပြန်တဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာလည်း ဖော်ပြပါတယ်။

၂ဝ၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ ဒီနှစ်ဧပြီလအထိ စစ်ကောင်စီနဲ့ စစ်ကောင်စီနဲ့ ဆက်နွယ်တဲ့ အဖွဲ့အစည်းတွေလက်ထဲမှာ လူပေါင်း ၃၅ဝဝ သေဆုံးခဲ့ရပြီး နှစ်သောင်းနှစ်ထောင်နီးပါး ဖမ်းဆီးခံထားရတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

ကုလသမဂ္ဂရဲ့ အစီရင်ခံစာတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ဘာမှတုံ့ပြန်တာမရှိသေးပါဘူး။ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို မေးမြန်းဖို့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမကိုင်ပါဘူး။

စစ်ကောင်စီအနေနဲ့ အကြမ်းဖက်မှုတွေ ရပ်တန်းကရပ်ဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရော၊ ဒေသတွင်း အာဆီယံနိုင်ငံတွေရဲ့ ဘုံသဘောတူညီချက်မှာပါ ထည့်တောင်းဆိုထားပါတယ်။

ဒါပေမဲ့ စစ်ကောင်စီဟာ အဲဒါတွေကို လိုက်နာခြင်းမရှိဘဲ အကြမ်းဖက်မှုတွေ ဆက်ကျူးလွန်နေတယ်လို့ နိုင်ငံတကာက ထောက်ပြပါတယ်။

ဒါကြောင့် ကုလလုံခြုံရေးကောင်စီအနေနဲ့ အရေးယူမှုတွေပါတဲ့ ဆုံးဖြတ်ချက်မျိုး ချသင့်သလို၊ အာဆီယံအနေနဲ့လည်း နည်းလမ်းပြောင်းပြီး မြန်မာ့အရေးကို ချဉ်းကပ်ဖို့ ထောက်ပြပြောဆိုတာတွေ ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။